တမန်တော်ဝတ္ထု ၂၀
၂၀:၁ တမန်တော်ကြီးသည် ဧဖက်မှ မာကေဒေါနိပြည်သို့ တိုက်ရိုက်ခရီးထွက်ကြောင်း တွေ့ရသည်။ ကောရိန္သုသြဝါဒ ဒုတိယစာစောင်မှာမူ ပထမဦးစွာ တရောသို့ အရင်သွားကြောင်း ဆိုထားသည်။ ထိုနေရာတွင် ဧဝံဂေလိတရားဟောကြားခွင့် အခွင့်အရေးကောင်း ကြုံကြိုက်သဖြင့် တရားလိုက်ဟောသည်။ စိတ်ထဲမှာမူ ကောရိန္သုမှလာသော တိတုနှင့် တွေ့ဆိုဖို့ စိတ်ဝင်စားနေသည်။ သို့သော် တိတုနှင့်မဆုံသဖြင့် အရှေ့မြောက်ဒေသရှိ မာကေဒေါနိပြည်သို့ ခရီးဆက်နှင်သည်။ ခရီးဆက်သွားနေစဉ် မူလအစီအစဉ်တွင် မပါပဲလျက် နာပိုလစ်တွင် ရပ်နားပြီး ဖိလိပ္ပိရပ်ရွာများထဲသို့ လှည့်လည်သည်။ မာကေဒေါနိမှာ ရှိနေစဉ် တိတုနှင့်တွေ့ဆုံ၍ ကောရိန္သု၏ သတင်းစုံကိုကြားသိခဲ့ရသည်။ ထိုကာလတါင် ကောရိန္သုသြဝါဒ ဒုတိယစာစောင် ထပ်မံရေးသားသည်။ (အေဒီ ၅၆) (၂ကော ၁:၈၊ ၉၊ ၂:၁၂-၁၄၊ ၇:၅-၇ ကိုကြည့်ပါ)။
၂၀:၂–၃ (က) မာကေဒေါနိပြည်တွင် တရားလိုက်လံဟောကြားပြီးသောအခါ ဂရိပြည်တောင်ပိုင်း အခါယသို့ ခရီးဆက်သည်။ ကောရိန္သုတွင် (၃)လတင်းတင်းနေခဲ့သည့်ကာလတွင် ရောမသြဝါဒစာနှင့် ဂလာတိသြဝါဒစာ ရေးသားသည်ဟုယုံကြည်ကြသည်။
၂၀:၂–၃(ခ) မာကေဒါနိပြည်တွင် တရားလိုက်လံဟောကြားပြီးသောအခါ ဂရိပြည်တောင်ပိုင်း အခါယသို့ ခရီးဆက်သည်။ ကောရိန္သုတွင် (၃)လတင်းတင်းနေခဲ့သည့်ကာလတွင် ရောမသြဝါဒစာနှင့်ဂလာတိသြဝါဒစာ ရေးသားသည်ဟု ယုံကြသည်။
၂၀:၃(ခ) ပထမအစီစဉ်တွင် ကောရိန္သုကိုဖြတ်၍ ရှုရိသို့ ခရီးသွားရန်ဖြစ်သည်။ သို့သော်လည်း အချို့နေရာများတွင် ယုဒလူမျိုးများက အသက်အန္တရာယ်ကြံစည်ကြသောကြောင့် အစီအစဉ်ကို ပြောင်းလွယ်ပြင်လွယ်လုပ်ကာ အနောက်မြောက်ဒေသရှိ မာကေဒေါနိအရပ်သို့တဖန်ခရီးဦးလှည့်ခြင်းဖြစ်သည်။
ဗေရိမြို့သား သောပတရု။ ရော ၁၆:၂၁ တွင် သောသိ ပတရုဟုဆိုသည်။ အတူတူဖြစ်သည်။
အာရိတ္တာခု။ သက်သာလေနိတ်သား၊ ဧဖက်မြို့ ရုန်းရင်းဆန်ခတ်မှုတွင် သေလုနီးပါးဖြစ်ခဲ့သူ (တ ၁၉:၂၉)။ ရောမမြို့ အကျဉ်းထောင်တွင် ပေါလုနှင့်အတူတူထောင်နန်းစံသူ။ (ဖိ ၂၄၊ ကော ၄:၁၀)။
သေကုန္ဒု။ သူလည်း သက်သလေနိတ်သား၊ ပေါလုနှင့်အတူ အာရှဒေသ၊ တရောနှင့် မိလက်တားအရပ်များသို့ သာဝကခရီးဖော်။
ဒေရဗေမြို့သားဂါယု။ ဧဖက်မြို့ လူထုအဓိကရုဏ်းတွင် ဖမ်းဆီးခံရသော မာကေဒေါနိသားမဟုတ်ပါ (တ ၁၉:၂၉)။ ရောမမြို့တွင် ပေါလုတည်းခိုလေ့ရှိသော အခြားဂါယု (ရော ၁၆:၂၃) ဖြစ်သည်။ ရှင်ယောဟန်သြဝါဒ တတိယစာစောင်မှ ဧဖက်မြို့မှ ဂါယုလည်း နောက်တစ်ယောက်ဖြစ်သည်။ ဂါယုဟူသော နာမည်သည် လူသုံးများသော နာမည်ဖြစ်သည်။
တိမောသေ။ ရှုရိပြည်သို့သာမက ရောမအကျဉ်းထောင်တွင် ပထမအကြိမ် ပေါလုထောင်ကျစဉ်တွင်လည်း ပါရှိသူဖြစ်သည်။ ရှုရိပြည် အနှံ့ခရီးခြေဆန့်ရာတွင်လည်း ပူးတွဲလိုက်ပါလေ့ ရှိသူဖြစ်သည်။ သို့သော်လည်း အဘယ်ကြောင့် ထိုဆုတောင်း မပြည့်ခဲ့သည်ကို မသိရပါ။
အာရှိနယ်သားတုခိတ်။ ရှင်ပေါလု၏အာရှနယ်ခရီးတွင် တောက်တိုမယ်ရ လိုက်ပါလေ့ရှိသူဖြစ်သည်။ နောင်တွင် ရှင်ပေါလု ရောမအကျဉ်းထောင်နန်းစံပြန်သည့်အခါ လိုက်လံပြုစု ကူညီသူဖြစ်သည်။
တရောဖိမ်။ အာရှမိုင်းနားအရပ်ဒေသ ဧဖက်မြို့မှ တပါးအမျိုးသားဖြစ်သည်။ ပေါလုနှင့်အတူ ယေရုရှုလင်သို့ လိုက်ပါသွားသည်။ သူ့အကြောင်းကို (၂တိ ၄:၂၀) တွင်လည်း ပါရှိသည်။
၂၀:၅–၆ ရှင်ပေါလုနှင့်လုကာတို့ ဖိလိပ္ပိဖက်သို့ ခရီးသွားနေစဉ် အထက်ဖော်ပြပါ သာဝကခရီးဖော်များသည် တရောမြို့သို့ သွားနှင့်၍ ထိုမြို့မှ ပေါလုတို့အဖွဲ့ကို စောင့်နေကြသည်။ ရှင်လုကာအတွက် ထိုခရီးစဉ်သည် ပထမဦးဆုံးအကြိမ်ဖြစ်သောကြောင့် ရှင်ပေါလုက သွားလေရာ အရပ်မှာ တကောက်ကောက်ခေါ်ဆောင်ခြင်းဖြစ်နိုင်သည်။ တဆေးမပါသောမုန့်ပွဲတော် သို့မဟုတ် ပဿခါပွဲပြီးဆုံးသောအခါ ပေါလုနှင့်လုကာသည် မာကေဒေါနိမှ တရောသို့ ရွက်လွှင့်ကြသည်။ဖိလိပ္ပိ (၅)ရက်မျှကြာစရာအကြောင်း မရှိသော်လည်း အဘယ်ကြောင့် ထိုမျှကြန့်ကြာကြောင်းရှင်းပြချက်မတွေ့ရပါ။
၂၀:၇–၉ အပိုဒ်ငယ် (၆)နှင့် (၇) ကို ဖတ်ရှုလျှင် တာရောမြို့မှ (၇)ရက်လုံးလုံး စောင့်နေကြကြောင်းတွေ့ရသည်။ ဘုရားသခင်၏ နေ့ရက်မြတ်တွင် ပွဲတော်မင်္ဂလာ ဝင်ရသောကြောင့် နေ့ရက်စကောစကဖြစ်နေ၍ ထိုမျှရက်ကြာသွားခြင်းဖြစ်နိုင်သည်။ အပိုဒ်(၇)အရ ရှေးဦးယုံကြည်သူများသည် ဥပုသ်ခုနှစ်ရက်၏ ပထမဆုံးနေ့ရက်သည် ဘုရားသခင်၏ နေ့ရက်ဖြစ်သောကြောင့် တလေးတစား ကြည်ညို၍ ဥပုသ်စောင့်ကြကြောင်း နားလည်ရသည်။ မဖြစ်မနေပွဲတော်မင်္ဂလာပါဝင်ကြသည်။
ညဉ့်နက်သန်းခေါင်ယံအထိတိုင်အောင် စကားဖောင်ဖွဲ့ ပြောနေကြခြင်းသည် အံ့သြစရာမဟုတ်ပါ။ ဝိညာဉ်အချိန်အဟုန် မြင့်မားသောအခါ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း လွတ်လပ်စွာ ပါဝင်သည်။ ငြိမ်သက်ခြင်း၊ ချမ်းမြေ့ခြင်း ပေးဆောင်ပါသည်။ အပေါ်ခန်းတွင်မူ ပူအိုက်လောင်စပ်နေပေမည်။ မီးခိုးမီးငွေ့များနှင့် လူငွေ့များဖြင့် လှောင်ပိတ်မွမ်းကြပ်နေပေမည်။ ထိုစဉ် တစ်ခါးဝနားတွင် ထိုင်နေသူ ဥတုခုဆို သောလူငယ်သည် အိပ်ငိုက်ပြီး သုံးထပ်တိုက်ပေါ်မှ မြေကြီးသို့လိမ့်ကျသွားသဖြင့် အသက်ပျောက်သွားသည်။
၂၀:၁၀ ရှင်ပေါလုသည် အောက်သို့ဆင်းသွားပြီး ရှေးပရောဖက်များပြုသည့် ထုံးစံအတိုင်း ထိုသူငယ်အား ဘာမှလုပ်ဆောင်ပေးနိုင်ခြင်းမရှိ။ ရှင်ပေါလုက ထိုလူငယ်အား သက်တောင့်သက်သာနေစေပြီး၊ အံ့ဘွယ်ဘုန်းတန်ခိုးဖြင့် အသက်ဆက်စေခဲ့သည်။
၂၀:၁၁–၁၂ ရှင်ပေါလုက ဆင်းကြည့်ပြီးနောက် အပေါ်ထပ်သို့ ပြန်တက်လာသောအခါ မုန့်ဖဲ့ကြသည်(ငယ် ၁၁)။ တလုံးတဝတည်းရှိဖို့ ဘုရားသခင်၏ ပွဲတော်ကို ပြင်ဆင်ပြီးသားဖြစ်သည်(ငယ် ၇)။ ဘုရားသခင်၏ အကာပေမေတ္တာ၊ ချစ်ခြင်းပွဲတော်၌ ပါဝင်ဆက်ဆံကြသည်။ ရှေးဦးကာလတွင်ပွဲတော် မင်္ဂလာကို အသင်းတော်၌သာ ပြုလုပ်လေ့ရှိခဲ့ကြသော်လည်း ပွဲတော်မင်္ဂလာအနှစ်သာရ ပြည့်စုံရန်သာ အဓိက (၁ကော ၁၁:၂၀-၂၂)ဖြစ်ကြောင်း နားလည်ခံယူကြသည်။
ထိုတရောသားများနှင့် ညလုံးပေါက် စုဝေးဝတ်ပြုကြခြင်းသည် မမေ့ရက်နိုင်စရာ ကာလတာဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတရောမြို့သို့ နောက်တကြိမ် ရှင်ပေါလု ရောက်မလာနိုင်တော့ပါ။
၂၀:၁၃–၁၅ ရှင်ပေါလုသည် အဿုမြို့သို့ ခြေလျင်ဖြင့် မိုင်(၂၀)ခရီးလျှောက်ပြီးမှ ရေလမ်းဖြင့် ခရီးဆက်ကြသည်။ သူ့ခရီးဖော်များကမူ ရေလမ်းဖြင့်သွား၍ အဿုမြို့ရောက်မှ ကောက်တင်သွားကြသည်။ ထိုသို့ တကိုယ်တော် ကုန်းကြောင်းသွားခြင်းသည် နှုတ်ကပတ်တော်များကို ဆင်ခြင်အာရုံပြုရန် ဖြစ်သည်။
တောင်ဖက်သို့ ရွက်လွှင့်ကြရာ အာရှအနောက်တောင်ပိုင်းဒေသ မိတုလင်သို့ ပထမဦးဆုံးရောက်ကြသည်။ ထိုမြို့သည် LESBON (လက်စ်ဘွန်း)ကျွန်း၏ မြို့တော်ဖြစ်သည်။ နောက်တနေ့တွင် ခရီးဆက်ကြရာ ခိအုကျွန်းသို့ရောက်ကြသည်။ ထိုမှတဆင့် သာမုကျွန်းသို့ရောက်ရှိပြီး တရောငုလိအငူစွန်းတွင် ရပ်နားပြီး နောက်တနေ့တွင် ဧဖက်မြို့မှ မိုင်ပေါင်း(၃၆)မိုင် ဝေးသော အာရှမိုင်းနားဒေသင်္ဘောဆိပ်မြို့ မိလက်သို့ ရောက်ရှိကြသည်။
၂၀:၁၆ ပေါလုသည် ပင်တေကုတ္တေနေ့ကို ယေရုရှလင်မြို့၌ ပါဝင်လိုသဖြင့် အာရှမိုင်းနားဒေသတွင် အချိန်ကြာကြာမဖြုန်းဘဲ ပြန်လာသည်။ ဧဖက်မြို့ကိုလည်း ဖြတ်မသွားဘဲ အနီးမှလှမ်းရှုခဲ့သည်။
၂၀:၁၇ မိလက်တွင် သောင်တင်နေစဉ် ဧဖက် အသင်းတော်ကြီးများ လာရောက်တွေ့ဆုံကြရန် စာလှမ်းရေးလိုက်သည်။ အသင်းတော်လူကြီးများလည်း ထိုသတင်းစကား ကြားသိသောအခါ ဝမ်းမြောက်စွာမိလက်သို့ရွက်လွှင့်ကြသည်။ တမန်တော်ကြီးနှုတ်ဖျားမှ ဝမ်းမြောက်ဖွယ်ရာ သတင်းများကြားချင်ကြသည်။ သခင်ယေရှုခရစ်တော်၏ အစေခံတန်ဖိုးကို စာဖတ်သူများလည်း မြင်ယောင်မိကြမည်။ ကယ်တင်ရှင်သခင်ဘုရားထံသို့ ဘဝအသက်တာ အကြွင်းမဲ့ဆက်ကပ်သူ၏ ဘဝပုံရိပ်ကို တွေးမြင်နိုင်သည်။အမှုတော်အတွက်ဆိုလျှင် အချန်ရာသီ၊ နေရာဒေသမရွေးချယ်ပါ။ ပင်ပန်းသည်ဟုလည်း မရှိ၊ အတားအဆီးပြုနိုင်သူမရှိ၊ မဆုတ်မနစ် ဇွဲလုံ့လရှိရှိ ဆက်ကပ်သည်။ အောက်ကျို့နှိမ့်ချခြင်းအပြည့်။ အမှုတော်အတွက် ပေးဆပ်ဖို့ အဖိုးကြီးလွန်းသည်ဟု ဘ,်သောအခါမှမထင်။ အမှုတော်ဆောင်ရွက်သူမှန်သမျှသည် စိတ်ဝိညာဉ်၏ အနက်ဆုံးဌာနမှပေါ်ထွန်းလာခြင်းဖြစ်သည်။ ကြောက်ရွံ့တုန်လှုပ်ခြင်း မလျဉ်းမရှိ။ ကြောက်မွေးတပင်မှမပါ။ ရဲစွမ်းသတ္တိ အပြည့်ရှိသည်။ သေလျှင်လည်း အရေးမကြီး၊ ရှင်လျှင်လည်း အခွင့်အရေးမဟုတ်။ ဘုရားသခင်အလိုရှိလျှင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူတိုင်းသို့ ဧဝံဂေလိတရားကြားသိစေဖို့ရန် အဓိက ဖြစ်သည်။ အတ္တကင်းရှင်းစွာ လုပ်ဆောင်သူ၊ ရယူခြင်းထက် ပေးဆပ်ခြင်း၌မွေ့လျော်သူ၊ ကျားကိုခလုတ်၊ ငုတ်ကိုသင်ဖျူးဆူးကို မွေ့ယာထင်မှတ်သူ၊ နှုတ်ကပတ်တော်ဟောပြောရလျှင် ထမင်းမေ့ဟင်းမေ့ မွေ့လျော်သူဖြစ်သည်။
၂၀:၁၈–၁၉ တမန်တော်ကြီးက ဧဖက်သားများနှင့် အတူတူနေခဲ့ကြသည့် ကာလကိုပြန်လည် သတိရဖို့ အသင်းတော်လူကြီးများ ပြန်လည်ပြောပြသည်။ အာရှဒေသသို့ ပထမခြေလှမ်းစချသည့် နေ့ရက်အချိန်မှစ၍ ဧဖက်သားများနှင့်အတူတကွနေထိုင်ခဲ့ကြသည့် ကာတလျှောက်လုံးတွင် ရှင်ပေါလုသည် မိမိကိုယ်ကို ငြင်းပယ်၍ အောက်ကျို့နိုမ့်ချစွာ နေထိုင်ဆက်ဆံခဲ့သည်။ တမန်တော်ကြီးသည် မျက်ရည်နှင့်ရှိုက်သံများဖြင့် အမှုတော်ထမ်းရွက်သည်။ ယုဒများ၏ စဉ်ဆက်မပြတ် ညှင်းပန်းနှိပ်စက်ခြင်းခံနေရသည်။ နှောင့်ယှက်ဒုက္ခပေးခြင်းခံနေရသည်။ သို့သော် စိုးရိမ်ကြောက်ရွံ့ခြင်းမရှိ ရဲဝံ့စွာအမှုတော် ထမ်းရွက်သည်။
၂၀:၂၀–၂၁ ရှင်ပေါလုသည် ဧဖက်သားများ၏ ဝိညာဉ်ရေးရာ ကောင်းကျိုးခံစားဖို့ တအိမ်တက်ဆင်း လိုက်လံဟောကြားသည်။ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကြီးမားပုံကို ဝေငှသည်။ ဝတ်ပြုအစည်းအဝေးများတွင် သွန်သင်သည်သာမက အရာရာ၌ ယုံကြည်ခြင်း ရင့်ကျက်ကြစေရန် လိုက်လံခွန်အားပေးသည်။ တိုင်းနိုင်ငံသား၊ လူမျိုးခြားနှင့် ဘာသာရေးနောက်ခံကားများ စကားပြောစရာမလို၊ ဘုရားသခင် ထံတော်သို့ နောင်တဖြင့် ဝင်ရောက်၍ သခင်ယေရှုခရစ်တော်အား ယုံကြည်ကိုးစားရန်သာ အဓိကဟောကြားသည်။ ဧဝံဂေလိတရားတွင် အခြေခံအချက်အလက်နှစ်ခုရှိသည်။ နောင်တရခြင်းနှင့် ယုံကြည်ခြင်းဖြစ်သည်။ ထိုမင်္ဂလာတရားနှစ်ခုသည် ခေါင်းနှင့်ပန်းကဲ့သို့ ခွဲခြားမရနိုင်သော ဒင်္ဂါးပြားဖြစ်သည်။ အကယ်၍ တစုံတစ်ဦးသည် နောင်တတရားရရှိလျှင် ယုံကြည်ခြင်းမရှိနိုင်စရာအကြောင်းမရှိတော့ပါ။ အခြားတဘက်တွင်မူ ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းမရှိလျှင် ထိုနောင်တ တရားသည်အသုံးမဝင်။ နောင်တတရားဆိုသည်မှာ မိမိသည် အပြစ်သားဖြစ်ကြောင်း မိမိဘဝစစ်မှန်ကိုနားလည်၍ ဘုရားသခင်ရှေ့တွင် အပြစ်စီရင်ခြင်းခံရမည့်သူဖြစ်ကြောင်း နားလည်ခံယူခြင်းဖြစ်သည်။ ယုံကြည်ခြင်းဆိုသည်မှာ ယေရှုခရစ်တော်အား ကယ်တင်ရှင်သခင်ဖြစ်ကြောင်း ခံယူစွဲမှတ်ခြင်းဖြစ်သည်။
ဓမ္မသစ်ကျမ်းပိုဒ်များတွင် ယုံကြည်ခြင်းရှိမှသာလျှင် ကယ်တင်ခြင်းရရှိကြောင်း သွန်သင်ထားသည်။ မည်သို့ပင်ဖြစ်စေ ထိုသို့ယုံကြည်ခြင်းရှိစေရန် နောင်တတရားကို အခြေခံပါသည်။ ယေရှုခရစ်တော်ကိုကျွမ်းခြင်းဖြင့်လည်း မလုံလောက်သေးပါ။ ကယ်တင်ရှင်သခင်အဖြစ်မှတ်ယူရမည်။ ထိုသို့ စွဲမှတ်နိုင်ရန်နောင်တရရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်က ကူညီလုပ်ဆောင်ပါသည်။
၂၀:၂၂–၂၃ ဧဖက်မြို့ ယုံကြည်သူများနှင့် အတူနေခဲ့ရသည့်နေ့ရက်ကာလများကို ပြန်လည် ရေတွက်လွမ်းဆွတ်သတိရခဲ့သည်။ ယခုမှာမူ ညှင်းပန်းနှိပ်စက်ကာ ကြိုဆိုနေကြောင်း အကြားအမြင်ရနေသည်။ ဝိညာဉ်တော်က ယေရုရှလင်မြို့သို့ သွားခိုင်းသည်။ စိတ်ထဲတွင် လှုံ့ဆော်နေမှုရနေသည်။ ယေရုရှလင်မြို့တွင် မည်သို့တွေ့ကြုံရမည်ကို မသိရသော်လည်း ချည်နှောင်ခြင်းနှင့် ဆင်းရဲဒုက္ခခံစားရမည်ကို အလိုလိုသိနေသည်။ မြို့တိုင်း ရွာတိုင်း၊ နေရာတိုင်း၌ ဖြစ်ပျက်မည့် အရေးအကြောင်းကို ပရောဖက်များဖြင့်၎င်း၊ အလိုလိုသိစိတ်ဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်က ကြိုတင်အသိပေးလေ့ရှိသည်။
၂၀:၂၄ ထိုအသိအာရုံ ရောက်ရှိလာသောအခါတွင်လည်း ရှင်ပေါလုသည် သူ့ဘဝကံကြမ္မာကို မမှုပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော် နာခံဖို့နှင့် အထံတော်ပါး၌ မွေ့လျော်ဖို့ရန်သာ အဓိကဖြစ်သည်။ မည်သည့်ဘဝဖြစ်အောင် ကြုံဆုံပါစေ၊ အထက်အရပ်မှ စေခိုင်းသည့်အတိုင်း လုပ်ဆောင်ဖို့ အသက်တာကို ဝကွက်အပ်ထားသည်။ သူ့ဘဝအတွက် အသက်ပေးလှူခဲ့သော ကယ်တင်ရှင်အတွက် ဘဝအသက်တာပြန်လည်ပေးဆပ်ဖို့ရန် မည်သည့်အရာကမှ မဟန့်တားနိုင်။ ငါ့အတွက်သတ်မှတ်သည့်အလုပ်တာဝန်ကို၎င်း၊ သခင်ယေရှုပေးအပ်တော်မူသည့် အမှုတော်ကို၎င်း ပြီးဆုံးအောင်ဆောင်ရွက်နိုင်မှသာလျှင် ပဓါနဖြစ်သည် ဟု ခံယူသည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဧဝံဂေလိတရားဟောခြင်းထက် ကြီးမြတ်သော ဂုဏ်ဒြပ်ဟူ၍ ရှာမတွေ့။ ထို ဧဝံဂေလိသတင်းဆိုသည်မှာ ထာဝရ ငရဲဘေးဒဏ်မှ လူသားများကင်းလွတ်ခွင့်ရမည့် စိတ်လှုပ်ရှားဖွယ်ရာ သတင်းစကားတော်ဖြစ်သည်။ ကောင်းကင်ဘုံနန်းမှ ဘုရားသခင်၏ သားတော်က အပြစ်သားများကို ချစ်ခင်မြတ်နိုးလွန်းသောကြောင့် လူ့လောကသို့ ဆင်းသက် လူ့ဇာတိခံယူ၍ အသက် သွေး ချွေး ပေးဆပ်ပေးခဲ့သည့် ပရမတ္တသစ္စာတရားအကြောင်း ဖြစ်သည်။ ထိုကယ်တင်ရှင်၏ ဆင်းရဲဒုက္ခခံစားရသည့်အကြောင်း မေတ္တာတော်ကို နားလည်ခံယူသူတိုင်းသည် အပြစ်စီရင်ခြင်းမှလွတ်၍ ထာဝရအသက် ရရှိကြမည့် အကြောင်းဖြစ်သည်။
၂၀:၂၅–၂၇ ရှင်ပေါလုသည် ချစ်သောဧဖက်အသင်းတော် ညီအကိုမောင်နှမများကို တဖန်မြင်ရတော့မည်မဟုတ်ကြောင်းသိသည်။ သို့သော် ဘုရားသခင် ဖွင့်ပြသော တရားဒေသနာများကို အကုန်အစင် ဟောကြားပြီးဖြစ်သောကြောင့် ကျေနပ်သည်။ လိပ်ပြာသန့်သည့်။ ကြားသိခဲ့ရသော ဧဝံဂေလိတရားတွင် ကျေနပ်စွာ နှစ်သိမ့်မနေဘဲ ဘုရားသခင်၌ မွေ့လျော်ကြီးထွားကြရန် သတိပေးထားသည်။
၂၀:၂၈ ဤလူ့လောကတွင် ပြန်လည်ဆုံဆည်းကြမည် မဟုတ်ကြောင်း သိရှိသောကြောင့် သင်းအုပ်များအား သိုးထိန်းကောင်းပီပီ သိုးစုများ စောင့်ရှောက်ကျွေးမွေးရန် ထပ်မံသတိပေးထားသည်။ အကယ်၍ ဝိညာဉ်ရေးရာ ကြွယ်ဝကြီးထွားခြင်း၊ ဘုရားသခင်၌ မဿဟာယဖွဲ့မှု နည်းပါးခြင်းရှိလျှင် အသင်းတော်၌ ဝိညာဉ်ရေးရာ သွန်သင်မှု အားနည်းသွားမည်။
သင်းအုပ်များ၏ အဓိကတာဝန်မှာ သိုးအုပ်များစောင့်ထိန်းဖို့ သန့်ရှင်းသော ဝိညာဉ်တော် ပေးအပ်သည့်အတိုင်း ကျွေးမွေးစောင့်ရှောက်ဖို့ဖြစ်သည်။ ဤကျမ်းပိုဒ်အရ သင်းအုပ်များသည် အသင်းသားများက ရွေးချယ်ခန့်အပ်ခြင်းမဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီမံခန့်ခွဲရာဖြစ်သည်။ ယုံကြည်သူ အသင်းသားများက လက်ခံကြိုဆိုရန်သာ ဖြစ်သည်။
အသင်းအုပ်များသည် ဘုရားသခင် အသင်းတော်၏ သိုးထိန်းများဖြစ်သည်။ အဓိက သော့ချက်စကားလုံး အသွေးတော်ဖြင့် ဝယ်ယူထားခြင်း ဟူသည့် ဝေါဟာရဖြစ်သည်။ ထိုစကားနှင့်ပတ်သက်၍ ဓမ္မပညာရှင်များက အလေးအနက်ဆွေးနွေး၍ မကျေနပ်သူများလည်းရှိသည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်သောကြောင့် အသွေးမရှိနိုင်ဟု ဆိုကြသည်။ ယေရှုခရစ်တော်သာလျှင် သွေးမြေခသည်။ ထို့ကြောင့် ယေရှုသည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင် သွေးမြေကျခြင်းမဟုတ်၊ ယေရှုဘုရား သွေးမြေခခြင်းဖြစ်သည်။
ကျမ်းစာတွင် “ကိုယ်တော်နှင့် ဘုရားသခင်၏ အသွေးတော်ဖြင့် ဝယ်ယူထားသော အသင်းတော်” ဟု သုံးနှုန်းထားသည်။ ဘုရားသခင်၏ ဦးစီးဦးဆောင်မှုဖြင့် လူသားတော်၏ အသွေးတော်မြေခြင်းဖြစ်သည်။
J.N.Darby က “အသွေးတော်ဖြင့် ဝယ်ယူထားသော ဘုရားသခင်၏ အသင်းတော်” ဟု ဆိုသည်။ ဘုရားသခင်သည် ဤနေရာတွင် တပါးတည်းသော အသင်းတော်ပိုင်ရှင်ဖြစ်သည်။ တပါးတည်းသောသားတော် သခင်ယေရှုခရစ်အား ကောင်းကြီးပေးလျက် အသွေးတော်ဖြင့် ဝယ်ယူခြင်းဖြစ်သည်။
၂၀:၂၉-၃၀ ရှင်ပေါလု မရှိတော့သည့် နောက်ပိုင်းတွင် အသင်းတော်အား ဝိုင်းဝန်းတိုက်ခိုက်သတ်ဖြတ်ကြရမည်ကို စိုးရိမ်သည်။ ဝံပုလွေအုပ်အကြား ရောက်ရှိနေသော သိုးသူငယ်ပမာ မှားယွင်းသော တရားများက အမဲဖျက်ကြမည်ကို မြင်ယောင်သည်။ ညှာတာမှုမရှိ ရက်စက်ကြမည်ကို ရင်လေးသည်။ မိဿဟာယအဖွဲ့ဝင်ထဲမှ ယုံကြည်သူတချို့တို့လည်း ထိုလိမ်လည်လှည့်ဖျားသူများနောက်သို့ ကြောင်တောင်တောင်အတတနှင့် ပါသွားကြမည့်အကြောင်းကို သတိပေးထားသည်။
၂၀:၃၁ ထိုသို့ အန္တရာယ်ကျရောက်လုဆဲဆဲဖြစ်သောကြောင့် သင်းအုပ်များအား မိမိတို့သိုးစုကို လုံခြုံစွာထိန်းကျောင်းဖို့ သတိပေးခြင်း ဖြစ်သည်။ သုံးနှစ်တာကာလပတ်လုံး မျက်ရည်မျက်ခွက်နှင့် တမန်တော်ကြီးနှင့်အတူ နေခဲ့ကြရသည့်ကာလကိုပြန်လည် မြင်ယောင်ဖို့ သတိပေးထားသည်။
၂၀:၃၂ ရှင်ပေါလု၏ အဓိကသွန်သင်ချက်မှာ ဘုရားသခင်နှင့် ကျေးဇူးတော်၌ ကျင်လည်မွေ့လျော်ကြရန်ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် သင်းအုပ်များမှအပ အခြားသူများမရှိကြောင်း၊ သတိထားမိကြမည်။ ထိုသင်းအုပ်များကို ဘုရားသခင်နှင့် သမ္မာကျမ်းစာတွင် အာရုံရှုမှတ်ရန် တိုက်တွန်းထားသည်။ ဝိညာဉ်တော်မှုတ်သွင်းထားသော သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်အား လုံလောက်သော သက်သေခံချက် ဖြစ်ပါသည်။ ထိုသမ္မာတရား၌ မွေ့လျော်သူသည် အသက်တာ တည်ဆောက်ဖွယ်ရာဖြစ်သည့် အပြင် စင်ကြယ်ခြင်းအမွေတော်ဆက်ဆံကြသူများလည်းဖြစ်သည်။
၂၀:၃၃–၃၅ စကားအဆုံးသတ်ခါနီးတွင် ရှင်ပေါလု၏ သူ့ဘဝအသက်တာကို ပုံဥပမာပေး၍ သင်းအုပ်များအား ဆုံးမသြဝါဒ တဖန်ပေးပြန်သည်။ သူသည် တပါးသူများ၏ ငွေကြေးငွေစ ခြူးတပြားမှမလိုချင်၊ မတို့ထိခဲ့ကြောင်း ရှင်းပြသည်။ သခင်ဘုရား၏ အမှုတော်သည် ငွေကြေးပိုက်ဆံရှာဖို့ နေရာမဟုတ်။ ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သက်၍ ပေါလုသည် အမှန်စင်စစ် သူဆင်းရဲဖြစ်သော်လည်း ဘုရားသခင်၌မူ ကြွယ်ဝချမ်းသာသူဖြစ်သည်။ သူများထံတွင် လက်ဝါးမဖြန့်သည်သာမက၊ ထိုသူများ၏ ဘဝအသက်တာလိုအပ်ချက်များကို ထိုလက်ဖြင့် လုပ်ကျွေးသည်။ ထိုသူများထဲ၌ ရှင်ပေါလုနေ၍၊ ထိုသူများသည်လည်း ရှင်ပေါလုထံ၌ အသက်ရှင်ကြသည်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပြုကြသည်။ တဲချုပ်လုပ်ခြင်းသည်လည်း အားနည်းသူများအား အလုပ်အကျွေးပြုရန်ဖြစ်သည်။ ထိုတဲချုပ်လုပ်ငန်းသည် ပင်ပန်း၏။ ထိုသို့ ပင်ပန်းခြင်းသည် စိတ်ဝိညာဉ်ပင်ပန်းခြင်းနှင့် မနှိုင်းသာပါ။ ထို့နောက် သခင်ယေရှု မိန့်မှာခဲ့သော “စွန့်ကြဲခြင်းသည် စွန့်ကြဲခံရခြင်းထက် မင်္ဂလာရှိ၏” ဟူသော စကားတော်ကို ဝေငှအားပေးခဲ့ရာ အသင်းတော်လူကြီးများသည် မျက်ရည်ဖြိုင်ဖြိုင်ကျလျက် ရှင်ပေါလုကို ဖက်နမ်းကြသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သခင်ခရစ်၏ ထိုစကားတော်ကို ခရစ်ဝင်ကျမ်းများထဲတွင် မတွေ့ရှိခြင်းဖြစ်သည်။ ကိုယ်တော်ဘုရား၏ သွန်သင်ချက်များကိုသာ ရေးထားသည်။ သို့သော်လည်း ဝိညာဉ်တော်က ဖြည့်စွက်ခြင်းဖြစ်သည်ဟု နားလည်ရသည်။
၂၀:၃၆–၃၈ သင်းထောက်များသို့ သြဝါဒမှာကြားပြီးသောအခါရှင်ပေါလုသည် မြေပေါ်သို့ဒူးထောက်လျက် ဆုတောင်းသည်။ ထိုကာလ တခဏတာသည် ထိုသူများအတွက် အနက်ရှိုင်းဆုံးသော အချိန်ကာလဖြစ်သည်။ စိတ်မထိန်းနိုင်ကြသဖြင့် တမန်တော်ကြီးကိုနမ်းရှုံ့ကြသည်။ တမန်တော်ကြီး၏မျက်နှာကို နောက်တကြိမ်တွေ့ရတော့မည် မဟုတ်ဟု သိရှိကြသဖြင့် မခွဲခွာနိုင်ကြ။ စိတ်မကောင်းစွာဖြင့် သင်္ဘောဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။