တမန်တော်ဝတ္ထု ၇

:  ပထမကျမ်းပိုဒ်သည် ဟေဗြဲလူမျိုးသမိုင်းအစကို ပြန်ကောက်ပေးခြင်းဖြစ်သည်။ အာဗြဟံ၏ သမိုင်းဇတ်လမ်းကို အဘယ်ကြောင့် အတိအကျ ရှင်းပြသည်ကို မသိရပါ။

၁။ သတေဖန်သည် ဣသရေလလူမျိုးအား ချစ်ခင်ရင်းနှီးသူဖြစ်ကြောင်း ပြသသည်။

၂။ မောရှေနှင့်ယောသပ်ကို အလေးပေးကြသော်လည်း ယေရှုကို ငြင်းပယ်ကြကြောင်း သတိပေးသည်။

အာဗြဟံသည် ဘုရားသခင်ကို လက်ခံကိုးကွယ်သူဖြစ်သည်နှင့် အညီ ညစ်ညမ်းသည်ဟု မဆို။ (သတေဖန်သည် အာဗြဟံ ကိုးကွယ်အသုံးပြုလာခဲ့သော ဗိမာန်တော်ကို ဆန့်ကျင်သည်ဟု စွပ်စွဲခံရသည်။ )

အာဗြဟံ၏ ထင်ရှားသော ကိုယ်ရေးအချက်အလက်များမှာ –

၁။ မေသောပေါတာမိပြည်မှ ဘုရားသခင်က ခေါ်ထုတ်သည်၊ (အငယ် ၂:၃)

၂။ ခါရန်ပြည်မှ ကာနာန်ပြည်သို့သွားသည်။ (ငယ် ၄)

၃။ ဘုရားသခင် ကတိတော်ပြုသော နေရာသို့ ဓါးမဦးချရောက်ရှိစဉ် အာဗြဟံအား မည်သည့်အရာ တစုံတစ်ခုမှမပေး။ အသုဘချဖို့ မြေတကွက်မျှပင်မပေး။ သို့သော် ကတိတော်သည် ပြည့်စုံလာသည်။ (ဟေဗြဲ ၁၁:၁၃-၄၀)

၄။ ဘုရားသခင်သည် ဣသရေလလူမျိုးအား အဲဂုတ္တုကျွန်ဘဝမှ ရွေးနှုတ်လာခဲ့ပြီးဖြစ်သည်။ (ငယ် ၆-၇)။ ယောသပ် (ငယ် ၉-၁၉)၊ မောရှေ (ငယ် ၂၀-၃၆။ အခန်းငယ် ၆ သည် အတိတ် နှစ်ပေါင်း လေးရာခန့်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာ (က ၁၅:၁၃)ကို ပြည်လည်ဖေါ်ညွှန်းသည်။ ယုဒလူမျိုးများ အဲဂုတ္တုကျွန်ဘဝခံစားခဲ့ပုံကို သတိရစေသည်။ ယာကုပ်မိသားစု အဲဂုတ္တုတွင် အခြေချသည့်အချိန်မှစ၍ ပြန်လည်လွတ်မြောက်သည့် အချိန်ထိနှစ်ပေါင်း (၄၃၀) ကြာခဲ့ကြောင်း (ထွ ၁၂:၄၀) နှင့် (ဂလာ ၃:၁၇)တွင် ရေးထားသည်။ ထိုဣသရေလများသည်      ၁-ရာစုနှစ်တွင် ညှင်းပန်းနှိပ်စက်ခြင်းမခံရသေးပါ။ တော်ဝင်နန်းမျိုးနွယ် အဖြစ်ရှိနေကြသည်။

၅။ အရေဖျားလှီးခြင်း ပညတ်ချက် (ငယ် ၈)။

၆။ က္ကဇာတ်၊ ယာကုပ်မှစ၍ လူမျိုးနွယ် ဖခင်ကြီး (၁၂) ပါး (ငယ် ၈)၊ ယာကုပ်၏ သား(၁၂)

ယောက်ထဲမှတပါး ယောသပ်က အစပြုသည်။

၇:၉-၁၉ ဓမ္မစောင်းကျမ်းစာလာအရ ယောသပ်သည် ယေရှု၏ ဘိုးစဉ်ဘောင်ဆက်ဘိုးအေးဖြစ်သည်။ အရေးပါအရာရောက်အချက်ကျသူ ဖြစ်သော်လည်း အထူးတလည်အသားပေးခြင်းမရှိ။ သတေဖန်က ယုဒသမိုင်းကြောင်းရှင်းပြမှသာလျှင်ယောသပ်၏ သားမြေးစဉ်ဆက်ဖြင့်နာဇရက်ယေရှုနှင့် အမျိုးမကင်းကြောင်းသိရှိကြပုံရသည်။

၁။ ယောသပ်ကို ညီအကိုများက အဲဂုတ္တုပြည်သို့ရောင်းစားခဲ့ကြသည်။၊ (ငယ် ၉)

၂။ ထိုအပယ်ခံရတနာသည် အဲဂုတ္တုပြည်တွင်တမိပေါက် တစ်ယောက်ထွန်းထင်ရှားခဲ့သည်။(ငယ် ၁၁-၁၂)

၃။ယောသပ်၏အကိုများသည် ငတ်မွတ်ခေါင်းပါးဒဏ်ကြောင့် အဲဂုတ္တုပြည်သို့ အစာရေစာရှာကြသည်။ သူတို့ညီအစ်ကိုတွေ့ကြသောလည်းမမှတ်မိကြ။ ( ငယ်၁၁-၁၂ )

၄။ ဒုတိယအကြိမ်တွင် ယောသပ်က အမှတ်ပေးလိုက်သည်။ အပယ်ခံရတနာသည် မိသားစုကယ်တင်ရှင်သခင်ဖြစ်သည် (ငယ် ၁၃-၁၄) (ငယ် ၁၄) တွင်မ ပါရှိသည့်(၇၅) ယောက်နှင့် (က၄၆:၂၇)မှ (၇၀)သောဆွေမျိုးတို့သည် ကွာခြားသည်။ သတေဖန်၏စကားသည် ဂရိကျမ်း(က ၄၆:၂၇)နှင့်(ထွ ၁:၅)အတိုင်းဖြစ်သည်။ ဟေဗြဲကျမ်းတွင်(၇၀)ဟုပါရှိသည်။ ထိုယာကုပ်၏ သားသမီးများ အရေအတွက် ကိန်းဂဏန်း ကွာခြားချက်နှင့် ပတ်သက်၍ အတွေအထူးအငြင်းပွားစရာရှိမည်မထင်။ ၂၉

၅။ ဖခင်ကြီးများကွယ်လွန်၍ ခါနာန်ပြည်တွင်သင်္ဂြိုလ်ကြခြင်း ( ငယ် ၁၅-၁၆)။ ဤနေရာမှာ ကျမ်းပိုဒ်ကွဲလွဲချက်ရှိပြန်သည်။ ဟာမော်ထံမှသုသာန်မြေလုပ်ဖို့အာဗြဟံက မြေကွက်ဝယ်ထားသည်ဟုဆိုသည်။ က ၂၃:၂၆-၁၇ တွင်မူအာဗြဟံသည် ဧဖရုန်ထံမှ မြေကွက်ဝယ်သည် ဟုဆိုသည်။ က ၃၃:၁၉ တွင် ယာကုပ်သည် ရှေခင်သားဟာမော်ထံမှ မြေကွက်ဝယ်သည်ဟုဆိုသည်။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ (၁) အာဗြဟံသည် ရှေခင်နှင့်ဟေဗြုန်နှစ်ခုစလုံးတွင် မြေကွက်ဝယ်ထားခြင်းဖြစ်နိုင်သည်။ ယာကုပ်ကလည်းရှေခင်တွင် နောက်ထပ်ဝယ်ယူခြင်းဖြစ်နိုင်သည်။ (၂) သတေဖန်သည် အာဗြဟံ၏ သားစဉ်မြေးဆက်များ ဝယ်ယူခြင်းကို ဘိုးအေနာမည်တပ်ခြင်းဖြစ်နိုင်သည်။ (၃) သတေဖန်သည် စကားအလွယ်ပြောခြင်းဖြစ်နိုင်သည်။၃၀

၆။ ယောသပ်ကွယ်လွန်ပြီးနောက်ပိုင်းတွင် အဲဂုတ္တုပြည်၌ ယာကုပ်အမျိုးသည် လူဦးရေများစွာတိုးပွားလာသည် (ငယ် ၁၇-၁၉). ထို့ကြောင့်ထိုသူများ၏ ကံကြမ္မာစီရင်ဖို့ မောရှေပေါ်ထွန်းခြင်းဖြစ်သည်ဟု သတေဖန်က ရှင်းပြသည်။

၇:၂၀-၄၃ သတေဖန်သည် ယုဒေလူမျိုး၏ စောစောက စွပ်စွဲချက်များကို သတ္တိရှိရှိ အချက်ကျကျချေပသည်။ ယုဒများငြင်းပယ်သော မေရှိယသခင်ယေရှုရှင်အကြောင်းကိုချေပပြီးနောက် ဆက်လက်၍ မောရှေအကြောင်းကိုလျှောက်လဲချေပသည်။က္ကသရေလလူမျိုးသည် ဘုရားသခင်ရွေးချယ်ပေးသောလမ်းကို ငြင်းပယ်ကြသောကြောင့်မှားယွင်းကြကြောင်းထောက်ပြသည်။

၁။ မွေးဖွားခြင်း၊ ငယ်စဉ်တောင်ကျေးဘဝနှင့် အဲဂုတ္တုပြည်တွင် ပညာရည်နို့စို့ခဲ့ပုံ (ငယ် ၂၀-၂၂)။ သတေဖန်ပြောသော စကားများသည် အံ့သြဖွယ်ကောင်းလောက်အောင် (ထွ ၄:၁၀) နှင့်တလေတည်းတသံတည်းဖြစ်နေသည်။

၂။ အဲဂုတ္တုသားများ၏ စောကားမှုကို ခုခံပေးသောကြောင့်မိမိညီအကိုများက သစ္စာဖောက်ပြီး ပထမဆုံးအကြိမ် ငြင်းပယ်ခြင်းခံရသည် (ငယ် ၂၃-၂၈)။ အငယ် ၂၅ ကို သတိထားကြည့်ပါ။ မိမိလူများက ခရစ်တော်ကို ငြင်းပယ်ခြင်းနှင့်တူနေသည်။

၃။ မိဒျန်ပြည်သို့ ထွက်ပြေးခိုလှုံသည် (ငယ် ၂၉)။

၄။ ဘုရားသခင်က ခြုံပုတ်မီးလောင်ထဲက ကိုယ်ထင်ပြသည်။ သူ့လူများကို ရွေးနှုတ်ရန် အဲဂုတ္တု ပြည်သို့ ပြန်ပို့သည် (ငယ်၃၀-၃၅)။

၅။ မိမိအမျိုးကို ကယ်တင်သူ ဖြစ်လာသည်၊ (ငယ်၃၆)။

၆။ မေရှိယသခင်ပေါ်ထွန်းမည့်အကြောင်း ပရောဖက်ပြုခဲ့သည်၊ (ငယ် ၃၇)(“ငါကဲ့သို့” ဆိုသည်မှာ သူလည်းထမြောက်မည့်အကြောင်းဖြစ်သည်။)

၇။ ကန္တာရလွင်ပြင်ခရီးတလျှောက်တွင်ပညတ်တော်ပေးပိုင်ခွင့်ရှိသော အရှင်ဖြစ်သည်၊ (ငယ် ၃၈)။

၈။ သူ့လူများက မောရှေကို ဒုတိယအကြိမ်ငြင်းပယ်ကြသည်။ ရွှေနွားရုပ်တုကိုးကွယ်ကြသည် (ငယ် ၃၉-၄၁)။ က္ကသရေလတို့၏ ရုပ်တုကိုးကွယ်ပုံကို အငယ် ၄၂-၄၃ တွင်ရှင်းပြထားသည်။  က္ကသရေလတို့၏ယစ်ပူဇော်ကိုးကွယ်ကြခြင်းမှာ မောလုပ်ဘုရားဖြစ်သည်။ ဘုရားအဖြစ်ကြယ်များကို ကိုးကွယ်ကြသည်။ ထိုအပြစ်များကြောင့် က္ကသရေလလူမျိုးကို ဗာဗုလုန်နယ်စွန်ထိအောင် ကျွန်ခံစေမည်ဟုဆိုသည်။ (ငယ် ၄၂-၄၃) သည် (အာမုသ် ၅:၂၅-၂၇) Septuagint ကို ကိုးကားခြင်းဖြစ်သည်။ အဘယ်ကြောင့် ဒမသတ်မြို့အလွန်အစား ဗာဗုလုန်လွန်သည့်တိုင်အောင် ဟုဆိုပါသည်။ မှန်ပါသည်။

သမိုင်းဘီးတပတ်လည်ခြင်းဖြစ်ပါသည်။ လူမျိုးတိုင်းတွင် မျိုးဆက်ရှိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ထိပ်တိုက်ရင်ဆိုင်သောအခါ နားမလည်ကြသေး (ငယ် ၂၅)။ ဘဝအစဉ်ပြေသောအခါ နှုတ်ကပတ်တော်ကို နာခံရန် ဂရုမစိုက် (၂၇)။ ကယ်တင်ရှင်စေလွှတ်သောအခါ ငြင်းပယ်ကြသည် (၃၉)။ မကောင်းသောအရာမှ ကယ်နှုတ်သောအခါ ကရုဏာတော်အား ရုပ်တုမျှသာ သဘောထားကြသည်(၄၂)။ လူ့သဘောသဘာဝသည် ပုန်ကန်ခြင်း၊ ကျေးဇူးကန်းခြင်း၊ မိုက်မဲခြင်းဖြစ်သည်။  မောရှေကို စကားပြောသော ဘုရားသခင်နှင့် သူတို့ဘိုးဘေးများကို ကတိတော်ပြုသော ဘုရားသခင်သည် အတူတူဖြစ်သည်(၃၂)။ ထိုဘုရားသခင်သည် သူ့လူများ၏ ဆင်းရဲဒုက္ခကိုမြင်သည် (၃၄)။ လာရောက်ကယ်တင်သည်(၃၄)။ သေခြင်းမှရှင်ခြင်းသို့ လမ်းပြဦးဆောင်သည် (၃၆)။ သူ့ကို တမင်သက်သက် လက်မခံငြင်းဆန်သူများကိုမူ လက်မြောက်သည်(၄၂)။ ဘုရားသခင်သည် ကရုဏာတော်၊ ဘုန်းတန်ခိုးနှင့် ဖြောင့်မတ်စင်ကြယ်သော အရှင်သခင်ဖြစ်သည်။ မည်သည့် အခြေအနေအချိန်အခါတွင် မဆို ပြောင်းလဲခြင်းမရှိ (မာလ ၃:၆)။            သတေဖန်၏ တရားနာပရိသတ်အတွက် ထိုဘုရားသခင်သည် လက်မခံနိုင်ဖွယ်ရာမရှိ။ ဘုရားသခင်၏ ကတိတော်များသည် အစဉ်အမြဲတည်တံ့သည်။၃၁

၇:၄၄-၄၆  သတေဖန်က ပရိသတ်အား တဲတော်အကြောင်း ရှင်းပြသည်။ ဘိုးဘေးများသည် ကန္တာရခရီးရှည် ဖြတ်သန်းကြစဉ်တွင် တဲတော်တည်ဆောက်ခဲ့ကြသည်။ ထိုကာလတွင် ပြည်သူပြည်သားတို့သည် ကောင်းကင်ကို မော်ကြည့်ကိုးကွယ်ကြသည်။ ယောရှုသည် ခါနာပြည်ကို ဝင်ရောက် သိမ်းပိုက်စဉ်တွင် ထိုတဲတော်ကို ဖျက်သိမ်းယူဆောင်သွားသည်။ တဖန် ခါနာန်ပြည်တွင် ပြန်ဆောက်၍ ထိုတဲတော်သည် ဒါဝိဒ်၏ နေ့ရက်တိုင်အောင် တည်တံ့ခဲ့သည်။ ဒါဝိဒ်မင်းသည် ဘုရားသခင်ရှေ့တွင် မျက်နှာပွင့်လန်းသူဖြစ်သောကြောင့် ယာကုပ်ဘုရားကျိန်းဝပ်တော်မူရာ ဗိမာန်တော်တည်ဆောက်ဖို့ ဆုတောင်းပြင်ဆင်ခဲ့သည်။

၇:၄၇-၅၀  ဒါဝိဒ်သည် ဗိမာန်တော်ကို တည်ဆောက်ရန် ဆုတောင်းသော်လည်း ဆုတောင်းမပြည့်ခဲ့။ ရှောလမုန်လက်ထက်တွင်သာ လက်စသပ်နိုင်သည်။

ဗိမာန်တော်သည် ဘုရားသခင်၏ လူများအတွက် ဖြစ်သော်လည်း ဘုရားသခင်သည် ကန့်သတ်ချက်မပြုပါ။ ဤဗိမာန်တော်နှင့် ပတ်သက်၍ ရှော်လမုန်သည် အထူးဝမ်းသာအားရလျက်ရှိသည် (၃ရာ ၈:၂၇)။ ဟေရှာယက ထိုဗိမာန်တော်သည် အမှန်တကယ်ဘုရားသခင် ကိန်းဝပ်စိုးစံရာ မဟုတ်သော်လည်း အကျင့်သိက္ခာနှင့် ဝိညာဉ်ရေးရာ တည်ဆောက်ရှင်သန်ရာဖြစ်ကြောင်းဆိုခဲ့သည် (ဟေရှာ ၆၆:၁-၂) ကိုယ်တော်သည် ကြေမွသောနှလုံး၊ ကျိုးနွံသောမနော်၊ နှုတ်ကပတ်တော် နာခံသောစိတ်ကို လိုလားသည်။

၇:၅၁-၅၃  ယုဒ ခေါင်းဆောင်များသည် သတေဖန်က မည်သို့ရှင်းပြချေပစေကာမူ ယုဒ အစဉ်အလာချိုးဖောက်ကြောင်း တတွင်တွင်စွပ်စွဲနေကြသည်။ သတေဖန်သည် ဖရုဿဝါစာမသုံး၊ စွပ်စွဲချက်များကို လူကြီးပီသစွာ ရှင်းပြသည်။

ထိုသူများသည် အလွန်ခေါင်းမာကြသည်။ ဘုရားသခင်၏ ဗျာဒိတ်တော်ကို မကြားနိုင်အောင် နားပင်းကြသည်။ ထိုသို့ပြောရာတွင် ဣသရေလ ဘုရားကို ထိပါးခြင်းမဟုတ်။ ဗျာဒိတ်တော်စကားကို မကြားနိုင်အောင် တပါးအမျိုးသားများကဲ့သို့ အရေဖျားလှီးခြင်းမခံ၊ နားပြင်းနေကြသည်ဟု အပြစ်တင်ခြင်း ဖြစ်သည်။ ဘိုးဘေးများက သန်းရှင်းသောဝိညာဉ်တော်ကို တောက်လျှောက်ငြင်းပယ်သည့် နည်းတူ သားစဉ်မြေးဆက်ဆန့်ကျင်ကြသည်။ ယုဒဘိုးဘေးများသည် ခရစ်တော်အကြောင်း ဟောကြားသော ပရောဖက်တိုင်းကို ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။ ယခုလက်ရှိ ယုဒများလက်ထက်တွင် ရောက်သောခါ ထိုရှေးပရောဖက်များ ကြိုတင်ဟောကြားသည့် မေရှိယကို ကွပ်မျက်ကြသည်။ ပညတ်တော်များကို ချိုးဖောက်ဖျက်ဆီးကြသည်။ ကောင်းကင်တမန်များမှတဆင့် ပေးအပ်သော ပညတ်တော်များကို ချေဖျတ်ကြသည်။

ထို့ထက်ဆိုးဝါးသော အရာမရှိတော့ပါ။ စကားကမ်းကုန်သည်။ သတေဖန်အား စွပ်စွဲချက်ပြန်လည်ချေပခွင့် ပြုကြသော်လည်း ခုခံချေပရုံသက်သက်သာ ဖြစ်သည်။ သတေဖန်က စွပ်စွဲသူများအား ပြန်လည်ချေပ၊ အမှားများကို ထောက်ပြသော်လည်း အရာမထင်။

၇:၅၄-၆၀  သတေဖန်သည် ပရိသတ်အား ထိုသို့ရှင်းပြပြီး ကောင်းကင်ကို မော့ကြည့်နေစဉ် ကောင်းကင်တစ်ခါးဖွင့်လှစ်လျှက် ရှိနေသည်ကို မြင်သည်။ ပရိသတ်များကမူ သတေဖန်၏စကားကို နားမထောင်ချင်ကြ။ အော်ဟစ်ဆူညံလျက် သတေဖန်ကို မြို့ပြင်သို့ဆွဲကာ ခဲဖြင့် ပိုင်းပေါက်ကြသည်။

ထိုနေရာတွင် ပရိသတ်များ၏ အဝတ်အစားများကို သိမ်းဆည်းပေးသူမှာ စိုက်စိုက်မတ်မတ် တာရှုသားလူငယ်လူရွယ် ရှောလုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုနာမည်ကို သိမှတ်တေးထားသည်။ “မင်းလည်း ထိုအသံမျိုးကြားရဦးမည်” ဟု ဆိုထားသကဲ့သို့ဖြစ်သည်။

သတေဖန်သည် သခင်ဘုရားကို တမ်းတရင်း ဤသို့ အသေခံခဲ့သည်။

၁။ “သခင်ယေရှု ကျွန်ုပ်၏စိတ်ဝိညာဉ်ကို သိမ်းပိုက်တော်မူပါ” (အပိုဒ် ၅၉)ဟု ဆုတောင်းသည်။ ယေရှုလည်း “ကိုယ်တော်ရှင်၏ လက်တော်သို့ အကျွန်ုပ်၏ ဝိညာဉ်ကိုအပ်ပါ၏ ” (လု ၂၄:၄၆)ဟု ဆုတောင်းခဲ့ဘူးသည်။

၂။ တဖန် “ဤသူတို့ပြုသောအမှုကို လွှတ်တော်မူပါ” (ငယ် ၆၀)ဟု ဆုတောင်းသည်။ သခင်ယေရှုလည်း “အိုအဘ ထိုသူတို့၏ အပြစ်ကို ဖြေလွှတ်တော်မူပါ” (လု ၂၃:၃၄)ဟု ဆုတောင်းခဲ့ဘူးသည်။

သတေဖန်သည် စိတ်ကူးပေါက်ရာဖြင့် သခင်ယေရှုစကားနှင့် ဆင်တူခြင်းမဟုတ်ပါ။ “ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်တော်မူသော ဘုန်းအသရေတော်သည် ငါတို့အား အစဉ်တစိုက်ဘုန်းအသရေတိုးပွားစေ၍ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေ၏” (၂ကော ၃:၁၈)

ထိုသို့ ဆိုတောင်းပြီးသည် နှင့် တပြိုင်နက်သတေဖန်သည် ခရစ်တော်၌ အိပ်ပျော်သွားသည်။ အိပ်ပျော်ခြင်းဆိုသည်မှာ ခန္ဒာကိုယ်အိပ်ခြင်းဖြစ်သည်။ ဝိညာဉ်မပါပါ။ ယုံကြည်သူများ သေလွန်သောအခါ သူတို့ ဝိညာဉ်သည် ခရစ်တော်ထံသို့ (၂ကော ၅:၈) ရောက်သည်။ ရုပ်ခန္ဓာသည် မြေကြီးပေါ်တွင် အိပ်စက်သည်။

သာမန်အားဖြင့် ယုဒများသည် သေဒဏ်စီရင်ပိုင်ခွင့်မရှိကြပါ။ ရောမအစိုးရအောက်တွင် ရှိနေကြသောကြောင့် ရောမဥပဒေလိုက်နာရသည်။ (ယော ၁၈:၃၁)။ သို့သော် ဗိမာန်တော်နှင့် ပတ်သက်လျှင် ချို့ယွင်းချက်ပေးထားသည်။ သတေဖန်လည်း ဗိမာန်တော်ကို ဆန့်ကျင်ခြင်းဖြင့် အတင်းစွဲစွဲကြသည်။ ပြစ်ချက်မှာ ရှာမတွေ့သော်လည်း ယုဒများက အဓမ္မစီရင်ခဲ့ကြသည်။ သခင်ယေရှုကိုလည်း ဗိမာန်တော်စော်ကားမှုဖြင့် စွပ်စွဲ (မာ ၁၄:၅၈) ခဲ့ကြဘူးသည်။ သို့သော် စွပ်စွဲချက်မခိုင်လုံ၊ မမှန်ကန်။

Previous Article
Next Article