ထွက်မြောက်ရာကျမ်း ၄
(ခ) မောရှေစိတ်မပါခြင်း (၄:၁–၁၇)
၄:၁–၉ မောရှေသည် သူ့လူများက သူ့စကားအား မယုံကြည်မှာကို သံသယဝင်နေသည်။ အပိုဒ်ငယ် ၁၁-၁၅တွင် ထိုကြောက်စိတ်ဖယ်ရှားပေးပုံတွေ့ရမည်။ ထို့ကြောင့် ကြောက်စိတ်မဝင်ရန် ဘုရားသခင်က အံ့ဖွယ်နိမိတ် (၃)ပါးပေးထားသည်။ (၁)ပထမဦးစွာ တောင်ဝှေးအား မြေကြီးပေါ်သို့ ပစ်ချခိုင်းရာ မြွေဖြစ်သွားသည်။ ထိုမြွေအား အမြီးမှဖမ်းကိုင်ရာ တောင်ဝှေးပြဖြစ်သည်။ (၂) သူ့လက်အား အင်္ကျီထဲသို့သွင်းခိုင်းရာ အနူလက် ဖြစ်သွားသည်။ နောက်တဖန် ပြန်သွင်းရာ အကောင်းပကတိပြန်ဖြစ်သည်။ (၃)နိုင်းလ်မြစ်ရေအား မြေကြီးပေါ်မှာ သွန်ခိုင်းရာ သွေးဖြစ်ကုန်သည်။
ဤလက္ခဏာများသည် ဣသရေလလူများက မောရှေအား ဘုရားသခင်စေလွှတ်သူအဖြစ် ယုံကြည်စေမည့် နိမိတ်များဖြစ်သည်။ မြွေသည်စာတန်ဖြစ်၍ ဘုရားသခင်က စေလိုရာစေပုံ၊ လူ့လက်သည် အပြစ်ဒုစရိုက်ပြုလုပ်ရာ၊ အသွေးသည်ဣသရေလလူများအား အသွေးတော်ဖြင့် ရွေးယူသည့် အတိတ်နိမိတ်များ ဖြစ်သည်။
၄:၁၀–၁၇ မောရှေသည် ချီတုံချတုံဖြစ်နေသည်။ သူကိုယ်တိုင်က နှုတ်သတ္တိမရှိသောကြောင့် ဗျာဒိတ်တော်ကို စိတ်မချရဲ။ သို့နှင့် ဘုရားသခင်က မောရှေ၏ အစ်ကိုအာရုန်အား မောရှေအား ကူညီပြောဆိုပေးရန် စီရင်ခန့်အပ်ပေးသည်။ သို့ဖြင့် မောရှေသည် ဘုရားသခင်ကို ယုံကြည်သက်ဝင်လာသည်။ လူ့အစွမ်းအစဖြင့် မဆောင်ရွက်နိုင်သော ကိစ္စများ ဘုရားသခင် အစီအစဉ်တော်တွင် ရှိနှင့်ပြီဟု ယုံကြည်သိမှတ်သည်။ ယခုမူဘုရားသခင်ဗျာဒိတ် တော်ပေါ်တွင် လွတ်လပ်စွာ တည်မှီရဲနေပြီ။ ယနေ့ ခေတ်ကာလတွင်လည်း ဘုရားသခင်သည် ယုံကြည်သူများအား မည်သည့် အစွမ်းအစ အရည်အချင်းရှိကြောင်း မေးလေ့မေးထမရှိပါ။ မောရှေသည် အရည်အချင်း အကောင်းဆုံးဖြစ်၍ ဘုရားသခင်က ရွေးချယ်ခြင်း မဟုတ်။ ဒုတိယအကောင်းဆုံးသာဖြစ်သည်။ ထို့ကြောင့် မောရှေနှင့် ဓာတ်တူကိုယ်တူဘဝတူ ထမ်းဆောင်နိုင်ဖို့ အာရုန်ကို ခေါ်ယူခွဲခန့် ပါရမီဖြည့်စေသည်။ မောရှေသည် အာရုန်အား လုပ်ဖော်ဆောင်ဘက်ကောင်းဟု ခံယူခဲ့သည်။ သို့သော် အချိန်ကာလ ကြာလာ၍ သူ့လူများအား ရွှေနွားရုပ်ပြုလုပ်ကိုးကွယ်စေသောအခါ အတားအဆီး၊ ခလုပ်ကန်သင်း (အခန်းကြီး ၃၂) ဖြစ်ခဲ့ရသည်။
(ဂ) အဲဂုတ္တပြည်သို့မောရှေပြန်ရောက်ခြင်း (၄:၁၈–၃၁)
၄:၁၈–၂၃ မိဒျန်ပြည်သို့ နှစ်ပေါင်း(၄၀)ကျင်လည်ပြီးနောက် မောရှေသည် ဘုရားသခင်၏ အမိန့်တော်နှင့် ပေသရော၏ ကောင်းကြီးမင်္ဂလာအရ အဲဂုတ္တုပြည်သို့ ပြန်သွားသည်။ မောရှေတွင် သားယေဖောရ၊ ဂေရရှုံနှင့် ဧလျာဇာတို့ ထွန်းကားသည် (၁၈:၂-၄)။အပိုဒ်ငယ်(၂)တွင် ပါရှိသော တောင်ဝှေးသည် အပိုဒ်ငယ်(၂၀)တွင် ဘုရားသခင်၏လှံတံတော် ဖြစ်လာသည်။ သာမန်အသေးအဖွဲ့ အရာဝတ္ထုများသည် ဘုရားသခင်အသုံးပြုလျှင် တန်ခိုးလက္ခဏာရှိသွားကြသည်။ ဘုရားသခင်သည်မောရှေကိုအသုံးပြု၍ ဖာရောမင်းရှေ့တွင် အံ့ဘွယ်အမှုအရာများပြသည်။ ရောဂါကပ်ဆိုးအမျိုးမျိုးသင့်စေသည်။ ဘုရားသခင်သည် ဖာရောမင်း၏ စိတ်နှလုံးမာကျောပုံကိုသိသည်။ ရောဂါကပ်ဆိုးအမျိုးမျိုးပြသသော်လည်း မာန်မာနလျော့ချခြင်းမရှိ။ သမ္မာကျမ်းစာတွင် သားဦးဟူသောဝေါဟာရသည် အဓိပ္ပါယ်အမျိုးမျိုးဖော်ဆောင်သုံးစွဲလေ့ရှိသည်။ ဤကျမ်းပိုဒ်တွင်စကားပြေအတိုင်းသုံးထားပါသည်။ ပထမဦးဆုံးမွေးဖွားသောသားဖြစ်ပါသည်။ အကယ်၍ ဖာရောမင်းက ဗျာဒိတ်တော်စကားလိုက်နာခြင်းမရှိလျှင် သူ့သားများကိုသေစေမည်ဟု သတိပေးခိုင်းလိုက်သည်။
၄း၂၄-၂၆ သို့သော် မောရှေသည် ထိုသတင်းစကားအား မပြောကြားနိုင်။ သူ့သားနှစ်ယောက်အား သူ့မိန်းမက အရေဖျားလှီးရန် ငြင်းဆန်ခဲ့သောကြောင့် နာခံခြင်းပျက်ကွက်ခဲ့သည်။ ဘုရားသခင်က မောရှေအားသေစေရန် အပြင်းအထန် အသဲ အသန်ဖျားစေသောအခါ သူ့မိန်းမကသားများအား စိတ်ဆိုးမာန်ဆိုးဖြင့် အရေဖျားလှီးပေးသည်။ သို့ဖြင့် ဇိပေါရက သူ့ခင်ပွန်းမောရှေအား “အသွေး၌ တည်သောလင်” ဟုခေါ်သည်။ ထိုသို့ယုံကြည်ခြင်းအားနည်းသောကြောင့် မောရှေသည် သူ့မိန်းမအား သားနှစ်ယောက်နှင့်အတူ ယောက်ခမထံပြန်ပို့ ခဲ့သည်။(၁၈း၂-၃)
၄:၂၇–၃၁ အာရုန်သည် အဲဂုတ္တုပြည်သို့ ပြန်လာသော မောရှေအား ခရီးဦးကြိုပြုသည်။ ညီအစ်ကိုနှစ်ယောကစလုံး ဣသရေလလူအုပ်ရှေ့တွင် မတ်တပ်ရပ်၍ အဲဂုတ္တုပြည်မှ ကယ်ထုတ်ကြမည့်သတင်းကောင်း ဟောပြောကြသည်။ ယုံကြည်ခြင်းရှိကြစေရန် ဘုရားသခင်ပေးသော အံ့ဖွယ် လက္ခဏာ(၃)ပါးကိုလည်း ပြသကြသည်။ လူထုပရိတ်သတ်အပေါင်းတို့သည်လည်း ယုံကြည်ကြသဖြင့် ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ကြသည်။