တမန်တော်ဝတ္ထု ၂၄
၂၄:၁ ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်ကြီး အာနနိနှင့်မင်းတိုင်ပင်အမတ်များ ကဲသရိသို့ ရောက်ရှိလာကြသည်။ ဆွဲချရှေ့နေအဖြစ် ရောမ အစိုးရရှေ့နေ တေရတုလုကိုလည်း ငှားရမ်းခေါ်ဆောင်လာသည်။ ထိုရှေ့နေသည် ဖေလဇ်မင်းဘက်မှ ရပ်တည်၍ ပေါလုအား စွဲချက်ကောင်းကောင်းတင်ရမည်။
၂၄:၂–၄ ရှေ့နေကြီး တေရတုလုသည် အမှုကြီးစေရန် ဖေလဇ်မင်းအား မြှောက်ထိုးပင့်ကော် ပြောရသည်။ တရားဓမ္မ၏လေးနက်ပုံကို ဋီကာချဲ့စကားဖောင်ဖွဲ့သည်။ ဖေလ်ဇ်မင်းသည် အာဏာဖီဆန်သူများနှင့် လူထုအထိကရုဏ်းဖြစ်အောင် လုပ်သူများကို တရားကျကျစီရင်လေ့ရှိကြောင်း၊ အမွှန်းတင်လိုက်သည်။ အမှန်မှာ ရှေ့နေကြီးစားနှင့် ဖေလဇ်မင်း၏ အကျင့်စာရိတ္တသည် ပြဒ္ဒါးတလမ်း သံတလမ်းဖြစ်သည်။
၂၄:၅–၈ ထို့နောက် ပေါလုအား စွဲချက် (၄) ချက်ဖြင့် ဆွဲချသည်။
၁။ ပေါလုသည် ပလိပ်ရောဂါကဲ့သို့ ကူးစက်ပြန့်ပွားစေသူဖြစ်သည်။
၂။ ယုဒလူမျိုးများအား တော်လှန်ပုန်ကန်ကြရန် သွေးထိုးသည်။
၃။ နာဇရက်ဘာသာရေးခေါင်းဆောင်ဖြစ်သည်။
၄။ ဗိမာန်တော်ကို ညစ်ညမ်းအောင်ပြုလုပ်သူ ဖြစ်သည်။
၂၄:၉ ရှေ့နေကြီးသည် လိုချင်သူကို မြှောက်ထိုးပင့်ကော်လုပ်ပြီး၊ မလိုချင်သူကို ဆွဲချသည့် ထုံးစံရှိသည့်အတိုင်း ဖေလဇ်မင်းအား အရူးဘုံနန်းရောက်အောင် မြှောက်ပင့်ပြီးလျှင် ပေါလုအား ဆွဲချပါတော့သည်။ ယုဒများကလည်း ရှေ့နေကြီးစကားကို တခဲနက်ထောက်ခံကြသည်။
၂၄:၁၀ ပေါလုက သူ့အပေါ်စွဲချက်တင်မှုများကို ခုခံကာကွယ်သည်။ ပေါလုက ဖေလဇ်အား “အရှင်ဘုရင်ခံမင်းသည် ယုဒလူမျိုးအပေါ်၌ နှစ်ပေါင်းများစွာ တရားသဖြင့် စီရင်ပါသည်” ဟု အစချီသည်။ ထိုစကားသည် အမှန်စင်စစ်တွင် မြှောက်ပြောခြင်းဖြစ်သည်။သို့သော်လည်း အမှန်တရား ပေါ်ထွက်လာရန် စိတ်ရှည်သည်းခံရသည်မဟုတ်လား။ ထို့နောက် စွဲချက်များအား တစ်ခုပြီးတစ်ခု ပြန်လည်ချေပသည်။
၂၄:၁၁ ယေရုရှလင်မြို့သို့ သွာခြင်းသည် ဝတ်ပြုကိုးကွယ်ရန်သာဖြစ်၍ သူများအား နှောင်ယှက်ဒုက္ခပေးရန်မဟုတ်ပါ။ ယေရုရှလင်မြို့သို့ရောက်ရှိသည်မှာ တဆယ့်နှစ်ရက်သာရှိကြောင်း ချေပသည်။
၂၄:၁၄–၁၇ တတိယစွဲချက်ဖြစ်သောသူသည် နာဇရင်ဘာသာရေးခေါင်းဆောင် ဖြစ်ကြောင်းကိုမူ မငြင်းပယ်ပါ။ သို့သော်လည်း ယုဒလူမျိုး၏ ယုံကြည်ကိုးကွယ်ရာ ဘုရားသခင်ကိုလည်း ကိုးကွယ်ကြောင်း၊ ဓမ္မဟောင်းကျမ်းရေးသမျှကိုလည်း ယုံကြည်လက်ခံပါကြောင်း ရှင်းပြသည်။ ယုဒရှေးရိုးစဉ်လာ ဘိုးဘွားများယုံကြည်ခြင်း၊ အထူးသဖြင့် ဖာရိရှဲများ၏ ပြန်လည်ထမြောက်ခြင်း ယုံကြည်မှု၊ တရားသူဖြစ်စေ မတရားသူဖြစ်စေ သေလွန်ပြီးမှ ထမြောက်ခြင်းကိုလည်း လက်ခံကြောင်း၊ သခင်ဘုရား ယုံကြည်ကိုးကွယ်ခြင်းနှင့် မဆန့်ကျင်းကြောင်း၊ ပစ်ပယ်လွှမ်းမိုးခြင်း မရှိကြောင်း ရှင်းပြသည်။ ကာလကြာခွဲခွာရသော ယေရုရှလင်ညီအကိုများအတွက် လက်ဆောင်ပြန်လည်ယူလာခြင်းဖြစ်ကြောင်း ထုချေသည်။ ထိုလက်ဆောင်ဆိုသည်မှာ မာကေဒေါနိနှင့် အခါယပြည် ယုံကြည်သူများက ယေရုရှလင်ရှိ ဟေဗြဲခရစ်ယာန်များသို့ ပေးလှူငွေကို ဆိုလိုသည်။
၂၄:၁၈–၁၉ စတုတ္ထစွဲချက်မှာ ဗိမာန်တော်အား ညစ်ညူးစေခြင်းဖြစ်သည်။ ဗိမာန်တော်၌ ဝတ်ပြဒကိုးကွယ်၍ အမွှေးတိုင်ထွန်းနေစဉ် ဘေးနားတွင် မည်သူ တစုံတစ်ဦးမှ မရှိကြောင်းကို ယုဒလူများမြင်ကြပါသည်။ ထိုစွပ်စွဲသူများထဲတွင် အာရှဒေသမှ ယုဒလူမျိုးများပါရှိပါသည်။ စွပ်စွဲစရာရှိလျှင် ထိုသူများကိုယ်တိုင် လာရောက်စွပ်စွဲသင့်သည်ဟု ချေပသည်။ ဖြစ်စဉ်အမှန်တွင်လည်း ပေါလုတစ်ဦးတည်းသာ ဗိမာန်တော်သို့ ဝင်ရောက်ခြင်းဖြစ်သည်။ မဖွယ်မရာ ပြုလုပ်ချက် တစ်ခုမှမရှိ။ ယုဒဘာသာထုံးစံနှင့်အညီ ပြုခဲ့သည်။ ထို အာရှဒေသ ယုဒလူမျိုးများမှာ ယေရုရှလင်မှ ကဲသရိသို့ လာရောက်၍ စွပ်စွဲကြခြင်းဖြစ်သည်။
၂၄:၂၀–၂၁ သို့ဖြင့် သူ့အား ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲသူများအား ပေါလုက ယေရုရှလင် အသင်းတော်ကောင်စီရှေ့မှာ ရင်ဆိုင်ကြမည်ဟု ပြန်လည်စိန်ခေါ်လိုက်သည်။ “အကျွန်ုပ်သည် သူသေတို့ရှေ့တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည် မျှော်လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏“ ဟု ကြွေးကြော်လိုက်သည်။ သို့သော် တစ်ယောက်မှ တုပ်တုပ်ပင်မလှုပ်ဝံ့ကြ။ တစ်မျိုးပြောရလျှင် ပေါလုသို့ စွပ်စွဲချက်များသည် ကလိန်ခြုံငြမ်းဆင်ခြင်းသာ ဖြစ်သည်။ တစ်ခုမှ ရာဇဝတ်ဒဏ်မမှတ်။
၂၄:၂၂ နှစ်ဦးနှစ်ဘက် လျှောက်လဲချက်များကို ကြားနာပြီးသောအခါ ဖေလဇ်မင်းသည် ဆုံးဖြတ်ရခက်နေသည်။ ခရစ်ယာန်များ၏ ယုံကြည်ခြင်းသည် မှန်ကန်ကြောင်း နားလည်သဘောပေါက်သည်။ သူ့ရှေ့မှောက်တွင် ရောက်ရှိနေသော စွပ်စွဲခံရသူ ပေါလုသည် ရောမဥပဒေနှင့် အရေးယူအပြစ်ပေးရန် မရှိ။ သို့သော် ပေါလုအား တရားသေလွှတ်လိုက်လျှင် ယုဒများ၏ အမျက်ဒေါသ သူ့ထံသို့ စုပြုံလာမည်။ နိုင်ငံရေးပရိယာယ်အရ ပြည်သူလူထု ဆန္ဒကိုလည်း ပစ်ပစ်ခါခါ မလုပ်ရ။ လူအကြိုက်ဆောင်ရသည်။ ထို့ကြောင့် ထိုအမှုအား မြွေမသေ တုတ်မကျိုး ထိန်းထားသည်။ စစ်သူကြီးလုသိ လာရောက်သည့်အချိန်အထိ ဆိုင်းငံ့ရုံးချိန်းပေးလိုက်သည်။ အမှန်မှာ သက်သာအောင် အချိန်နှောင့်နှေးအောင် ဆွဲခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တပ်မှူးလုသိမှာလည်း ထိုအမှုနှင့် ပတ်သက်၍ မည်သည့်သက်သေတစ်ခုမှ မရှိပါ။
၂၄:၂၃ ထို့ကြောင့် ပေါလုအား အကျယ်ချုပ်ဖြင့်ထားလိုက်သည်။ မိဘဆွေမျိုး ဧည့်သည်ဆောင်သာများ တွေ့ဆုံခွင့်ပြုသည်။ ထိုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အုပ်စိုးသူ ဖေလဇ်က ပေါလုအား ပြစ်မှုကင်းရှင်းသည်ဟု ယုံကြည်ကြောင်း သက်သေပြခြင်းဖြစ်သည်။
၂၄:၂၄–၂၅(က) ရက်အနည်းငယ်ကြာသောအခါ ဖေလဇ်နှင့် ကြင်ယာတော် ဒြုသိလေသည် ပေါလုအားခေါ်ယူ၍ ခရစ်ယာန်ယုံကြည်ခြင်းအကြောင်း၊ စကားစမြည်ပြောကြသည်။ ပေါလုကလည်း ကြောက်ရွံ့ခြင်းမရှိဘဲ သမ္မာတရားကို ဝေငှသည်။ ဘုရင်ခံနှင့်သူများမယား သိမ်းပိုက်ထားသော ကြင်ယာတော်တို့အား ဖြောင့်မတ်စင်ကြယ်ခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်းခြင်း ရောက်ရှိလာမည့် အပြစ်စီရင်ခြင်းအကြောင်းတို့ကို ဂဃနဏ ရှင်းပြသည်။ ဖြောင့်မတ်စင်ကြယ်ခြင်းအကြောင်းကိုမူ ကြားဘူးနားဝရှိကြပါသည်။ မိမိကိုယ်ကို ထိန်သိမ်းခြင်းအား နားမလည်ကြ။ သူတို့လင်မယားကိုယ်တိုင်လည်း မစင်ကြယ်သောနည်းဖြင့် ရယူကြသည်မဟုတ်လော။ အပြစ်စီရင်ခြင်းရောက်လာမည့်အကြောင်း သိရှိဖို့လည်းလိုအပ်သည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် မိုက်မှားခဲ့သော အပြစ်များကို ယေရှုခရစ်တော်၏ အသွေးတော်အားဖြင့် ဆေးကြောခွင့်လွှတ်ပြီးကြောင်း၊ မသိလိုက်ရလျှင် အပြစ်ငရဲ မီးအိုင်ထဲသို့ ရောက်သွားကြမည်။
၂၄:၂၅(ခ)-၂၆ ဖေလဇ်သည် ဒြုသိလာထက် ပိုမိုစိတ်ဝင်စားသည်။ သို့သောလည်း လိပ်ပြာမလုံသဖြင့် ကယ်တင်ရှင်ကို လက်မခံရဲ။ ထို့ကြောင့် ယခုသွားနှင့်နောက်မှပြန်ခေါ်မည် ဟု မောင်ထုတ်လိုက်သည်။ ပေါလု၏ ထိုသက်သေခံချက်သည် နောက်ဆုံးအကြိမ်မဟုတ်သေး။ ကဲသရိတွင် ထောင်ကျနေသည့် နောက်နှစ် နှစ်ကာလအတွင်းတွင် ထပ်ခါထပ်ခါ ပြန်ခေါ်သည်။ ဖေလဇ်၏ ဉာဏ်နီဉာဏ်နက်မှာ ထိုသို့ အချိန်ဆွဲခြင်းဖြင့် ပေါလု၏ မိတ်ဆွေအပေါင်းအသင်းများထံမှ တံစိုးလက်ဆောင် မျှော်လင့်ခြင်းဖြစ်သည်။
၂၄:၂၇ နောက်(၂)နှစ်ကြာသောအခါ (အေဒီ ၆၀)တွင် ဖေလဇ်၏ နေရာတွင် ပေါကိဖေတ္ထုရာထူးဆက်ခံသည်။ သူသည်လည်း ယုဒလူမျိုးများ၏ မျက်နှာသာလိုချင်သောကြောင့် ပေါလုအား ဆက်လက်၍ အကျဉ်းချထားခဲ့သည်။