ထွက်မြောက်ရာကျမ်း ၁
၁။ အဲဂုတ္တုပြည်တွင် ဣသရေတို့၏ ဝန်ထုပ်ဝန်ပိုး (အခန်း ၁)
၁:၁–၈ ကျမ်းစာအစတွင် “အဲဂုတ္တုပြည်သို့ ရောက်လာသော ဣသရေလသားတို့၏အမည်ဟူမူကား” (ဟေဗြဲ Weélleh Shemôth) ဟုအစချီထားသည်။ ယုဒတို့ဝသီရှိသည့်အတိုင်း ထွက်မြောက်ရာကျမ်းတွင် အစပြုသူများဖြစ်သည်။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာခံစားကြပုံကို အားကျလေစွ။ လူနာမည်များသာ ဖြစ်သော်လည်း ကွန်ပျူတာများက ရေတွက်မမှီနိုင်အောင် ကောင်းကြီးခံစားကြရသည်။ ယေရှုခရစ်တော်က သိုးထိန်းများဟု ခေါ်ဝေါ်၍ ယော ၁၀:၃ တွင် “သိုးထိန်းသည် မိမိသိုးတို့ကို နာမည်ဖြင့် ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏” ဟု ဆိုထားပါသည်။ ဣသရေလများသည် အဲဂုတ္တုပြည်သို့ သိုးထိန်းများအဖြစ် စေလွှတ်သော်လည်း လက်တွေ့တွင်မူ ကျေးကျွန်များဖြစ်နေကြသည်။ သို့သော်လည်း သိုးထိန်းကြီး ဖြစ်သော ဘုရားသခင်က ပြန်လည်ခေါ်ထုတ်ဖို့ စီစဉ်ပါသည်။
ထိုကာလတွင် ယာကုပ်အမျိုးအနွယ်ဝင် လူဦးရေ(၇၀)ရှိသည်။ (က ၄၆:၈-၂၇ ကိုလည်းကြည့်ပါ) ထို လူပေါင်းခုနစ်ဆယ်သည် သိန်းသန်းပေါင်းများစွာပေါက်ဖွားလာကြသည်။ သိနာတောင်ကိုဦးတည်၍ ခါနာန်ပြည်သို့ ချီတက်ရာတွင် လူပေါင်း(၆၀၃,၅၅၀)ရှိသည် (တော ၁:၄၆)။ အပိုဒ်ငယ် ၆နှင့် ၇တွင် ပါရှိသော အကြောင်းအရာများသည် ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းကြားကာလဖြစ်သည်။ အပိုဒ်ငယ်(၈)တွင် ဘုရင်အသစ်ပေါ်ထွန်းသည်ဟု ဆိုသည်။ ယောသပ်ကွယ်လွန်ပြီးနောက်ပိုင်းတွင် နန်းတက်သော ဘုရင်သစ်ဖြစ်သောကြောင့် ယောသပ်မျက်နှာကို မထောက် ယောသပ်အမျိုးကို အသိအမှတ်မပြုဘဲ နှိပ်ကွက်သသည်။
၁:၉–၁၀ ဣသရေလလူမျိုးသည် အဲဂုတ္တုပြည်တွင် လူဦးရေ ဆထက်တန်ဖိုး ကြီးပွားကြသောကြောင့် အဲဂုတ္တုဖာရောဘုရင် စိုးရိမ်လာသည်။ ထို့ကြောင့်အကြံတစ်မျိုးထုတ်ရတော့သည်။ တကယ်စစ်ဖြစ်လာလျှင် အဲဂုတ္တုပြည်ကိုရန်ပြု အခွင့်ကောင်းယူနိုင်ကြသည်ဟု ရိပ်မိသည်။ ထို့ကြောင့် ဟေဗြဲအမျိုးသား မတိုးပွားနိုင်အောင် ယောက်ျားသားများကို သုတ်သင်ဖို့ကြံဆောင်သည်။ သမ္မာကျမ်းစာတွင်မွေးစ ယောက်ျားကလေးများကို သတ်ဖြတ်ရှင်းလင်းသည့် မင်းဆိုးမင်းညစ်(၃)ပါး ဖာရော၊ အာသလိ(၄ရာ ၁၁) နှင့် ဟေရုဒ် (မ ၂)တို့ ပေါ်ဖူးသည်။ ထိုသို့ ရုန့်ရင်းကြမ်းတမ်းစွာ ကလေးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် စာတန်က မေရှိယသခင်ကို လိုက်လံ ပိတ်ပင်တားဆီးခြင်း လုပ်ရပ်ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ကတိတော်ကိုမမေ့ (က ၃:၅)။
၁:၁၁–၁၄ ဖာရောဘုရင်သည် ယုဒကျွန်များဖြင့် ပိသုံနှင့် ရာမသက်မို့ကို တည်ဆောက်သည်။ အမျိုးမျိုးအဖုံဖုံညှဉ်းပန်းနှိပ်ကွပ်သော်လည်း ဟေဗြဲများသည် လျော့နည်းခြင်းမရှိသည့်အပြင် တိုးမြဲတိုးလာကြသည်။ ဖာရောဘုရင်က ညှဉ်းပန်းနှိပ်စက်သော်လည်း ဘုရားသခင်အမြင်တွင်မူ ကောင်းသည်။ အဲဂုတ္တုပြည်မှ ကတိတော်မြေသို့ ကန္တာရခရီးဖြတ်သန်းဖို့ရန် အလေ့အကျင့်ဖြစ်စေသည်။ ဒူပေဒဏ်ပေ ခံနိုင်အောင် လေ့ကျင့်ခြင်းဖြစ်သည်။
၁:၁၅–၁၉ ဖာရောဘုရင်က ဟေဗြဲ ဝမ်းဆွဲဆရာမကြီး ရှိဖရ နှင့် ပုအာ အားခေါ်ယူ၍ ဟေဗြဲမိန်းမများ သားဖွားကြလျှင် လည်ပင်းညှစ်သတ်ဖို့ စေခိုင်းသည်။ သို့သော် ဖာရောမင်းခိုင်းသကဲ့သို့ မပြုလုပ်ကြ။ ဟေဗြဲမိန်းမများသည် ကျန်းမာရေးကောင်းမွန် ပြည့်စုံကြသောကြောင့် ဝမ်းဆွဲဆရာမ အထွေအထူးမလိုဘဲ၊ မိမိတို့အစီအစဉ်ဖြင့် မွေးကြသည်။ ဝမ်းဆွဲဆရာမ မရောက်မီ မွေးပြီးကြသည် ဟု ဖာရောမင်း အား ပြန်လျှောက်ကြသည်။ ထိုအဖြစ်အပျက်မှာ အမှန်တကယ်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေလည်းများသည်။ သန်မာထွားကျိုင်းသော မိန်းမများသည် သားဖွားရာတွင် အလွယ်တကူမွေးနိုင်ကြသည်။
၁:၂၀–၂၂ သားဖွားဆရာမများအကြောင်းကို The Daily Notes of the Scripture Union က ဤသို့ ဆိုသည်။
အပိုဒ်ငယ် ၂၁ တွင်ပါရှိသည့်အတိုင်း ဝမ်းဆွဲဆရာမများသည် လောကအမိန့်ထက် ဘုရားသခင်ကို ကြောက်ရွံ့သူများဖြစ်သည်။ မိသားစုအတွက် ဘုရားသခင် စီရင်ခန့်အပ်သော ဝမ်းဆွဲဆရာမများ ဖြစ်သည်။ မွေးကင်းစကလေးများ သတ်ပစ်ခြင်းသည် ထိုသို့သတ်ပစ်ရုံမျှဖြင့် ကိစ္စမပြီး။ ကိုယ်ကျင့်တရား မိုက်မဲခြင်းဖြစ်သည်။ လူ့လောကတွင် အပြစ်ဒုစရိုက်ပေါင်းစုံရှိပါသည်။ လောကမင်း၏ အမိန့်ကိုနာခံရမှာ ဖြစ်သော်လည်း မတော်မတရားမှုကိစ္စမျိုးတွင် ဘုရားသခင်ကို ပိုမိုကြောက်ရွံ့သင့်ပါသည်။ “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏ အစ ဖြစ်ပါသည်။“
ဖာရောဘုရင်က ဟေဗြဲဝမ်းဆွဲဆရာမများအား မိမိတို့အမျိုးကို အတင်းသတ်ဖြတ်ခိုင်းသော်လည်း မလုပ်ကြ။ ဘုရားမျက်နှာတော်ကို ကြည့်ရှုကြသည်။