ထွက်မြောက်ရာကျမ်း ၃
၃။ မောရှေအားခေါ်ယူခြင်း (အခန်း ၃၊၄)
(က) ယေဟောဝါဘုရားကိုယ်ထင်ပြခြင်း (အခန်း ၃)
၃:၁–၄ ပေသရော၏ဆိတ်သိုးအုပ်များကို ထိန်းကျောင်းခြင်းဖြင့် မောရှေသည် ခေါင်းဆောင်မှု အတတ်ပညာများစွာ သင်ယူရရှိသည်။ ဟောရပ်(သိနာတောင်)တွင် သိုးများ ထိန်းကျောင်းနေစဉ် ဘုရားသခင်သည် မီးလောင်နေသောခြုံပုတ်ထဲမှ မောရှေအား ကိုယ်ထင်ပြသည်။ သို့သော် ထိုခြုံပုတ်သည် တကယ်တမ်းမီးလောင်ကျွမ်းခြင်းမရှိ၊ ခြုံပုတ်သည် ဘုရားသခင်၏ ဘုန်းတန်ခိုးထူးမြတ်ပုံကို ပုံဆောင်ခြင်း ဖြစ်သည်။ မီးလောင်သော်လည်း ခြုပုတ်အမှန်တကယ်မီးလောင် ပြာမကျခြင်းမှာ ဣသရေလလူမျိုးများ ညှဉ်ပန်းနှိပ်စက်ခြင်း အမျိုးမျိုး ကြံတွေ့ ခံစားကြရသော်လည်း ဆုံးခန်းတိုင် မရောက်မည့်အကြောင်း နိမိတ်ပြခြင်းဖြစ်သည်။ လူမျိုးတော်ရှေ့တွင် ဘုရားသခင်က ကာကွယ်စောင်မမည့်အကြောင်းဖြစ်သည်။ အချို့ ဣသရေလတို့၏ ဘဝကံကြမ္မာသရုပ်ဖော်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည်လည်း ဘုရားသခင်အမှုတော်အတွက် လောင်ကျွမ်းသင့်ကြပါသည်။ သို့သော် ဘဝဆုံး မီးလောင်ပြာကျခြင်းမရှိသည်ကို သတိပြုခံယူနိုင်ရသည်။
၃:၅ ဘုရားသခင်က မောရှေအား သူ့လူမျိုးကို အဲဂုတ္တုပြည် အစေခံကျွန်ဘဝမှ ကယ်ထုတ်၍ ကတိတော်မြေ ခါနာန်ပြည်သို့ ခေါ်ဆောင်သွားရန် စေခိုင်းသည်၊ အပိုဒ်ငယ် (၈)တွင် ပျားရည်နှင့် နို့စီးရာ ကတိတော်မြေသို့ ရွေးနှုတ်သွားမည့် လူမျိုးစာရင်း မှတ်တမ်းတင်ထားသည်။ သန့်ရှင်းဟူသော ဝေါဟာရကို ဤနေရာတွင် ပထမဦးဆုံး သုံးနှုန်းထားသည်။ ထိုမြေသည် သန့်ရှင်းသောမြေဖြစ်သော်ကြောင့် ဘုရားသခင် အသံတော်က မောရှေအား ဘိနပ်ချွတ်ခိုင်းသည်။
၃:၆ ဘုရားသခင်က သူသည် မောရှေ၏ ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားဖြစ်သည်ဟု ထပ်မံအတည်ပြုသည်။ ထိုအကြောင်းအရာနှင့် ဆက်နွယ်မှု အရေးကြီးပုံကို Cole က ဤသို့ရှင်းပြသည်။
မောရှေသည် သူ့လူမျိုးအတွက် သတင်းကောင်း၊ ဘုရားမှန်သတင်းစကား တစ်ခုမှ မသိပါ။ သို့သော် ဘုရားသခင်၏ ဗျာဒိတ်တော်ဖွင့်ပြခြင်းဖြင့် ဘုရားတရား သိရှိသွားကြသည်။ တ ၁၇:၂၃ တွင် ရှင်ပေါလုက အေသင်သားများသို့ ပြောသောအခါ အမည်မသိဘုရားနှင့် ယှဉ်ဖတ်ကြည့်ပါ။ မိမိကိုယ်ကို ကိုယ်ထင်ပြတော်မူသော ဘုရားရှင်သခင်သည် ရာစုနှစ်ပေါင်းများစွာ ကြာလာသောအခါ ခရစ်တော်အဖြစ်ပေါ်ထွန်းလာသည်။ ထိုစဉ်အခါက မောရှေသို့ ကိုယ်ထင်ပြ၍ ကတိတော်ပြုခဲ့သော ဘုရားရှင်သည် ဣသရေလတို့ လူမျိုးထဲတွင် အမှန်တကယ် ပေါ်ထွန်းလာ၍ မေရှိယသခင် တဖန်ပေါ်လာသည်။၄
၃:၇–၁၂ ဘုရားသခင်က မောရှေအား ဖာရောမင်းထံသို့ စေလွှတ်မည်ဟု ပြောသောအခါ မောရှေက အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍ ဟုငြင်းဆိုသည်။ သူ့ပင်ကိုယ်အရည်အချင်းကို သိသည်။ သူမသွားရဲ။ မလုပ်ဆောင်ရဲ။ သို့သော် ဘုရားသခင်က မောရှေနှင့် အတူ ကိုယ်တိုင်ပါရှိမည့်အကြောင်း ကတိပေးသည်။ ဤတောင် (သိနာတောင်)ပေါ်မှာ ဣသရေလလူများ ဘုရားသခင်ကို ဝတ်ပြုကြရမည်ဟု ဗျာဒိတ်တော်ပေးလိုက်သည်။ ထိုအကြောင်းကို J.Oswald က ဤသို့မှတ်ချက်ပြုသည်။
မောရှေက သူ့ကိုယ်သူယုံကြည်မှုမရှိသည့်အကြောင်း အားနည်းချက် ဝန်ခံထားသည်။ အပိုဒ်ငယ်(၁၁)တွင် သူ၏ သိမ်ငယ်ပုံ၊ အပိုဒ်ငယ်(၁၃)တွင် သတင်းစကား မဟောပြောတတ်ပုံ၊ ရေနစ်သူဝါးကူထိုးမှားမည့်ပုံ (၅:၂၃)၊ သူ့စကားအရာမရောက်မည့် အကြောင်း (၆:၁၂) တို့တွေ့ရသည်။ ထို့ထက်ပြောရလျှင် အရည်အချင်းမပြည့်ဝသည့် အချက်အလက်များစွာ ရှိနိုင်ပါသည်။ သို့သော် မိမိကိုယ်တွင် အရည်အချင်းမရှိပါဟု သိရှိခြင်းသည် ဘုရားသခင်စိတ်တော်နှင့် ထိတွေ့ရာဖြစ်သည်။ ထိုစိတ်သဘောထားမျိုး ဘုရားသခင်အလိုရှိသည်။ “ဘုရားသခင်သည် အမျက်တော်ထွက်၍” (၄:၁၄)ဟု ဆိုထားသည်။ ဘုရားသခင်က မောရှေကို ရွေးချယ်သော်လည်း မောရှေက မဖြစ်နိုင်သည့်ဘက်မှ ဆင်ခြေဆင်လက်ပေးသည်ကို သင်ခန်းစာ ယူတတ်ရမည်။၅
၃:၁၃–၁၄ သူ့လူများထံသို့ ပြန်သွားဦးလျှင်၊ မည်သူစေလွှတ်ရသည်ဟု ပြောရမည်နည်း။ မည်သည့်စကား ပြောရမည်နည်းဟု မောရှေက မေးခွန်းထုတ်သည်။ ဤနေရာတွင် ဘုရားသခင်က သူသည် ယေဟောဝါဘုရား ဖြစ်ကြောင်း ပထမဆုံးအကြိမ် တန်ခံသည်ကိုတွေ့ရမည်။ ဘုရားသခင်က သူသည် “ငါဖြစ်သည်” ဟု ဆိုသည်။ ယေဟောဝါဟူသော စကားလုံးကို ‘Yahweh’ စာလုံးပေါင်းသည်။ ‘ဟေဗြဲ ဘာသာဖြင့် hàyàh သည် “ဖြစ်ပေါ်လာသည်” ဟု အနက်ရသည်။ ဤနာမတော်ကို ဗျည်း(၄)လုံးဖြင့်ရေးထားသည်။ YHWH ဟု ရေး၍ အင်္ဂလိပ်ဘာသာ စကားတွင် အသံထွက်ဖတ်နိုင်အောင် သရများဖြည့်စွက်ခြင်း ဖြင့် Jehovah ဟု စာလုံးပေါင်းလာကြသည်။ ဘုရားသခင်၏ နာမတော်ဖြစ်၍ Elohim, Adonai ဟုလည်းခေါ်ကြသည်။ YHWH ဟူသော ဟေဗြဲဗျည်းကို အသံထွက်မှန်ကန်ပီသစွာ မည်သူမှ မဆိုနိုင်ကြပါ။ သို့သော်အနီးစပ်ဆုံးဖြစ်အောင် ‘Yahweh’ ဟု ခေါ်ဆိုနိုင်ကြသည်။ YHWH သည် ဘုရားနာမတော်ဖြစ်သော ယုဒဘာသာထုံးတမ်းစဉ်လာအရ ပီပီသသမခေါ်ရ။ အပြစ်သားလောကသားများက ဘုရားသခင်၏ နာမတော်ကို ခေါ်ဆိုနိုင်ခွင့်မရှိ။ ခေါ်ဝေါ်ဖို့ရန်မတန်ဟု ခံယူကြသည်။ နာမတော် အပြည့်အစုံမှာ ငါဖြစ်သည့်အတိုင်း ငါဖြစ်သည် ဟု လည်း ပြန်ဆိုနိုင်သည်။
၃:၁၅–၂၂ ဘုရားသခင်က မောရှေအား ရဲဆေးတိုက်ကျွေးသဖြင့် မောရှေသည် သူ့လူများထံသို့ သွား၍ ဘုရားသခင် ဗျာဒိတ်ပေးသည့်အတိုင်း ရှင်းပြသည်။ ဖာရောဘုရင်ထံဝင်၍ ဟေဗြဲလူမျိုးအား ဘုရားသခင်ဝတ်ပြု ပူဇော်ဖို့ သုံးရက်ခရီးအခွင့်တော်ပေးသည်။ ထိုစကားသည် မုသာစကားမဟုတ်ပါ။ ဖာရော၏ စိတ်သဘောထားကို ဆန်းစစ်ထောက်ကြည့်ခြင်းဖြစ်သည်။ ထိုကာလက အဲဂုတ္တုပြည်၌ ဟေဗြဲများအား တိရစ္ဆာန်သတ်ခွင့် မပြုပါ။ ဖာရောဘုရင်က မောရှေစကားငြင်းဆိုမည့် အကြောင်းကိုလည်း ဘုရားသခင်သိနှင့်သည်။ ထို့ကြောင့် အပိုဒ်ငယ်(၂၀)တွင် အဲဂုတ္တုပြည်၌ ကပ်ဆိုးကျရောက်ည့်အကြောင်း တွေ့ရမည်။ ဟေဗြဲအမျိုးသမီးများသည် အဲဂုတ္တုအမျိုးသမီးများထံမှ လက်ဝတ်တန်ဆာများ တောင်းဆိုခိုင်းသည်။ ဣသရေလမိန်းမများသည် သူများထံမှ ချေးငှါးသုံးစွဲခြင်းဓလေ့မရှိကြ။ လက်ဝတ်လက်စား၊ အဝတ်အစားများ ငှါးမဝတ်ကြ (KJV)။ NKJVကျမ်းမူတွင် တောင်းယူကြသည် ဟု ဆိုသည်။ မသမာသောနည်းဖြင့် လိမ်လည်ခြင်းမဟုတ်။ လုပ်အားအခဖြစ်သာ တောင်းဆိုကြသည်။