တမန်တော်ဝတ္ထု ၄
(စ) ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့် အသင်းတော်ကြီးထွားခြင်း (၄:၁ – ၇:၆၀)
၄:၁–၄ ပထမဦးဆုံး ညှဉ်းဆဲနှိပ်စက်ခြင်း ခံရသော အသင်းတော်ပေါက်စများသည် လုံးဝပျက်သုဉ်းမတတ်ဖြစ်ခဲ့ရသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်သူများမှာ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော် အကြီးအကဲများ၊ မင်းတိုင်ပင်အမတ်များနှင့် တမန်တော်များကို ဆန့်ကျင်သူ များဖြစ်သည်။
Scroggie က “ယဇ်ပုရောဟိတ်ကြီးများသည် ဘာသာရေးအရေခြုံများ၊ ဗိမာန်တော်အကြီးအကဲများသည်၊ နိုင်ငံရေးနှင့် ဆက်နွယ်ပတ်သက်သူများ၊ ဇဒ္ဒုကဲများသည် မယုံကြည်သူများ၊ ထမြောက်ခြင်းကို လက်မခံကြသူများဖြစ်သည်” ဟုဆိုသည်။ အထူးသဖြင့် တမန်တော်များ၏ သွန်သင်ချက်များသည် ရှင်ပြန်ထမြောက်ခြင်းကို အဓိကသက်သေခံခြင်းဖြစ်သော ကြောင့် နားခါးစေသည်။ Spurgeon ကလည်း ဤသို့ ရှင်းပြသည်။
ဇဒ္ဒုကဲများသည် ထိုခေတ်ကာလတွင် ကျောင်းတော်ကြီးအယူအဆ ရှိသူများဖြစ်သည်။ လွတ်လပ်ကျယ်ပြန့်စွာတွေးခေါ် တတ်သူများဖြစ်သည်။ အနည်းငယ်စောင်းချိတ်၊ သရောပြောဆိုခြင်း၊ ရုန်းရင်းဆန်ခတ်ခြင်း အပြုအမူလည်းရှိကြသည်။ သမ္မာတရားမှတပါး အရာခပ်သိမ်းတွင် စိတ်ကြိုက်လှုပ်ရှားလုပ်ဆောင်တတ်သူများ ဖြစ်သည်။ သည်းခြေခိုက်အောင် နာကျင်မုန်းတီးတတ်သူများဖြစ်သည်။ တစ်ဖက်ကမ်းရောက်အောင် လွတ်လပ်သူများ ဖြစ်သောကြောင့် ဧဝံဂေလိသမားများ၏ ဟောကြားချက်များကလည်း သီးမခံနိုင်။ အမှားအယွင်းများဟု ထင်မြင်ကြသည်။၁၇
ဤခေါင်းဆောင်များ၏ အဓိကမုန်းတီးသော အချက်မှာ တပည့်တော်များ၏ ထမြောက်ခြင်းအကြောင်း ဟောကြေားချက်ဖြစ်သည်။ သေလွန်ပြီးမှ ယေရှုထမြောက်ခြင်းအကြောင်း ကြားသိသောအခါ အော်ကလီဆန်ကြသည်။ အကယ်၍ ယေရှုသည် ထမြောက်ခြင်းမှန်လျှင် ဇဒ္ဒုကဲများ၏ ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သွားတော့မည်။
အခန်းငယ် ၂ မှ ထမြောက်ခြင်းသည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကုန်ဆုံးသောအခါ ထမြောက်ကြမည့်အကြောင်း သက်သေပြသရာရောက်သည်။ ဤကျမ်းပိုဒ်တွင် ထမြောက်ခြင်းအကြောင်းကို ရေးထားသည်။ တနည်းပြောရလျှင် သိင်္ချိုင်းကုန်းထဲသို့ သေလွန်သူများသည်လည်း တချိန်ချိန်တွင် ထမြောက်လာကြမည်။
ညနေ (၃) နာရီခန့်ရှိပြီဖြစ်သောကြောင့် နောက်တနေ့အထိ တမန်တော်များအား အကျယ်ချုပ် ချုပ်နှောင်ထားရန် ဘာသာရေးခေါင်းဆောင်များ ဆုံးဖြတ်ကြသည်။
သို့သော်လည်း လူအပေါင်းငါးထောင်ခန့် ရှိသောယောက်ျားများသည် ဘုရားသခင်၌ စုဝေးမိဿဟာယ ဖွဲ့ကြသည်။
၄:၅–၆ နောက်တစ်နေ့တွင် ဘာသာရေးကောင်စီခေါ် မင်းတိုင်ပင်အမတ်များသည် တမန်တော်များ၏ လူထုတရားဟောခြင်းအား ပိတ်ပင်ရန်စီစဉ်ကြသည်။ ထိုသို့ ပိတ်ပင်ခြင်းသည် တပည့်တော်များအား အခြားသက်သေခံခွင့် လမ်းပေးသကဲ့သို့ ဖြစ်စေသည်။
၁။ ယဇ်ပုရောဟိတ်ကြီးအန္န။ သခင်ယေရှုကို ပထမဦးဆုံး စစ်ကြောသူဖြစ်သည်။ ရာထူးမှ အနားယူပြီးသော်လည်း အချို့အမှုကိစ္စများတွင် အကြံပေးအဖြစ် ပါဝင်လေ့ရှိသည်။
၂။ ကယာဖ။ အန္န၏သမက်၊ သခင်ယေရှုအား တရားစီရင်သူဖြစ်သည်။
၃။ ယောဟန်နှင့် အလက်ဇန္ဒြား။ အဘယ်ကြောင့် ထိုနေရာသို့ရှိနေကြသည် မသိရပါ။ မည်သည့်ရာထူးရာခံရှိမှန်း မသိရပါ။
၄။ ယဇ်ပုရောဟိတ်၏ ဆွေမျိုးမိသားစုဝင်များပါဝင်သည်။
၄:၇ ခုရုံးအဖွဲ့က တပည့်တော်များအား မည်သည့်အခွင့်အာဏာဖြင့်၊ မည်သူ့နာမဖြင့် အံ့ဘွယ်လက္ခဏာပြုကြသနည်း ဟု မေးကြသည်။ ပေတရု သည် ယေရုရှလင်မြို့တွင် လူထုပရိသတ်ရှေ့၌ ခရစ်တော်အား တတိယကြိမ်မြောက် ဝန်ချသက်သေခံသည်။ ဘာသာရေး ခေါင်းဆောင်များထံသို့ ခရစ်တော်ဘုရားအား သက်သေခံခွင့်ရခြင်းသည် အဖိုးမဖြတ်နိုင်သော အခွင့်အရေးဖြစ်သည်။ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ၊ ရဲဝံ့စွာဟောကြား သက်သေခံလိုက်သည်။
၄:၈–၁၂ ပေတရုက ဦးစွာဗိမာန်တော်တွင် ကူဖော်လောင်ဖက်မရှိ ဒုက္ခိတသည်အား ကူညီခဲ့ခြင်းသည် ကောင်းသောအမှုဖြစ်ကြောင်း သက်သေခံသည်။ သို့သော် ဗိမာန်တော်တွင် နှစ်လကြာရှည်တောင်းစားသူအား အုပ်စိုးသူခေါင်းဆောင်များ ၏ လုပ်ဆောင်ပေးနိုင်မှု မထောက်ပြပါ။ မစွမ်းမသန်သူအား ကျန်းမာသန်စွမ်းစေခြင်းသည် ယုဒများကားတိုင်ပေါ်တွင် သတ်ပစ်ကြသော ယေရှု၏ နာမတော်အားဖြင့် ကောင်းမွန်စေခြင်းဖြစ်ကြောင်း ရဲရဲကြီးထောက်ပြသည်။ ကားတိုင်ပေါ်တွင် အသေခံသူသည် ကယ်တင်သောအရှင်သခင် ဖြစ်သည်။ ထိုအရှင်သခင်သည် အနာရောဂါများ ကို ပျောက်ကင်းစေသည်သာမက သေခြင်းမှ ထမြောက်စေနိုင်သူ ဖြစ်သည်။ ကိုယ်တော်တိုင်လည်း ရှင်ပြန်ထမြောက်သူ ဖြစ်သည်။ ယုဒများ၏ဌာနေတွင် ယေရှုအတွက်တထောင့်တစ်နေရာမှ နေရာမရှိ။ လက်ခံရန် ငြင်းပယ်ခဲ့ကြသည်။ ကားတိုင်သို့ ပို့လွှတ်လိုက်ကြသည်။ သို့သော်ဘုရားသခင်က ရှင်ပြန်ထမြောက်စေတော်မူသည်။ ကောင်းကင်ဘုံ၌ ဘုန်းတန်ခိုး ပွင့်စေတော်မူသည်။ ငြင်းပယ်ခံရသော ကျောက်တုံးသည် ယခုအဓိက တိုက်ထောင့်ကျောက်မြစ်ဖြစ်နေသည်။ အဆောက်အဦးတစ်ခုလုံး၏ ပန္နက်အုံဖြစ်နေသည်။ ထို့ကြောင့် ထိုတိုက်ထောင့်ကျောက် သခင်ယေရှုမပါရှိလျှင် ကယ်တင်ခြင်းမရှိနိုင်။ ထိုတိုက်ထောင့်ကျောက်သာလျှင် ကယ်တင်ရှင်သခင် ဖြစ်သည်။ မိုးသားလွင်ပြင်အောက်မှာ ကယ်တင်ခြင်းပေးနိုင်သော အရှင်သခင်ဟူ၍ ထိုယေရှုရှင်မှတပါး အခြားမရှိ။
ဤကျမ်းစကားကို ပြောသောသူသည် အခြားသူမဟုတ်ပါ။ တညတည်းတွင် ခရစ်တော်ကို (၃)ကြိမ် ငြင်းပယ်ခဲ့သော ပေတရုဖြစ်သည်။
၄:၁၃ ပေတရု၏စကားကို ကြားရသောအခါ စိတ်နှလုံးသား ခြောက်သွေ့နေသော ဘာသာရေးဆရာကြီးများသည် သက်ဝင်လှုပ်ရှားလာကြသည်။ ဧဝံဂေလိတရား၏ အဓိကသော့ချက်ကို မြည်းစမ်းခဲ့ကြသည်။ စာမတတ် ပေမတတ်သူ တပည့်တော်များ၏ ဒေသနာစကား၊ ပညာစကားကို ကြားသိရသောအခါ မိမိတို့ အသိဉာဏ်ပညာသည် နိမ့်ကျနေပါသေးတကားဟု နားလည်သွားကြသည်။
ဓမ္မသစ်ကျမ်းတွင် ရဟန်းရှင်နှင့် လူဝတ်ကြောင် ခွဲခြားခြင်းမရှိပါ။ ရောမဂိုဏ်းဂန အယူဝဒါမှ ထုတ်ယူလာခြင်းဖြစ်သည်။ John Huss သည် ယဇ်ပုရောဟိတ် အယူဝါဒကို တွန်းလှန်တော်လှန်ရင်း ချက်ကိုစလိုဗီးကီးယားတွင် သေပွဲဝင်ခဲ့သည်။ ပွဲတော်ခွက်တစ်ခုတည်းတွင် ဆက်ဆံပါဝင်ကြဖို့ သမ္မာကျမ်းစာက သွန်သင်သည်။ Hussite ၏ ရပ်တည်ချက်ကိုလည်း ယနေ့ကာလတိုင်အောင် လိုက်နာကျင့်သုံးကြသည်။ ထိုသမ္မာစကားသည် မင်းစည်းစိမ်နှင့်တူသော ယဇ်ပုရောဟိတ်အမှုနှင့် ကနဦးအသင်းတော်အား တိုးတက်လှုပ်ရှားစေသောတရား ဖြစ်သည်။ ခေတ်သစ်နည်းပညာမလို၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဘာသာပြန်ချက်မလိုဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကဲသာဘုရင်၏ နန်းတွင်းထဲသို့ရောက်ရှိခဲ့သည်။ ဘုရားသခင်သည် လူတိုင်းအား ယုံကြည်သူဖြစ်ရန် ဖိတ်ခေါ်နေပါသည်။
မင်းတိုင်ပင်အမတ်များက ပေတရုနှင့် ယောဟန်တို့အား ရိုက်နှက်ကြသည်။ ပညာမတတ်၊ ငါးသာဖမ်းတတ်သော ဂါလိလဲသားများ၏ စကားသည် ပညာရဲရင့်ပွဲလယ်တင့်သည်။ မင်းတိုင်ပင်အမတ်များသည် အဆံမရှိ အခွံသာရှိသောကြောင့် လူမိုက်နည်းဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမကြသည်။ သခင်ယေရှုကိုလည်း ထိုသို့ပြုမူဆက်ဆံခဲ့ကြသည်။ တပည့်တော်များသည် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော်လည်း ဒူးမထောက်၊ လက်မမြောက်၊ သခင်ယေရှုပြုတော်မူသမျှကို ရဲရဲကြီးသက်သေခံကြသည်။ ထိုသို့ရဲဝံ့စွာ သက်သေခံကြခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် ပါရှိမှုဖြစ်သည်။
၄:၁၄–၁၈ ဗိမာန်တော်တွင် ထိုသို့ ဒုက္ခိတသည်အား အနာရောဂါကင်းငြိမ်းစေခြင်း သည် ကိုယ်တိုင်ကိုယ်ကျ မြင်ကြရသဖြင့် အငြင်းပွားစရာမရှိ။ အံ့ဖွယ်လက္ခဏာဖြစ်ကြောင်းကို J.H.Jowett က ဤသို့ဆိုသည်။
တွေ့မြင်ကြသောပမာဏထက် ကြည့်ရှုသူက ပိုများနေသည်။ အငြင်းပွားစရာမရှိ လွယ်လင့်တကူလက်ခံကြသည်။ တသက်လုံးဒုက္ခိတသည် က ထိုသူများနှင့် အတူရပ်နေသောအခါ ပြောစရာမရှိကြတော့ပါ။၁၉
ပေတရု၏တရားကို ကြားသိကြသောအခါ ပေတရုနှင့် ယောဟန်အား အပြင်သို့ ခဏထုတ်ထားလိုက်ကြသည်။ ပေတရု၏ သနားကြင်နာတတ်ပုံ၊ သူများကို ကူညီပုံကို ထောက်ရှု၍ အပြစ်ဒဏ်လည်းမပေးရက်ကြ။ သို့သော် တပည်တော်များ၏ လုပ်ဆောင်ချက်များ မတားမြစ်လျှင်လည်း ယုဒဘာသာဝင်များ လျှော့နည်းကုန်တော့မည်။ ထို့ကြောင့် ပေတရုနှင့် ယောဟန်အား ယေရှုအကြောင်း လူထုပရိသတ်သို့ မဟောကြရန် တားမြစ်ပိတ်ပင်ကြသည်။
၄:၁၉–၂၀ ပေတရုနှင့် ယောဟန် သည် ထိုတားမြစ်ချက်အား သဘောမတူနိုင်။ လူ့အလိုကို မနာခံနိုင်။ ဘုရားသခင်ကိုသာ သစွာရှိကြသည်။ အကယ်၍ တားမြစ်ချက်ကို လိုက်နာကြလျှင် အုပ်စိုးသူခေါင်းဆောင်များကလည်း အပြစ်ရှာတော့မည်မဟုတ်။ တပည့်တော်များသည် ခရစ်တော်၏ ထမြောက်ခြင်းကို သက်သေခံမြဲ ခံနေကြသည်။ တနေ့ပြီးတနေ့ ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်လံဟောကြားသည်။ သခင်ယေရှုသည် ကယ်တင်ရှင်သခင်ဖြစ်ကြောင်း ရဲဝဲ့စွာ သက်သေခံကြသည်။
၄:၂၁–၂၂ အုပ်စိုးသူမင်းများသည် ပေတရုတို့အား အပြစ်မပေးရက်နိုင်အောင် ဖြစ်နေကြသည်။ ပရိသတ်ကလည်း တပည့်တော်များ၏ အံ့ဘွယ်နိမိတ်လက္ခဏာများကို သိမြင်လက်ခံကြသည်။ အသက်(၄၀)ကျော်ထိ လမ်းမလျှောက်နိုင်သူအား ကျန်းမာလမ်းလျှောက်စေနိုင်ခြင်းကို လူတိုင်းသိမြင်ကြသည်။ ထိုအမှုသည် ကောင်းသောအမှုဖြစ်ကြောင်း လူတိုင်း လက်ခံသင့်ကြသည်။ ထို့ကြောင့် မင်းတိုင်ပင်အမတ်များသည် ပေတရုနှင့်ယောဟန်တို့အား အပြစ်တင်စွပ်စွဲစရာ မပြုနိုင်ကြ။
၄:၂၃ မင်းတိုင်ပင်အမတ်များက လွှတ်ပေးသောအခါ တပည့်တော်များသည် ယုံကြည်သူလူအုပ်ဆီသို့ ဒရောသောပါး ပြေးလွှားသက်သေခံ ကြသည်။ ယဇ်ပုရောဟိတ်များနှင့် ပြောဆိုကြပုံများကို ရှင်းပြကြသည်။ ထိုကဲ့သို့ပင် ယုံကြည်သူများသည် မိမိဘဝအသက်တာတွင် ဘုန်းတော်ထင်ရှားရာများကို မိဿဟာယအဖွဲ့ဝင် အပေါင်းအသင်းများ ခွန်အားရဖို့ သက်သေခံရသည်။
၄: ၂၄–၂၆ သန့်ရှင်းသူများသည် ထို သက်သေခံချက်များကို ကြားလျှင်ကြားခြင်း၊ ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ကြသည်။ ဓမ္မသစ်ကျမ်းတွင် အခြားနေရာ၌ မတွေ့ရသော “ အစိုးရတော်မူသောအရှင်” ဟု ခေါ်ဝေါ်ချီးမွမ်းကြသည်။ ဆာလံ ၂ ပါ ဒါဝိဒ်၏ကျမ်းစကားများ ကိုကိုးကား၍ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခရစ်တော်၏ နာမတော်ကို ချီးမွမ်းကြသည်။ ထိုဆာလံကျမ်းသည် ခရစ်တော်ဘုရားပေါ်ထွန်း၍ နိုင်ငံတော်တည်ထောင်မည့် အကြောင်းရည်ညွှန်းသည်။ ထိုခေတ်အခါက ကနဦး ခရစ်ယာန်များ အခြေအနေသည် ထိုကျမ်းစကားနှင့် လိုက်လျောညီထွေဖြစ်နေသော ကြောင့် နှစ်ခြိုက်ကိုးကားကြခြင်း ဖြစ်သည်။ ဝိညာဉ်တော်နှင့် ပြည့်စုံကြသောကြောင့် ဆုတောင်းခြင်း၌လည်း ရဲရင့်ကြသည်။
၄: ၂၇–၂၈ ထိုကာလတွင် ယေရုရှလင်၌ ရောမလူမျိုး၊ ယုဒလူမျိုးများသည် ဘုရားသခင်၏ အစေခံယေရှုအကြောင်းကို ဆန့်ကျင်ကြရန် ၂၀ စုရုံးဖွဲ့စည်းကြပြန်သည်။ ဟေရုဒ် က ယုဒများကို ကိုယ်စားပြု၍ ပိလတ်က တပါးအမျိုးသားများကို သရုပ်ဆောင်သည်။ သို့သော် ထိုသူများ၏ ကြံစည်ချက်သည် အထမမြောက်ပါ။ တဝက်တပြတ်နှင့် အခန်းငယ် ၂၈ တွင် ပြီးဆုံးသွားသည်။ ထိုသူများသည် သခင်ယေရှု၏ အမှုတော်အား ဖျက်ဆီးချေမှုန်းကြမည့် မကောင်းသော အကြံအစည်ဖြစ်သည်။ မည်သို့ပင် လူက ကြံစည်စေကာမူ အဆုံးအဖြတ် ပေးပိုင်သူသည် ဘုရားသခင်သာ ဖြစ်သည်။ ထိုအကြောင်းကို Matheson က ဤသို့ရှင်းပြသည်။
ထိုမင်းတိုင်ပင်အမတ်များ၏ အကြံအစည်မှာ တမန်တော်များနှင့် အပေါင်းအဖေါ်များအား ရိုက်နှက်ဆုံးမရန်ဖြစ်သည်။ ဖမ်းဆီးရိုက်နှက်မည့်သူများအား မျက်နှာချင်းဆိုင် ဆုံတွေ့သောအခါတွင်မူ ရိုက်နှက်ဖို့နေနေသာသာ ခရစ်တော်၏ ဘုန်းတန်ခိုးဘက်သို့ တိမ်းညွှတ်ကြသည်။ ဘုရားသခင်သည် ထိုလူဆိုးများအား လေမုန်တိုင်းဒဏ် မသင့်စေပါ။ ထိုသူများကို စီးနင်းမောင်းနှင်သည် ထိုသူများအပေါ်၌ ဘုန်းတော်ထင်ရှား အလုပ်လုပ်တော်မူသည်၂၁
၄: ၂၉–၃၀ ဘုရားသခင်၏ အုပ်စိုးခြင်းတန်ခိုးကို လက်ခံယုံကြည်ရန် (၃)မျိုး ဆုတောင်းကြသည်။
၁။ ထိုသူများ၏ ခြိမ်းခြောက်မူကို ဘုရားသခင် ရှုမှတ်ရန်။ ထိုသူများ၏ ဆိုးညစ်မှုကို အပြစ်ဒဏ်ပေးဖို့ ဆုမတောင်းကြပါ။ ဘုရားရှင် အလိုတော်အတိုင်းဖြစ်ဖို့ လက်တော်ထဲသို့ အပ်နှံကြသည်။
၂။ အစေခံများအား သတ္တိရှိစေရန်။ အသက်လုံခြုံရေးကို ဦးစားမပေးကြပါ။ နှုတ်ကပတ်တော်ဟောကြားဖို့ သတ္တိ တောင်းဆိုကြသည်။
၃။ ထိုလူဆိုးများ၏ အနာရောဂါများ ပျောက်ကင်းဖို့ လက်တော်ဆန့်တန်းရန်။ အစောပိုင်း ဧဝံဂေလိတရားဟောကြားရာတွင် ဘုရားသခင်သည် ယေရှုနာမတော်ဖြင့် အံ့ဖွယ်နိမိတ်လက္ခဏာ များပြခဲ့သည်။ ရှေ့ဘက်အမှုတော်မြတ်၌ လက်တော်ဆန့်တန်းဖို့ ဆုတောင်းကြသည်။
၄:၃၁ ထိုသို့ တလုံးတဝတည်း ဆုတောင်းကြသောအခါ ထိုဆုတောင်းသောနေရာသည် ဝိညာဉ်တော်တန်ခိုးဖြင့် တုန်လှုပ်သွားသည်။ ဆုတောင်းသူများသည် ဝိညာဉ်တော်ဖြင့် ပြည့်ဝကြပြီး သခင်ဘုရား၏ စကားတော်ကို နာခံလျက် အလင်း၌ လျှောက်ကြသည်။ သခင်ဘုရား၌ စိတ်အားထက်သန်ကြသည်။ နှုတ်ကပတ်တော်ကို ရဲရင့်စွာ ဟောပြောကြသည်။ ဆုတောင်းသံများကို ဘုရားသခင်က အဖြေပေးခြင်းဖြစ်သည်။
ဆုတောင်းသူများသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြကြောင်းကို တမန်တော်ဝတ္ထုတွင် ကြိမ်ဖန်များစွာ ရေးထားသည်။ အောက်ပါ ကျမ်းပိုဒ်များကို ကြည့်ပါ။
၁။ ဘာသာစကားအမျိုးမျိုးပြောဆိုခြင်း (၂:၄၊ ၄:၈)
၂။ အမှုတော်ခန့်အပ်ခြင်း (၆:၃)
၃။ သိုးထိန်းခိုင်းခြင်း (၁၁:၂၄)
၄။ မှော်ဆရာအား အပြစ်တင်ခြင်း (၁၃:၉)
၅။ အသေခံခြင်း (၇:၅၅)
၄:၃၂–၃၅ ခရစ်တော်၏ ချစ်ခြင်းနှင့် ပြည့်ဝသောအခါ အချင်းချင်းချစ်ခင်ကြင်နာကြသည်။ ထိုချစ်ခြင်းမေတ္တာသည် ပေးကမ်းခြင်းမေတ္တာဖြစ်သည်။ ရှေးဦး ယုံကြည်သူများသည် ခရစ်တော်၌ အကျင့်ကောင်းများဖြင့် ဆက်ဆံကြသည်။ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုများထက် မိဿဟာယ၏ အရေးအရာကို ပိုမိုဦးစားပေးသည်။ တမန်တော်များ အမှုတော်ထမ်းဆောင်ရာ၌ အခက်အခဲ ချို့တဲ့မှုရှိလျှင် ယုံကြည်သူများသည် မိမိတို့မြေယာ၊ အိုးအိမ်ပိုင်ဆိုင်မှုများကို ထုခွဲရောင်းစား၍ ပံ့ပိုးကြသည်။ ထိုသို့အရေးကြီးသော လိုအပ်ချိန်တွင် ကူညီခြင်းသည် သာမန်အချိန်တွင် ပေးလှူခြင်းထက် ကုသိုလ်မြောက်သည်။ ထိုအကြောင်းကို F.W Grant က ဤသို့ရှင်းပြသည်။
ပုဂ္ဂိုလ်ရေးအရ ပေးလှူခြင်းသည် ကောင်းသောပါရမီဖြစ်သည်။ သို့သော် အပြန်အတွက် မျှော်လင့်ချက်မထားသော မေတ္တာမျိုးဖြစ်ရသည်။ စိတ်ရင်းစေတနာဖြင့် ခရစ်တော်အတွက် ပေးလှူခြင်းသည်သာလျှင် ဘုရားရှင်ကို အမှန်တကယ် ပိုင်ဆိုင်ရာရောက်သည်၂၂
အချို့က စောင်းချိတ်မဲ့ပြချင်သော်လည်း F.E.Marsh ခေတ်ကာလ ပေးလှူခြင်းကို ဤသို့ရှင်းပြသည်။
ကနဦးယုံကြည်သူများသည် ယနေ့ခေတ်ကာလ ယုံကြည်သူများနှင့် အခြေအနေ မတူညီကြပါ။တ ၄:၃၂–၃၅ သည် မရှိမဖြစ် လုပ်ဆောင်ရမည့်အချက်များဟု ရှင်ပေါလုကာက မဆိုထားပါ။ နမူနာယူရန်ဖြစ်သည်။ “ယုံကြည်သူများသည် တစိတ်တဝမ်းတည်းရှိကြသဖြင့် မည်သူမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်သည်ဟုမဆိုဘဲ ခပ်သိမ်းသောဥစ္စာပစ္စည်းတို့ကို အများပိုင်ဘုံပစ္စည်း အဖြစ်သာလျှင်ထားရှိကြ၏။ တမန်တော်တို့သည် သခင်ယေရှုရှင်ပြန် ထမြောက်တော်မူခြင်းအကြောင်းကို သက်သေခံကြ၏။ ဘုရားသခင်သည် အားလုံးပေါ်သို့ ကောင်းကြီးမင်္ဂလာကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။ လယ်ကိုဖြစ်စေ အိမ်ကိုဖြစ်စေရောင်းချ၍ ရရှိသောငွေများကို တမန်တော်တို့အားပေးအပ်ကြသည်။ တမန်တော်တို့သည် ချို့တဲ့သူများကို ပမာဏအလိုက် ခွဲဝေပေးကြ၏။ ဤသို့ဖြင့် ထိုလူစုထဲတွင်ချို့တဲ့သူဟူ၍ တစ်ယောက်မှမရှိ။ ၂၃
ထိုအမူအကျင့်သည် သခင်ဘုရားနှင့် ဆက်ဆံခြင်းဖြင့်ပေါ်ထွန်းလာသော အံ့ဖွယ်လက္ခဏာဖြစ်သည်။ ထိုအကြောင်းသည် အပိုဒ်ငယ် ၃၃ ပါ “ယေရှုရှင်ပြန်ထမြောက်တော်မူကြောင်းကို တန်ခိုးကြီးစွာဖြစ့် သက်သေခံကြ၏။ ဘုရားသခင်သည် ထိုသူတို့အား ကြွယ်ဝစွာကောင်းကြီးမင်္ဂလာချပေးတော်မူ၏” ဟူသောကျမ်းပိုဒ် အကျိုးသက်ရောက်မှုဖြစ်သည်။ ရှိသမျှအားအမှုတော်အတွက် ဆက်ကပ်သူများကို ဘုရားသခင်က အသိအမှတ်ပြုတော်မူသည်။
အချို့က ထိုအကြောင်းအရာသည် ကနဦးအသင်းတော်သားများ၏ အကြာင်းအရာ သက်သက်ဖြစ်သည်။ ယနေ့ခေတ်ကာနှင့် မဆီလျော်ဟု ဝေဖန်ကြသည်။ ထိုသို့သော အတွေးမျိုးသည် ဝိညာဉ်ရေးရာ အားနည်းခြင်း ဖြစ်သည်။ အကယ်၍ ပင်တေကုတ္တေနေ့တွင် ကျရောက်သော ဝိညာဉ်တော်များခံစားလျှင် ဝိညာဉ်အသီးအပွင့်များ အမှန်တကယ် သီးပွင့်ကြပေမည်။
Ryrie က ဤသို့ထောက်ပြသည်။
ပစ္စည်းများထုခွဲ ရောင်းစားခြင်းသည် မိမိသဘောဆန္ဒအရဖြစ်သည်။ ခရစ်ယာန်ကျင့်စဉ်နှင့်မဆိုင်ပါ။ (ငယ် ၃၄ ) ခရစ်ယာန်က လူတစ်ဦး၏ ပိုင်ဆိုင်မှုကို မထိခိုက်စေပါ။ တမန်တော်များသို့ ပေးလှူခြင်းသည် ငွေကြေးမစခြင်းဖြင့် တိုင်းတာစရာမဟုတ်ပါ။ သာတူမျှလုပ်ရမည်ဟု စည်းကမ်းသတ်မှတ်ချက်မရှိပါ။ ထိုကဲ့သို့ သတ်မှတ်ခြင်းမျိုးသည် ကွန်မြူနစ် ဝါဒ ကျင့်စဉ်သာဖြစ်သည်။ ဤသို့ပေးကမ်းခြင်းသည် ခရစ်ယာန်များ၏ ဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်။၂၄
အပိုဒ်ငယ် ၃၃ နှင့်ပတ်သက်၍ မှတ်သားစရာရှိသည်မှာကြီးသောဘုန်းတန်ခိုးနှင့် ကြီးမားသော ကျေးဇူးတော်ဖြစ်သည်။ Vance Havner က (၁)ကြောက်ရွံ့မှုကြီးခြင်း (၅:၅-၁၁)၊ (၂) ကြီးလေးသောညှဉ်းပန်းနှိပ်စက်ခြင်း (၈:၁)၊ (၃) အလွန်ဝမ်းမြောက်ခြင်း ( ၈:၈၊ ၁၅:၃)၊ (၄) လူအုပ်ကြီး ယုံကြည်ကြခြင်း(၁၁:၂၁) ဟုမှတ်သားခိုင်းသည်။
၄:၃၆–၃၇ ဤကျမ်းပိုဒ်များသည် အခန်း ၅ နှင့်ဆက်စပ်သည်။ စေတနာသဒ္ဒါတရားရက်ရောသော လေဝိအမျိုးသားဗာနသည် လယ်ယာပိုင်ဆိုင်သူဖြစ်သည်။ ဘုရားသခင်က လေဝိအမျိုးအနွယ်အား ခွဲတမ်းပေးထားပါသည်။ မည်သို့မည်မျှ ပိုင်ဆိုင် သည်ကို မသိရပါ။ သို့သော် ဘုရားသခင်၏ အမှုတော်၌ တမန်တော်များလုပ်ဆောင်မှုများကို ထောက်ခံသောကြောင့် သူ့လယ်ယာမြေကို ရောင်းချ၍ ပါဝင်ထည့်လှူကြောင်းတွေ့ရသည်။