ဓမ္မရာဇဝင်တတိယစောင် ၂

() ဒါဝိဒ်၏ရှောလမုန်သို့ နောက်ဆုံးမှာတမ်း (:၁၁)

:၁၁  ဒါဝိဒ်ထွက်ပြေး တိမ်းရှောင်ရခြင်းကို ကျေးဇူးတော်ကာလ သခင်ခရစ်တော် ငြင်းငယ်ခံရခြင်း အဖြစ်ပုံနှိုင်းလျှင်၊ ရှောလမုန် နန်းစံခြင်းကို ခရစ်တော် နှစ်တစ်ထောင် နိုင်ငံတော် စိုးစံခြင်းနှင့် ခိုင်းနှိုင်းရပေမည်။ သခင်ခရစ်တော်သည် နိုင်ငံတော် တည်ထောင်ဖို့ တဖန်ကြွလာသောအခါ ဦးစွာသူ့ရန်သူများကို ချေမှုန်းသုတ်သင်မည်။ နိုင်ငံတော်၏ ခလုတ်ကန်သင်းများကို ကျူငုတ်မကျန် ဖယ်ရှားသည့် ပုံရိပ်အား အခန်း (၂) တွင် တွေ့မြင်ရမည်ဖြစ်သည်။

ဒါဝိဒ်မင်း သေဆုံးခါနီးတွင် သားတော် ရှောလမုန်အား လိမ္မာရေးခြား ရှိဖို့၊ ဘုရားသခင်စကားတော်ကို နာခံဖို့၊ လူ့သဘောသဘာဝကို နောကြေဖို့ မှာခဲ့သည်။ စစ်သူကြီး ယွာဘသည် အာဗနာနှင့် အာမသတို့ကို ကွပ်မျက်ခဲ့သဖြင့် ဤအတိုင်း လက်ပိုက်ကြည့်မနေနှင့်။ အဗရှလုံရန်ကို ကြောက်၍ ထွက်ပြေးနေစဉ် ဗာဇိလဲ၏သားများသည်  ဒါဝိဒ်ကို စောင့်ရှောက်ကူညီ သူများဖြစ်သောကြောင့် ကျေးဇူးမမေ့နှင့်။ ရှိမိသည် ဒါဝိဒ်မင်း နန်းတက်မည့်အကြောင်းသိသောအခါ ယော်ဒန်မြစ်၌  လာရောက်တွေ့ဆုံ နှုတ်ဆက်သော်လည်း ဆင်းရဲဒုက္ခရောက်ခဲ့စဉ် သွားကျိုးမတက်ဆဲဆိုသူ ဖြစ်သောကြောင့် (၉၆)ပါး ရောဂါဖြင့် မသေစေနှင့်ဟု မိန့်မှာခဲ့သည်။ အပိုဒ်ငယ် (၅)တွင် ပါရှိသည့် “စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်းခြင်း” ကို “ငြိမ်းချမ်းချိန်ကာလတွင် သွေးမြေကျခြင်း” ဟု NIV ကျမ်းမူ၌ ရေးသည်။

ဒါဝိဒ်မင်းသည် နှစ်ပေါင်း (၄၀) နန်းစံပြီးနောက် နတ်ရွာစံသော် အလောင်းကို ဘေရုရှင်လင်တွင် သင်္ဂြိုဟ်သည်။

 

၂။ ရှောလမုန်ဘုရင်၏ ရွှေခေတ်ငွေခေတ် (:၁၂-၁၁:၄၃)

(က) ဆန့်ကျင်ပုန်ကန်သူများကို နှိမ်နှင်းခြင်း (:၁၂၄၆)

:၁၂၂၅  ရှောလမုန်၏ ရာဇပလ္လင် သည်  တည်ငြိမ်ခန့်ညားချေပြီ။ အဒေါနိယခါချဉ်ကောင်သည် တောင်ကြီးဖြိုမည့်ကြံ၊ ခါးမသန်မာန်လျှော့လေပြီ(ငယ် ၁၅)။ သို့သော်သွေးရိုးသားရိုးလား။ ခြေပုန်းခုန်နေမည်လာ။ ရှောလမုန်၏ မယ်တော်မှတဆင့် ဒါဝိဒ်၏ ကူဖော်လောင်ဖက် အပြုစုတော် အဘိရှက် အားတောင်းဆိုသည်။ အမှန်စင်စစ် အဘိရှက်သည် ဖခင်၏ မောင်းမဖြစ်၍ မိထွေးတော်စပ်သည်။ ရှောလမုန် က မယ်တော်အား အဘိရှက်သာမက တစ်နိုင်ငံလုံးပါ တောင်းဆိုပေးပါလား ဟု ရွဲ့ဆိုသည်။ အဒေါနိယ၏ စိတ်သဘောထားကို ထွင်းဖောက်သိမြင်သောကြောင့် တောင်စွယ်နေကွယ် သည်နှင့် အသက်ပျောက်စေဟု ရှောလမုန်က အမိန့်တော်ချမှတ်သည်။

:၂၆၃၄  အဒေါနိယကို အားပေးထောက်ခံမှုကြောင့် ယဇ်ပုရောဟိတ် အဗျာသာ ကိုလည်းရာထူးမှ ဖယ်ရှားလိုက်သည်။ ထိုအဖြစ်အပျက်သည် ဧလိယမိသားစုသို့ ပရောဖက်ပြုထားချက် တဝက်တပြတ် ပြည့်စုံခြင်း (၁ရာ ၂:၃၁-၃၅)ဖြစ်၏။ ယဇ်ပုရောဟိတ် အဗျာသ ရာထူးမှ ဖြုတ်ချခံရကြောင်းကို ကြားသိသောအခါ ယွာဘသည်  အသက်ဘေးမှ လွတ်ငြိမ်းချမ်းသာဖို့ ယဇ်ပလ္လင်ဦးချို ကို သွားရောက်ဖက်တွယ်သည်။ ထိုသို့ ယဇ်ပလ္လင်ကို ဖက်တွယ်မနေဘဲ ထွက်ပြေးရန် ဗေနာယက အကြံပေးသော်လည်း လက်မခံ။ ထိုနေရာမှာပင် အသေခံမည်ဟု ဆိုသည်။ ထို့ကြောင့် ထိုနေရာ၌ ကွပ်မျက်၍ တောအရပ် ယွာဘအိမ်၌ သင်္ဂြိုဟ်စေ သည်။ ၎င်းမှာ အာဗနာနှင့် အာမသတို့၏ အသက်သွေးဖို့ ပြန်တောင်းခြင်းဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်သူများအား ဘုရားသခင်၏ ယဇ်ပလ္လင်က လုံခြုံမှုမပေးပါ။

:၃၅  ဗေနာယ ကို စစ်ဗိုလ်ချုပ်အရာ၌ ၎င်း၊ ယာဒုတ်ကို အဗျာသ၏ နေရာတွင် ယဇ်ပုရောဟိတ်ကြီး အဖြစ်၎င်း ခန့်အပ်သည်။ ဗေနာယ သည် ရှောလုမင်း လက်ထက်မှစ၍ ဒါဝိဒ်မင်းလက်ထက်တိုင်အောင် အမှုတော် ထမ်းဆောင်ခဲ့သည်။ ဒါဝိဒ်၏ကိုယ်ရံတော်တပ်မှူး လည်းလုပ်ခဲ့သည် (၂ရာ ၂၀:၂၃)။ မကြောက်မရွံ့၊ ဦးလည်မသုံသော သတ္တိသွေးဖြင့် ဒါဝိဒ်မိသားစု ထံ သစ္စာခံသူ စစ်သူကြီးဖြစ်သည်။ ထိုစရိုက်လက္ခဏာသည် ဒါဝိဒ်၏သွေးသားမျိုးဆက် ယေရှုခရစ်တော်တွင် ပြည့်စုံသည်။

:၃၆၄၆  ရှိမိ ကိုချက်ချင်း သေဒဏ်မချမှတ်ပါ။ အကျယ်ချုပ်ချုပ်ထားသေးသည်။ မြို့ငြင်ထွက်ခွင့်မရ။ နောင် နှစ်ကြာသောအခါ မေ့လျော့ဟန်ဆင်၍ ထွက်ပြေးသွားသော ကျွန်နှစ်ယောက်ကို ရှာဖွေ ဖို့ ဂါသမြို့ သို့ ထွက်သွားသည်။ ထို့ကြောင့် ရှောလမုန်က အဘဒါဝိဒ်မင်းအား ပြုခဲ့သောအပြစ်ကို ပြန်လည်ဖော်ထုတ်၍ ယေရုရှလင်သို့ ရှိမိ ပြန်ရောက်သည့်နေ့ တွင် အဆုံးစီရင်လိုက်သည်။

ရှောလမုန်မင်း သည် နိုင်ငံတော်တဝှမ်း ငြိမ်ဝပ်ရေးအတွက် ခလုက်ကန်သင်း အဟန့်အတားများကို ဖယ်ရှားသန့်စင် သည်။ တိုင်းပြည်၏ ဆူးညှောင်းများကို ဖယ်ရှားပြီးသောအခါ အေးချမ်းသာယာလာသည်။ ခရစ်ယာန် အသက်တာတွင်လည်း သခင်ခရစ်တော် စိုးစံခြင်းအား အဟန့်အတားဖြစ်စေမည့် အရာများကို ဖယ်ရှားပြီးမှသာလျှင် ဝိညာဉ်တော်သည် ကိန်းဝပ်စိုးစံ မည့်ဖြစ်ကြောင်း နားလည်ရသည်။