ထွက်မြောက်ရာကျမ်း ၁၂
၁၂:၁–၁၀ လွတ်မြောက်ကြမည့်ညတွင် ကြိုတင်လုပ်ဆောင်ရမည့်အချက်များ ဘုရားသခင်က မောရှေနှင့် အာရုန်အား အသေးစိတ်ညွှန်ကြားသည်။ သခင်ခရစ်တော်ကို ပုံဆောင်သော သိုးသူငယ်များ (၁ကော ၅:၇) ပြင်ဆင်ထားခိုင်းသည်။ အပြစ်ပြောစရာ အနာအဆာကင်းမဲ့သော စင်းလုံးချာသိုးသူငယ်၊ အခါလည်မလွန်သေးသော သိုးထိန်းကို အဆင်သင့်လုပ်ခိုင်းထားသည်။ ထိုသိုးသူငယ်၏ ကြန်အင်လက္ခဏာသည် ခရစ်တော်၏ ခြောက်ပြစ်ကင်း သဲလဲစင်ဘဝ၊ လူ့ဇာတိဆန္ဒနှင့် လွတ်ကင်းမှုကို ပုံဆောင်သည်။ လဆယ်လေးရက်နေ့တိုင်အောင် စောင့်ထားပြီးမှ ဆိုသည်မှာ ခရစ်တော်ဘုရား နာဇရက်တွင် နှစ်ပေါင်း (၃၀)တိုင် စောင့်နေထိုင်၍ ဘုရားသခင်က ဆန်းစစ်ခြင်းကို ပုံဆောင်သည်။ ထို့နောက် (၃)နှစ်တာ လူအပေါင်းအား တရားဒေသနာ တိုက်ကျွေးပြီးသောအခါ ဣသရေလတို့၏ လက်ချက်ဖြင့် အသက်စွန့်လွှတ်ခဲ့ရသည်။ လူယုတ်မာတို့၏ လက်ထဲသို့ အသက်အပ်နှံခဲ့သည် (တ ၂:၂၃)။ နေ့လည်ခင်း နံနက်(၉)နာရီနှင့် (၁၁)နာရီအကြား၊ (၉)နာရီအချိန်တွင် စတင် သတ်ပစ်ကြသည် (မ ၂၇:၄၅-၅၀)။ ဣသရေလတို့သတ်သော သိုးသူငယ်များ၏ အသွေးအား မီးကင်ခြင်းသည် လူသားများ၏ အပြစ်ကြောင့် ဘုရားသခင်က ခရစ်တော်အပေါ် အမျက်ဒေါသကျရောက်ခြင်းနှင့် တူပါသည်။ သိုးသူငယ်၏ အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရသည်ဆိုသည်မှာ ခရစ်တော်၏ ခန္ဓာကိုယ်ကို ယုံကြည်သူလူအများက မှီတင်းရသည့် ပုံဆောင်သည်။ ထိုသို့မှီတင်းနေထိုင်ခြင်းသည် အပြစ်ဒုစရိုက် ကင်းမဲ့သောသမ္မာတရား၌ ကျင်လည်ခြင်းဖြစ်၍ စစ်မှန်သော နောင်တနှင့်အတူ ခရစ်တော်၏ ဆင်းရဲ ဒက္ခဝေဒနာများကို အမြဲအောက်မေ့ သတိရစေပါသည်။ သိုးသူငယ်၏ အရိုးကို တစ်ချောင်းမှ မကျိုးစေရ (ငယ် ၄၆)ဆိုသည်မှာ စကားပြေအတိုင်း အဓိပ္ပါယ်ရှိ၍ ခရစ်တော်ဘုရားအသေခံရာတွင် အရိုးတစ်ချောင်းမှ မကျိုးခြင်းကို ရည်ညွှန်းသည် (ယော ၁၉:၃၆)။
၁၂:၁၁–၂၀ ပထမဆုံးအကြိမ် လွတ်မြောက်ခြင်းသည် ခရီးရှည်စတင်ချီတက်ခြင်းဖြစ်သည်။ ယနေ့ယုံကြည်သူများသည်လည်း သာဝက ခရီးသည်များအဖြစ် အလင်းထဲတွင် ခရီးရှည်ထိုးဖောက် ချီတက်ရသည်။ ထိုသို့လွတ်မြောက်ခြင်းကို ပဿခါဟု ခေါ်သည်။ သိုးသူငယ်၏ အသွေးတံခါးတိုင်တွင် သုတ်လိမ်းသူများမှာ ဘုရားသခင်က လွတ်မြောက်ခြင်းအခွင့် ပေးသူများဖြစ်၍ ထိုမှတပါးအခြားနာမ မရှိ။ (ပဿခါပွဲ) လွတ်မြောက်စေခြင်းသည် ဖြတ်သွားခြင်းမဟုတ်ကြောင်း Cole က ဤသို့ရှင်းပြသည်။
pesah ဟူသော ဝေါဟာရမှ စကားလုံးပြောင်းလဲ သုံးစွဲခြင်းဖြစ်၍ “ကျော်သွားခြင်း” “ခုန်ကျော်ခြင်း” ဟုအနက်ရသည်။ ဤနေရာတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်သည် ဣသရေလလူမျိုးအား သီးသန့် ရွေးထုတ်ခြင်းဖြစ်သည်။၁၀
ထိုလွတ်မြောက်ခင်း အထိမ်းအမှတ်ဖြစ်သော ပဿခါပွဲကို ဣသရေလဘာသာရေး ပြက္ခဒိန်အရ ပထမလ၏ဆယ်လေးရက်နေ့ (ငယ် ၂)တွင် ကျသည်။ တဆေးမဲ့မုန့်ပွဲတော်နှင့်လည်း ဆက်စပ်သည်။ ထိုပထမဦးဆုံး ပဿခါညတွင် ဣသရေလလူတို့သည် အဲဂုတ္တုပြည်မှ ကမန်းကတန်း ထပြေးခဲ့ကြရသဖြင့် တဆေးလုပ်ဖို့လည်း အချိန်မရကြ (ငယ် ၃၄-၃၉)။ ထိုပွဲကို (၇)ရက်လုံးလုံး ကျင်းပရခြင်းသည် သုတ်ခြေတင် ထွက်ပြေးရသောနေ့ရက်များကို အမှတ်ရစေလိုသောကြောင့်ဖြစ်သည်။ ထို့ပြင်တဆေးသည် အပြစ်ကိုပုံဆောင်ခြင်းဖြစ်သည်။ သိုးသူငယ်အသွေးဖြင့် ထိုအပြစ်များကို ဆေးကြော သန့်စင်ပေးခြင်းဖြစ်သည်။ အပြစ်နယ်မြေ အဲဂုတ္တုပြည်ကို ကြောခိုင်းခဲ့ပြီးဖြစ်သည်။ တဆေးမပါသောမုန့်ကို စားသုံးသူများသည် လူ့လောကဇာတိကို ကျောခိုင်းသူများဖြစ်၍ သာဝကခရီးနှင်သူများဖြစ်သည်။
၁၂:၂၁–၂၇ သိုးသူငယ်အသွေးကို တံခါးတိုင်၊ ထုပ်များ၌ ဟုဿုပ်ညွှန့်ဖြင့် သုတ်လိမ်းကြဖို့ မောရှေက ဣသရေလလူကြီးများသို့ ညွှန်ကြားသည်။ ဟုဿုပ်ညွှန့်သည် တစ်ဦးချင်း၏ ယုံကြည်မှုကို သရုပ်ဖော်ခြင်းဖြစ်၍ ခရစ်တော်၏ အသွေးတော်အားကိုးစားခြင်းကို ပုံဆောင်သည်။ ထိုသို့ဖြင့် ပထမဦးဆုံးအကြိမ် ပဿခါပွဲသည် ဣသရေလလူမျိုးသမိုင်းတွင် မော်ကွန်းတင် ကျန်ရစ်ခဲ့သည်။
၁၂:၂၈–၃၀ ထိုနေ့ရက်၏ည ညဉ့်လယ် သန်းခေါင်ယံသည် ခြောက်ခြားတုန်လှုပ်ဖွယ်ရာ အမှောင်မိုက်ဆုံးည ဖြစ်ခဲ့လေသည်။ အဲဂုတ္တုတစ်ပြည်လုံးတွင် အိမ်တိုင်း အိမ်တိုင်း ခြုံးပွဲချသိမ့်သိမ့်တုန်အောင် ပူဆွေး ငိုကြွေးကြရသည်။ သားဦးရှိသော အိမ်တိုင်း သားဦးမသေသော အိမ်ဟူ၍ မရှိ။ မတတ်သာသော အခါ ဖာရောမင်းသည် လက်မြှောက်အရှုံးပေး၍ ဣသရေလတို့အား အဲဂုတ္တုပြည်မှ ထွက်ခွာခွင့်ပြုလိုက်သည်။
၇။ အဲဂုတ္တုပြည်မှလွတ်မြောက်ကြခြင်း (၁၂:၃၁–၁၅:၂၁)
(က) ပင်လယ်သို့ ဦးတည်ပြေးကြခြင်း (၁၂:၃၁–၁၃:၂၂)
၁၂:၃၁–၃၇ အပိုဒ်ငယ် (၃၁)တွင်ပါရှိသော မောရှေနှင့်ဖာရောမျက်နှာချင်း ဆိုင်တွေ့ဆုံခြင်းသည် ညှိနှိုင်းတိုင်ပင်ခြင်းမဟုတ် (၁၀:၂၉ ကိုကြည့်) တပည့်က သခင်အားတွေ့ဆုံခြင်းမျိုးဖြစ်သည်။ ဖာရောမင်းက တစ်ကြိမ်ကြိမ်တွင် ဒူးထောက်အညံ့ခံမည့်အကြောင့် မောရှေက သတိပေးထားပြီးဖြစ်သည် (၁၁:၈)။
ဣသရေလတို့သည် သုကုတ်အရပ်သို့ ဦးတည်ပြေးကြသည်။ ထိုမြို့သည် ပါလက်စတိုင်းနယ်မှ သုကုန်မဟုတ်။ အမည်တူခြင်းဖြစ်သည် (က ၃၃:၁၇)။ အဲဂုတ္တုသားများကလည်း ဣသရေလတို့ ထွက်ပြေးကြလျှင် ကျေနပ်သည့်သဘောဖြင့် တောင်းဆိုသမျှကို အကုန်ပေးလိုက်ကြသည်။ ဟေဗြဲတို့ တောင်းဆိုသည်မှာလည်း ဖာရောမင်း လုပ်ကျွေးခဲ့သမျှ တန်ရာတန်ကြေးများသာဖြစ်သည်။ ထိုရရှိသော ပစ္စည်းများဖြင့် လမ်းစရိတ်လုပ်ကြ၍ ဘုရားသခင်၏အမှုတော်ပြုကြသည်။ အဲဂုတ္တုပြည်မှ စတင်ထွက်ကြစဉ် လူပေါင်း ခြောက်ထောင်ခန့်နှင့် မိန်းမ၊ ကလေးများပါဝင်သည်။ ၈:၃၈ တွင်ယောက်ျားပေါင်း ၆၀၃၅၅၀ ဖြစ်သည်ဟု အတိအကျ မှတ်တမ်းတင်ထားသည်။ စုစုပေါင်း လူဦးရေ (၂၀)သိန်းခန့်ရှိမည်။
၁၂:၃၈–၃၉ ထိုစတင်ထွက်ပြေးကြသည့်နေ့ရက်ကာလကို အမျိုးမျိုးပြောကြသည်။ အများစုက ဘီစီ ၁၄၄၀ ခုနှစ်ဟု ယူဆကြ၍ အချို့ကျမ်းစာပညာရှင်များက ဘီစီ ၁၂၉၀ သို့မဟုတ် ထို့နောက်ပိုင်းဟု ဆိုကြသည် (နိဒါန်းကိုလည်းကြည့်)။ ထိုသို့ ထွက်ပြေးကြစဉ် ဣသရေလလူမျိုးစင်စစ်များသာမက၊ လူစိမ်းများလည်း ရောနှောပါလာကြသည်။ NASH ကျမ်းမူ တော ၁၁:၄ တွင် ထိုသူများကို ‘ဗရမ်းဗတာ လူစု‘ ဟု ခေါ်ဆိုသည်။ ထိုသူများသည် သူတို့အပေါ် ဘုရားခင်၏ ကောင်းမြတ်မှုကို ဆင်ခြေပေးသူများ ဖြစ်သည်။
၁၂:၄၀–၄၂ အပိုဒ်ငယ်(၄၀)နှင့် က ၁၅:၁၃-၁၄ သည်ယှည်ကြည့်စရာကျမ်းချက်ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် အဲဂုတ္တုပြည်၌ နှစ်ပေါင်း ၄၃၀ ကျွန်ခံကြရသည်ဟု ဆိုသည်။ ထိုကာလသည် အစမှ အဆုံး နေ့ရက်ကာလအတိအကျဖြစ်ပေမည်။ ထိုနေ့ရက် ကာလကွဲပြားခြင်းထက် အရေးကြီးသောအချက်မှာ ဘုရားသခင်သည် ဘယ်သောအခါမှ ကတိတော်မပျက်သည့် အကြောင်း ဖြစ်သည်။ ဣသရေလလူမျိုးသို့ ပေးထားသော ကတိတော်ကို မမေ့။ ပြုထားသော ကတိတော်အား ပြီးပြည့်စုံစေသည်။ ရွေးနှုတ်ခြင်း ကတိတော်ကိုလည်း မပျက်။ အချိန်မကျရောက်မီ လူများက ဆန္ဒစောခြင်းသာ ဖြစ်သည် (၂ပေ ၃:၉)။ အချိန်နေ့ရက် ကျရောက်အသောအခါ မောရှေက သူ့လူများအား ခေါ်ထုတ်သွားသကဲ့သို့ ယုံကြည်သူများကိုလည်း ခရစ်တော်ဘုရား ခေါ်ဆောင်သွားမည်။
၁၂:၄၃–၅၁ ဘုရားရှင်က အမိန့်ပြန်သည်မှာ အရေဖျားလှီးသူများသာလျှင် ထိုပဿခါပွဲတော်သို့ ပါဝင်ဆင်နွှဲနိုင်သည်။ မွေးစားသားသမီးများ၊ ဣသရေလအမျိုးကို မှီခိုသူများသည်လည်း အရေဖျားလှီးပြီးလျှင် ပါဝင်နိုင်သည်။ လူမျိုးခြားများနှင့် အစေခံကျွန်အိမ်ဖော်များ ပါဝင်ဆက်ဆံခွင့်မရှိ။