တရားဟောရာကျမ်း ၂
(ဂ) ကာဒေရှမှ ဟေရှဘုန်သို့ (အခန်း ၂)
၂:၁–၂၃ ကာဒေရှဗာနမှ ဧဒုံနယ်စပ် (ငယ် ၁-၇) သို့ချီတက်ရာတွင် ဧဒုံသားများနှင့် ပြဿနာမဖြစ်လို၍ ရှောင်ကွင်းချီတက်ရသည်။ မောဘလူမျိုးများနှင့် မရင်ဆိုင်လိုသောကြောင့် ဇေရပ်လွင်ပြင်ကို ကွေ့ပတ်၍ ချီတက်ခဲ့ရသည်။ ဘုရားသခင်က မောဘအမျိုးသားများအား ထိုခိုက်နှောင့်ယှက်ခြင်းမပြုရန်တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်ဒေသကို ဘုရားရှင်က အမ္မုန်အမျိုးသားများသို့ အပိုင်ပေးထားသည် (ငယ် ၁၆-၁၉)။ ရှေးသရောအခါကလည်း ထိုအရပ်ဒေသခံလူများသည် ဗလထွားကျိုင်းသော လူကောင်ကြီးကြီးများ နေရာဖြစ်ခဲ့သည်။ ထိုသူများကို အမ္မုန်ပြည်သားများက ဇံဇုမ္မိမ် ဟု ခေါ်ကြသည်။ သို့သော်လည်း ဟောရပြည်ကို ဧသောအမျိုးသို့ပေးအပ်သကဲ့သို့ ဇံဇုမ္မိမ်ပြည်အား အမ္မုန်အမျိုးလက်ထဲသို့ ဘုရားသခင်ကပေးထားသည်။ အာဝိန်လူမျိုးကိုလည်း ကတ္တောရမြို့မှ ဖယ်ရှင်းခဲ့သည် (ငယ် ၂၀-၂၃)။
၂:၂၄–၃၇ အခန်း ၂ ၏ အဓိကအနှစ်သာရသည် ဟေရှဘုန်ဘုရင်၊ အာမောရိလူမျိုး ရှိဟုန်၏ပြည်အား အောင်မြင်နှိမ်နင်းခြင်းဖြစ်သည်။ အပိုဒ်ငယ် ၂၉ တွင် ဧဒုံအမျိုးသည် ဧသော၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု သတိပေးထားသည်။ ဣသရေလတို့သည် ထိုဧဒုံအမျိုးသားများထံ စားစရာအစာ၊ သောက်စရာရေ အလကားမယူရ။ ဝယ်ယူရမည်ဟု မိန့်မှာထားသည်။ တော ၂၀:၁၄-၂၂ တွင် ဧဒုံမင်းသည် ဣသရေလတို့အား ပတ်သက်ဆက်ဆံခြင်းအလျဉ်းမပြုဟု မှတ်တမ်းတင်ထားသည်။ သောဒုံမင်းက ထမင်းတစ်လုတ်၊ ရေတစ်စက် အကုန်မခံနိုင်ဟု ငြင်းဆိုထားသော်လည်း ရပ်သူရွာသားအချို့က လူလူချင်း စာနာညှာတာစိတ်ဖြင့် ရောင်းပေးခြင်းဖြစ်နိုင်သည်။ ငယ် ၁၀-၁၂ နှင့် ၂၀-၂၃ သည် မောရှေနောက်တွင် ထပ်ဖြည့်ခြင်းဖြစ်ဟန်တူသည်။ သို့သော်လည်း ဝိညာဉ်တန်ခိုးပါရှိသည်။