တိမောသေသြဝါဒဒုတိယစောင် ၁
၁။ တိမောသေသို့ နှုတ်ခွန်းဆက်ခြင်း (၁:၁–၅)
၁:၁ ရှင်ပေါလုက သူ့ကိုယ်သူ ယေရှုခရစ်တော်၏ တမန်တော်တပါးအဖြစ် မိတ်ဆက်ထားသည်။ သခင်ဘုရား အထူးတာဝန်ပေးသူ ဖြစ်သည်။ ဤရာထူးကို လူများကသော်၎င်း၊ လူများကို အသုံးပြုခြင်းဖြင့်၎င်း ချီးမြှင့်ခြင်းမဟုတ်။ အလိုတော်ရှိ၍ တိုက်ရိုက်စီမံခွဲခန့်ခြင်း ဖြစ်သည်။ ပေါလုကိုယ်တိုင်ကလည်း “ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်”ဟု ဝန်ခံထားသည်။ ယေရှုခရစ်တော်ကို ယုံကြည်သူတိုင်း ထာဝရအသက်ရ ကြမည်ဟု ဘုရားရှင်က ကတိတော်ပေးထားပါသည်။ ရှင်ပေါလုသည်လည်း ကတိတော်နှင့်အညီ တမန်တော် ခန့်ထားခြင်းဖြစ်သည်။ အကယ်၍ ကတိတော်မပြုခဲ့လျှင် ရှင်ပေါလုသည် တမန်တော် ဖြစ်လာစရာ အကြောင်းမရှိ။
Vine က “ဘုရားသခင် အလိုတော်ရှိသောကြောင့်သာလျှင် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက် ရရှိကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ပင် ရှင်ပေါလုသည်လည်း အလိုတော်ရှိသောကြောင့်သာလျှင် တမန်တော်ဖြစ်ခွင့် ရသည်”ဟု ဆိုထားပါသည်။
- P. Flint က အသက်တာနှင့်ပတ်သက်၍ (၅)ချက် ထောက်ပြထားသည်။
(၁) ကတိတော်နှင့်ဆိုင်သော အသက်တာ (၁:၁)
(၂) လက်ရှိအသက်တာ (၂:၁)
(၃) အသက်ရှင်ရခြင်း (၃:၁၂)
(၄) အသက်တာ နမူနာ (၄:၁)
(၅) အသက်တာ၏ ရည်ရွယ်ချက်
၁:၂ တိမောသေကို အချစ်ဆုံးသားဟုခေါ်သည်။ သို့သော်လည်း ထိုစကားကြောင့် တိမောသေသည် ရှင်ပေါလုအားဖြင့် အသက်တာပြောင်းလဲသည်ဟု မယူဆနိုင်။ ပထမဦးဆုံးတွေ့ဆုံကြပုံကို (တ၁၆:၁)တွင် တွေ့ရသည်။ ထိုကျမ်းပိုဒ်တွင် တိမောသေနှင့် လုတ္တရမြို့၌ တွေ့ဆုံသည်ဟု ဆိုသည်။ ပေါလုကလည်း ခရစ်ယာန်ယုံကြည်ခြင်း၌ အချစ်ဆုံးသားဟု မြင်သည်ဟု ဆိုသည်။
ပထမဩဝါဒစာစောင်တွင် ရှင်ပေါလုက ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်း ရှိပါစေသားဟု နှုတ်ခွန်းဆက်ထားပါသည်။ အသင်းတော်များသို့ ရှင်ပေါလု စာရေးသောအခါ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းရှိပါစေသားဟု ရေးလေ့ရှိရာ ကရုဏာတော် သည် ထောက်ပြစရာဖြစ်လာပါသည်။ တိမောသေသို့ ရေးသားရာတွင်မူ ကရုဏာတော်ပိုလာသည်။ Guy ဘုရင်က လူတိုင်းအတွက် ကျေးဇူးတော်လိုအပ်သည်။ ကရုဏာတော်သည် အားနည်းသူများအတွက် ဖြစ်သည်။ ငြိမ်သက်ခြင်းသည် အရာခပ်သိမ်းအတွက် ဖြစ်သည်ဟု ဆိုထားသည်။ အခြားတယောက်ကမူ “ကျေးဇူးတော်သည် မချမ်းသာသူများအတွက်၊ ကရုဏာတော်သည် အကူအညီ လိုအပ်သူများအတွက်” ဟု အနက်ဖွင့်ထားသည်။ Hiebert က ကရုဏာတော်သည် စိတ်ပျက်အားငယ်စွာ ဖော်မပါတယောက်တည်း လှုပ်ရှားရုန်းကန်သူများအတွက် ဘုရားသခင်၏ ပါဝင်ရိုင်းပင်းမှု မျှော်လင့်သူများအတွက် ဖြစ်သည်ဟု ဆိုထားပါသည်။
ဤကောင်းကြီးမင်္ဂလာတရားများသည် အဘဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ပေါ်ထွန်းလာခြင်းဖြစ်သည်။ ရှင်ပေါလုကမူ သားတော်ကို ခမည်းတော်နှင့် တန်းတူသဘောထားသည်။
၁:၃ ရှင်ပေါလုသည် ပြောလေ့ပြောထရှိသော နှုတ်ဆက်စကား တောက်လျှောက်မသုံးဘဲ ရပ်ထားသည်။ ရောမအကျဉ်းထောင်ထဲမှ ရေးသားသည်ကိုလည်း သတိချပ်ကြရမည်။ တချိန်က ဒေသနာဟောပြောခဲ့သောကြောင့် ယခုထောင်နန်းစံနေရသည်။ ရောမ အစိုးရက ခရစ်ယာန်ဝါဒကို ပြင်းထန်စွာ နှိပ်ကွပ်ချိန်ဖြစ်သည်။ ယုံကြည်သူမြောက်များစွာ သေဒဏ်သင့်သည်။ ထိုဆင်းရဲဒုက္ခအကြားမှပင် ပေါလုသည် ကျေးဇူးတော်ချီးမွမ်းကြောင်း တိမောသေသို့ စာရေးနိုင်သည်။
တမန်တော်ကြီးသည် ကြည်လင်သော ဩတ္တပ္ပစိတ်ဖြင့် အမှုတော်ထမ်းရွက်နိုင်သည်။ ထိုဘိုးဘေးများသည် ခရစ်ယာန်မဟုတ်ကြသော်လည်း အသက်ရှင်သောဘုရားကို ကိုးကွယ်ယုံကြည်သူများ ဖြစ်သည်။ ကိုးကွယ်ယုံကြည်ခြင်း၌ ဆက်ကပ်ကြသည်။ “သေလွန်သူများ ထမြောက်ခြင်းကို ယုံကြည်ကြသည်။ ထိုအကြောင်းကို (တ ၂၆:၆-၇)တွင် “ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ကတိတော်ကိုထောက်၍ မျှော်လင့်ခြင်းအကြောင်း တရားကြောင့် အကျွန်ုပ်သည် ယခုအခါတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။ ယုဒလူ တစ်ဆယ့်နှစ်မျိုးတို့ည် နေ့ညဉ့်မပြတ် ကြိုးစား၍ ဘုရားကိုဝတ်ပြုသဖြင့် ကတိတော်အတိုင်း ခံရမည်ဟု မျှော်လင့်ခြင်းရှိကြ၏”ဟု ဆိုထားသည်။
တိမောသေ၏ အမှုတော်ဆက်ကပ်ခြင်းသည် ဘိုးဘေးများ၏ ယုံကြည်ခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။ ဤနေရာတွင် အမှုတော်၃သည် သစ္စာရှိခြင်းနှင့် စောင့်ရှောက်ခြင်း ဖြစ်သည်။ ဘုရားစစ်ဘုရားမှန်ကို သိရှိခွင့်ရခဲ့သည်။
တိမောသေကို မမေ့၊ နေ့ညဉ့်ဆုတောင်းတိုင်းတွင် တိမောသေအတွက် ဆုတောင်းသည်။ ဘုရားသခင်ထံတော်သို့ ဆုတောင်းတိုင်း လုပ်ဖော်ဆောင်ဖက် အချစ်ဆုံးသူတွက် အမြဲထည့်တောင်းသည်။ ပေါလုသည် သူ၏ အမှုတော်ဆောင်လုပ်ငန်း ကုန်ဆုံးတော့မည်ကို ရိပ်မိသည်။ တိမောသေတစ်ဦးကိုသာ ထားပစ်ခဲ့ရတော့မည်။ တိမောသေသာလျှင် ခရစ်တော်၏ သက်သေခံဖြစ်ရှာတော့မည်။ အခက်အခဲ ပြဿနာများ ရင်ဆိုင်ရမည်။ ထို့ကြောင့် ဤလူငယ်အား ယုံကြည်ခြင်း၌ သစ္စာရှိရန် အထူးတလည် ဆုတောင်းပေးသည်။
၁:၄ ဤစာက တိမောသေ၏ အသည်းနှလုံးကို မည်မျှထိခိုက်စေမည်နည်း။ ရှင်ပေါလုသည် တိမောသေအား တွေ့ဆုံဖို့ လွမ်းနာကျနေသည်။ ထိုသို့ လွမ်းစိတ်တဝေဝေဖြစ်ခြင်းသည် တိမောသေအပေါ် ထားရှိသည့် မေတ္တာ၊ ကျေးဇူးတော်ရေတွက်ခြင်း၊ လုံ့လဝိရိယနှင့် နှိမ့်ချခြင်းတရား ဖြစ်သည်။
ဤခွဲခွာခြင်းသည် ရာသက်ပန်ခွဲခွာခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ လုပ်ဖော်ဆောင်ဖက် အတွက် မျက်ရည်ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့သည်။ ရောမစစ်သားများ၊ ရဲသားများက ခေါ်ထုတ်စဉ် ကျမျက်ရည် ဖြစ်နိုင်သည်ဟု Herbert က ဆိုသည်။ တိမောသေနှင့် အတူတကွ အမှုတော် ထမ်းဆောင်ခဲ့ရသည့် ကာလကို ပေါလုမမေ့နိုင်။ တိမောသေ မျက်ရည်ကျပေမည်။ သို့သော်လည်း သူလည်း လောကီသားပေမို့ အပြစ်မမြင်ရက်ပါ။ J.W.Jowett က “မျက်ရည်က နာကျည်းချက်ဝေဒနာများကို မကုစားနိုင်ပါ။ စာနာခြင်း မကုန်ဆုံးလျှင် ဝေဒနာ၏ ကျေးကျွန်ဖြစ်ရသည်” ဟု ဆိုသည်။
၁:၅ တစ်မျိုးပြောရလျှင် တိမောသေ၏ စင်ကြယ်သော ယုံကြည်ခြင်းကို ပေါလုစိတ်ချသည်။ တိမောသေ၏ ယုံကြည်ခြင်းသည် ရိုးစင်းသည်၊ စစ်မှန်သည်၊ သရုပ်ဆောင်ခြင်းမဟုတ်။၅
တိမောသေသည် မိသားစုတွင် ပထမဦးဆုံး ကယ်တင်ခြင်းရသူ မဟုတ်ပါ။ ယုဒလူမျိုး ဖွားအေ လောဣသည် ကယ်တင်ခြင်း သတင်းကြောင်း ကြားသိ၍ သခင်ယေရှုအား မေရှိယအဖြစ် လက်ခံသူ ဖြစ်သည်။ လောဣ၏ သမီးဥနိတ် ယုဒအမျိုးသမီးသည်လည်း (တ ၁၆:၁) ခရစ်ယာန်ဖြစ်သည်။ ထိုအဖွား၊ အမေထဲမှ သင်ယူခြင်းဖြင့် ယုံကြည်သူခရစ်ယာန်ဖြစ်လာသည့် တတိယ မျိုးဆက်သစ်ဖြစ်သည်။ သူ့ဖခင်အကြောင်းကိုမူ ကျမ်းစာတွင် မတွေ့ရပါ။
သို့သော် မိဘများ အသက်တာပြောင်းလဲသောကြောင့် သားသမီးများလည်း ကယ်တင်ခြင်း ရရှိသည်ဟု ကျမ်းစာ သွန်သင်ချက် မတွေ့ရပါ။ အဘဘုရားသခင်သည် တစ်အိမ်သားလုံးအား ကယ်တင်ခြင်း ရရှိစေချင်သည်။ တစ်ဦးတစ်ယောက်မှ မေ့ကျန်ခဲ့ခြင်း မရှိစေလို။
လောဣနှင့် ဥနိတ်သည် ယုံကြည်သူများ ဖြစ်သည်။ ကယ်တင်ခြင်းသည် ဧည့်သည်မဟုတ်။ အိမ်သားအဖြစ် အစဉ်နေဖို့ ရောက်လာခြင်းဖြစ်သည်။ ထိုအကြောင်းအရာက ပေါလုကိုလည်း တိမောသေအား ဆွဲဆောင်စေခြင်း ဖြစ်သည်။ တိမောသေသည် မျိုးရိုးစဉ်လာ အသွေးအသားကို ယုံကြည်သူဖြစ်သောကြောင့် စုံစမ်းနှောင့်ယှက်ခြင်းများကို ရဲဝံ့စွာ ရင်ဆိုင် ကျော်လွှားသည်။
၂။ တိမောသေသို့ နှိုးဆော်တိုက်တွန်းချက် (၁:၆–၂:၁၃)
(က) သစ္စာရှိဖို့ (၁:၆–၁၈)
၁:၆ တိမောသေသည် ယုံကြည်သူမိသားစုမှ ပေါက်ဖွားလာသည့်အပြင် ကိုယ်တိုင်၌လည်း ယုံကြည်ကိုးစားသူဖြစ်သောကြောင့် ဘုရားသခင်ပေးသောဆု ရရှိသူဖြစ်သည်။ မည်သည့် ဆုကျေးဇူး ဖြစ်ကြောင်းကိုမူ မသိပါ။ အချို့က ဧဝံဂေလိဓမ္မဆရာနှင့် သင်ဆရာမဟုတ်သော အမှုတော်၌ မြဲမြံစွာ ဆက်ကပ်ခြင်း အထူးဆုကျေးဇူး ဖြစ်သည်ဟု ဆိုကြသည်။ တိမောသေ၏ ယုံကြည် ဆက်ကပ်ခြင်းသည် သီးသန့် ဆုကျေးဇူးဖြစ်သည်။ ရရှိထားသော ဆုကျေးဇူးသည် မီးလျှံကဲ့သို့ ထိန်လင်းသည်။ ပတ်ဝန်းကျင် နေဝင်ချိန်မှာပင် မငြိမ်းနိုင်။ ဟန်ဆောင်ခြင်း မရှိသကဲ့သို့ သက်သာရာလည်း မရှာ။ နေ့ရက်ကာလ မှောင်မိုက်လေလေ ဝိညာဉ်ဆုကျေးဇူး ပိုမိုထုတ်သုံးလေလေဖြစ်သည်။
တိမောသေ၏ ဝိညာဉ်ဆုကျေးဇူးသည် တမန်တော်ကြီး၏ လက်တင်သောအားဖြင့် နှိုးဆော်ရရှိခြင်းဖြစ်သည်။ ထိုလက်တင်ခြင်းသည် ယနေ့ သိက္ခာတင်ခြင်းနှင့် မသက်ဆိုင်ပါ။ ပေါလု၏ လက်တင်ခြင်းဖြင့် တိမောသေ၏ ဆုကျေးဇူးသည် လှုပ်ရှား အသက်ဝင်ခြင်းကို ဆိုလိုသည်။ တမန်တော်ကြီးသည် ဆုကျေးဇူးစီးဆင်းရာ ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။
ယနေ့ကာလတွင် မည်သို့ရှိသနည်းဟု မေးလာနိုင်ပါသည်။ မရှိပါဟုဖြေရပါမည်။ သခင်ယေရှု ခရစ်တော်က ရှင်ပေါလုကို ဆုကျေးဇူးစီးဆင်းရာ လမ်းကြောင်း အဖြစ်အသုံးပြုပါသည်။ ယနေ့ခေတ်ကာလတွင် တမန်တော်များ မရှိသဖြင့် တမန်တော်များ၏ နက်နဲသော အမှုများကိုလည်း မမြင်နိုင်ရတော့ပါ။
ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ ၁တိ ၁:၁၈ နှင့် ၄:၁၄ကိုလည်း လေ့လာစေချင်သည်။ ကျမ်းပိုဒ်(၃)ခုစလုံး ဆက်စပ်နေသည်။ ရှင်ပေါလုက တိမောသေအား သီးခြားအမှုတော် ထမ်းရွက်ရန် လှုပ်နိုးသည်။ သခင်ဘုရားက တိမောသေအား ဆုကျေးဇူးပေးခြင်း ဖြစ်သည်။ သခင်ဘုရားပေးသော ဝိညာဉ်ဆုကျေးဇူးများကို သင်းအုပ်များက လက်တင်ခြင်းဖြင့် အသိအမှတ်ပြုခြင်းဖြစ်သည်။ နောက်နောင်ကာလတွင် ကျင့်သုံးလာကြသော လက်တင်ခြင်းသည် ဘိသိက်ပေးခြင်း မဟုတ်ပါ။ ဝိညာဉ်ဆုကျေးဇူးများကို အသိအမှတ်ပြုခြင်းလည်း မဟုတ်ပါ။၆
Stock က “ရှင်ပါလုလက်မှ ဝိညာဉ်ဆုကျေးဇူး စီးဆင်းလာသော်လည်း Pressbyter များလက်မှ စီးဆင်းခြင်းမရှိပါ” ဟု ဆိုသည်။
၁:၇ ရှင်ပါလု မာတုရ ဇာတ်လမ်းနှင့် ကြုံတွေ့သောအခါ တိမောသေသို့ “ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်ဟု အသိပေးထားသည်။ ခရစ်ယာန်များသည် မာတုရအမှုတွင် သူရဲဘောကြောင်ခြင်း၊ တွေဝေခြင်း၊ ကြောက်ရွံ့ခြင်း မရှိရ။
ဘုရားသခင်က တန်ခိုးပါသောစိတ်ကိုသာ ပေးပါသည်။ လုံးဝ မကုန်နိုင်သော ခွန်အားပေးပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဇွဲလုံ့လရှိခြင်း၊ ဝေဒနာ ခံနိုင်ရည်ပေးပါသည်။ လိုအပ်လျှင် ရက်ရောစွာ အသက်ပေးလှူဝံ့ရသည်။
အချစ်ခြင်းမေတ္တာကိုလည်း ပေးသနားပါသည်။ ဘုရားသခင်ကို ချစ်ခင်သောစိတ်ဖြင့် လိုလားစွာ အသက်ပေးလှူသူများသည် အဘယ်မျှ မွန်မြတ်ပါသနည်း။ ထိုချစ်ခြင်းမေတ္တာသည် ညီအကိုမောင်နှမ လုပ်ဖော်ဆောင်ဖက်များအား ချစ်ခင်သောကြောင့် ပေးဆပ်ခြင်းဖြစ်သည်။
ဘုရားသခင်က ရှင်းလင်းသောစိတ်၊ ခိုင်မာသော နှလုံးသားကို ပေးထားပါသည်။ “ရှင်းလင်းသောစိတ်”က ဆိုလိုချက်ကို မခြုံငုံနိုင်ပါ။ ခရစ်ယာန်များသည် ဆင်းရဲအားနည်းသူများ၊ နေမကောင်း မကျန်းမာသူများအား တချိန်လုံး ကူညီရသည်ဟု ထင်မှတ်နိုင်သည်။ ဤကျမ်းပိုဒ်ကို လေ့လာရာတွင် ခဏခဏနားလည်မှု လွဲနိုင်သော စကားလုံးများ သုံးထားသည်။ ခရစ်တော်သည် အနီးဆုံးလူများ၏ စိတ်ထိခိုက်စေသည်ဟု အကောက်မှားကြသည်။ သမ္မာကျမ်းစာက ထိုသို့ မသွန်သင်ပါ။ စိတ်မကျန်းမာခြင်းသည် များသောအားဖြင့် မျိုးရိုးစဉ်ဆက် လိုက်သည်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်များသည် ဝိညာဉ်ရေးရာ အသက်တာနှင့် နှီးနွယ်ပါသည်။
ကျမ်းပိုဒ်တွင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက် တတ်ဖို့သွန်သင်ပါသည်။ အရှက်တကွဲ အကျိုးနည်းခြင်း၊ ဘဝဖရိုဖရဲ ဖြစ်ခြင်း၊ မိုက်မဲခြင်း ဖြစ်ရန် အလိုတော် မရှိပါ။ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်၍ အောင်မြင်စွာ လူ့ဘဝကုန်လွန်စေရန် အလိုတော်ရှိပါသည်။
၁:၈ တိမောသေအား ရှက်ကြောက်ခြင်းမရှိရန် သတ္တိပေးထားသည်။ ငယ် ၁၂တွင် ပေါလုသည် ရှက်ကြောက်ခြင်းမရှိသကဲ့သို့ ဩနေသိပဖော်လည်း ရှက်ကြောက်ခြင်း မရှိကြောင်း ငယ် ၁၆တွင်တွေ့ရသည်။
သတင်းကောင်း ဟောပြောခြင်းသည် ရာဇဝတ်မှု ဖြစ်သည်ဟု၎င်း၊ ကယ်တင်ရှင်အတွက် သက်သေခံခြင်းသည် စုံစမ်းစစ်ကြောခြင်း ခံရသည်ဟု၎င်း၊ သရှိသော်လည်း တိမောသေသည် ရှက်ကြောက်ခြင်းမရှိပါ။ နာကျင်ခြင်းလည်း မစိုးရိမ်ပါ။ သူ့ဆရာပေါလုထောင်ကျခြင်းအတွက်လည်း မရှက်မကြောက်ပါ။ ယုံကြည်သူ ခရစ်ယာန်များစွာ သူ့ဘက်တွင် ရှိနေသည်။ စုံစမ်းစစ်ကြောခြင်းနှင့် သေခြင်းတရားကို ရင်ဆိုင်ဝံ့သူများ ဖြစ်သည်။
ဘုရားသခင်ပေးတော်မူသော တန်ခိုးရရှိသည့်အတိုင်း ဧဝံဂေလိတရားကို ဆက်ဟောသည်။ ဆင်းရဲဒုက္ခ၊ စုံစမ်းခြင်းများကို ပုန်းရှောင်ခြင်း မပြုသည့်အပြင် ရှင်ပေါလုခြေရာအတိုင်း လိုက်လျှောက်သည်။
၁:၉ တိမောသေအား စိတ်အားထက်သန်ခြင်း ရှိရန် (ငယ် ၆-၇)၊ သတ္တိရှိရန် (ငယ်၈) တိုက်တွန်းထားသည်။ ထိုသို့ တိုက်တွန်းခြင်းအကြောင်းကို ဤအပိုဒ်ငယ်တွင် ရှင်းပြထားသည်။ ထိုအမှုအရာများသည် ဘုရားသခင်၏ အံ့ဩဘွယ် ကျေးဇူးတော်ဖြစ်သည်။ ပထမဦးစွာ ကျွန်ုပ်တို့ကို ကယ်တင်သည်။ ဆိုလိုသည်မှာ အပြစ်ဒဏ်မှ ရွေးနှုတ်ခြင်းဖြစ်သည်။ အပြစ်ဒဏ်မှ ပစ္စုပ္ပန်၊ အနာဂတ်ကာလ တလျှောက်လုံး ကင်းလွတ်စေသည်။ အပြစ်သားဘဝမှ အပြီးပိုင် ရွေးနှုတ်သည်။ စာတန်ကြီးစိုးရာ လောကထဲမှ လွတ်လပ်ခွင့်ပေးသည်။
ထို့အပြင် သန့်ရှင်းသော အရာ၌ ခေါ်သွင်းတော်မူသည်။ အပြစ်ဒုစရိုက်မှ ရွေးနှုတ်သည်သာမက ဝိညာဉ်ကောင်းကြီး မင်္ဂလာသွန်းလောင်းလျက် ယေရှုခရစ်တော် ထံပါး၌ စိုးစံခွင့်ပေးသည်။ သန့်ရှင်းသော အရပ်၌ ခေါ်သွင်းတော်မူခြင်းအကြောင်းကို ဧဖက် အခန်း ၁၊၃ တွင် အသေးစိတ်ဖော်ပြထားသည်။ ထိုသူများသည် ရွေးကောက်ထားသူများ၊ ပါရမီရှိသူများ၊ မွေးစားသားများ၊ အချစ်ဆုံးလူများ အသွေးတော်ဖြင့် ရွေးနှုတ်ထားသူများ သန့်ရှင်းသော ဝိညာဉ်တော် တံဆိပ်ခတ်နှိပ်ထားသူများ အမွေတော်ခံများဖြစ်သည်။ အထက်အရပ်မှ ခေါ်တော်မူခြင်း (ဖိ ၃:၁၄)၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဖိတ်ခြင်း (ဟေဗြဲ ၃:၁) ခံရသူများဖြစ်သည်။
ကယ်တင်ခြင်းနှင့် မသက်ဆိုင်ပါ။ ကျေးဇူးတော်အားဖြင့် ပေးသနားရာဖြစ်သည်။ လူတို့၏ ဆက်ကပ်လုပ်ဆောင်မှုနှင့် လားလားမျှမဆိုင်။ ရှာဖွေ၍ မရ။ လုပ်ယူ၍လည်း မရပါ။ အဖိုးအခမယူဘဲ၊ ဘုရားသခင်က သက်သက် ပေးသနားခြင်း ဖြစ်သည်။
ငါတို့အဖို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော်ကို ရှင်းပြချင်ပါသည်။ ဘုရားတရား မသိသော မယုံကြည်သူများအတွက် ဘုရားသားတော်သည် အဘယ်ကြောင့် အသေခံပါသနည်း။ ငရဲလားမည့်သူများအား အဘယ်ကြောင့် ရွေးနှုတ်၍ ထာဝရအသက်ရဖို့ရာ ကောင်းကင်နိုင်ငံသို့ ဆောင်ကြဉ်းချင်သနည်း။ ဖြစ်နိုင်သော အဖြေမှာ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော် ဖြစ်သည်။ ထိုအပြုအမူသည် မုသာမဟုတ်။ ကိုယ်တော်၏ ကြီးမားသော မေတ္တာတော်ြဖစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်သည်။ အဘယ်ကြောင့်ဆိုသော် ချစ်သောကြောင့် ချစ်ခြင်းဖြစ်သည်။
ယေရှုခရစ်တော် မပေါ်ထွန်းခင်ကပင် ဘုရားရှင်တော်က ချစ်သည်။ ဆိုလိုသည်မှာ အဘဘုရားသခင်တွင် ကယ်တင်ခြင်းမဟာအကြံအစည်တော် ရှိသည်။ ချစ်လှစွာသော သားတော်ဖြင့် အပြစ်သားများကို ရွေးနှုတ်ဖို့ ဆုံးဖြတ်ထားသည်။ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံခြင်းဖြင့် ထာဝရအသက်ကို ကမ်းလှမ်းသည်။ ကယ်တင်ခြင်းနိယာမမှာ ကျွန်ုပ်တို့မမွေးခင်က မဟုတ်ပါ။ ခရစ်တော် မပေါ်ထွန်းခင်ကတည်းက ရှိသည်။
၁:၁၀ ထာဝရအသက်နှင့် ယှဉ်သော မင်္ဂလာ သတင်းကောင်းသည်လည်း ကယ်တင်ရှင် သခင်ခရစ်တော် ပေါ်ထွန်းခြင်းဖြင့် အချိန်မှီရောက်ရှိလာသည်။ ကိုယ်တော်ဘုရား လူသားဘဝဖြင့် သီတင်းသုံးနေစဉ် ကယ်တင်ခြင်း သတင်းကောင်း ဟောပြောခဲ့သည်။ ကိုယ်တော် အသေခံမည်၊ သင်္ဂြိုဟ်ခြင်း ခံရမည်။ ရှင်ပြန်ထမြောက်မည့် အကြောင်းကို ဟောကြားခဲ့သည်။ ထိုတရားသည် ဘုရားတရား မသိသော အပြစ်သားများ ဖြောင့်မတ်ရမည့်အကြောင်း နမူနာပြခြင်း ဖြစ်သည်။
ကိုယ်တော်က သေခြင်းအကြောင်းကို ပယ်ရှားသည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် ဤလောကတွင် လူများ သေနေကြခြင်းကို မည်သို့ ပြောမည်နည်း။ သေခြင်းကို ပယ်ဖျက်ခြင်း၊ ပလပ်ခြင်းဖြစ်သည်။ ခရစ်တော်ရှင် ပြန်ထမြောက်ခြင်း မရှမီ၊ သေခြင်းတရားက လူများကို မင်းမူ ခြိမ်းခြောက်နေသည်။ ကြောက်ရွံ့ဖွယ် ကောင်းသော ရန်သူဖြစ်သည်။ သေခြင်းတရားကြောက်သူ ဒုနှင့်ဒေးရှိနေသည်။ သို့သော် ခရစ်တော်ပြန်လည်ထမြောက်ပြီး နောက်ပိုင်းတွင် ခရစ်တော်ကို ယုံကြည်သူများသည် သေခြင်းတရားကို မကြောက်ကြတော့ပါ။ ထိုအသိတရားသည် ခရစ်တော်က သေခြင်းတရားအား ပလပ်ခြင်းဖြစ်သည်။ ကိုယ်တော်က အနိုင်ယူခြင်းဖြစ်သည်။ ယခုအခါတွင် သေခြင်းတရားသည် လူ့ဝိညာဉ်များကို ကောင်းကင်သို့ ရောက်လာကြောင်း သတင်းပေးသူဖြစ်သည်။ ထို့ကြောင့်သေခြင်းသည် ကြောက်စရာမဟုတ်။ ကျွန်ုပ်တို့ သခင်မဟုတ်တော့ပါ။ အစေခံသာဖြစ်သည်။
သခင်ယေရှုသည် သေခြင်းတရားကို ပလပ်သည် သာဓက အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းကိုလည်း ဧဝံဂေလိတရားဖြင့် ထင်ရှားစေတော်မူပြီ။ ဓမ္မဟောင်းကာတွင် လူများစုသည် သေပြီးနောက် အာဗြဟံဘဝနှင့် ပတ်သက်၍ အယူဝါဒထွေပြားသူများ ဖြစ်သည်။ ကောင်းကင်နိုင်ငံ မျှော်လင့်ချက် ရှိကြသော်လည်း ရှင်းလင်းစွာ သဘောမပေါက်ကြ။ လူ့မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်တိုင်းပြည် Sheol ကိုသာ အာရုံရောက်နေကြသည်။
ခရစ်တော်ဘုရား ကြွရောက်လာပြီးမှသာလျှင် ထိုအကြောင်းကို ကွဲကွဲပြားပြား နားလည်ကြသည်။ ဥပမာ အားဖြင့် လူသေသောအခါ ဝိညာဉ်သည် ထို့ထက်ကောင်းရာ သုဂတိခရစ်တော်ထံသို့ ရောက်ရှိသွားသည် ဟူသော တရားဖြစ်သည်။ ရုပ်ခန္ဓာကိုယ်လည်း ကြွင်းကျန် မရှိဘဲ။ ခရစ်တော်ထံသို့ ရောက်သည်။ ထာဝရအသက်တာ စံမြန်းသွားသည်။
ခရစ်တော်သည် ထာဝရအသက်ကိုသာ ယူဆောင်လာသည် မဟုတ်။ နိစ္စတရားကိုလည်း ပါလာသည်။ နိစ္စဆိုသည်မှာ ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းဖြစ်သည်။ (၁ကော ၁၅:၅၃)တွင် “ယခုမျက်မှောက် ပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်”ဟု ဆိုသည် ခန္ဓာကိုယ်သည် သင်္ချိုင်းဂူထဲတွင် မြှုပ်နံထားသည်မှန်သော်လည်း ခရစ်တော်ဘုရား ကြွရောက်လာသည့်အခါ ဘုန်းအသရေ ပြည့်စုံစွာ ခရစ်တော်ဘုရားသကဲ့သို့ ထမြောက်ကြရမည်။ ဓမ္မဟောင်းသန့်ရှင်းသူများသည် ထိုတရားကို မသိနားမလည်လိုက်ကြပါ။ သခင်ခရစ်တော်ဘုရား ယူဆောင်လာသော မင်္ဂလာတရား ဖြစ်သည်။
၁:၁၁ ထိုမင်္ဂလာသတင်းကောင်းအား ဟောကြားရန် ပေါလုကို ဟောပြောသူ၊ တမန်တော်၊ တစ်ပါးအမျိုးသားဆရာ အဖြစ် ခန့်အပ်ခြင်း ဖြစ်သည်။ ဟောပြောသူ ဆိုသည်မှာ ထိုမင်္ဂလာသတင်းအား ပြည်သူလူထုထဲသို့ ပျံ့နှံ့အောင် ပြောကြားသူဖြစ်သည်။ တမန်တော်ဆိုသည်မှာ ဘုရားသခင်စေလွှတ်သူ ဘုရားသခင် စီမံခွဲခန့်သူ တန်ခိုးမှုတ်သွင်းထားသူ ဖြစ်သည်။ သင်ဆရာ ဆိုသည်မှာ အခြားသူများအား ဓမ္မရေးရာ သွန်သင်သူဖြစ်သည်။ မသိနားမလည်သူများအား ရှင်းပြခြင်းဖြင့် ယုံကြည်ခြင်းနှင့် နာခံခြင်း ဖြစ်ထွန်းစေသူဖြစ်သည်။ တစ်ပါးအမျိုးသားများ၄ ဆိုသည်မှာ အဓကအားဖြင့် ယုဒမဟုတ်သော လူမျိုးအားကို ဆိုလိုသည်။
၁:၁၂ ရှင်ပေါလုသည် ယုံကြည်ခြင်းကြောင့် ထောင်ကျသည်။ ဘုရားသခင်၏ သမ္မာတရားကို ဟောကြားခြင်းက ဘဝလုံခြုံရေးထိခိုက်မည်ကို မကြောက်၊ အသံကြောင့် ဖားသေမှာကို မရွံ့ မကြောက်သည့်အတိုင်း ထောင်နန်းစံရသည်။ သို့သော် နောင်ကြဉ်ခြင်း အလျဉ်းမရှိ။ ရှက်လည်း မရှက်၊ ကြောက်လည်းမကြောက်ပါ။ တိမောသေ ထိုအမှုအရာအတွက် မရှက်မကြောက်ပါ။ ပါလုသည် မိမိဘဝကို လုံခြုံမှု ပေးနိုင်သော်လည်း သူယုံကြည်ချက်ကို အလျဉ်းမလျှော့။ ရောမအစိုးရက သေဒဏ် ပေးသည့်တိုင်အောင် သစ္စာမပျက် ယုံကြည်သော်လည်း ပရိသတ်များက ဘုရားကို မသိမြင်ကြသေး။ သို့သော် သူကိုးကွယ်သော ဘုရားရှင်ကို ယုံကြည်မြဲယုံကြည်သည်။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ အပ်ထားသော အရာကိုလည်း ထိုနေ့ရက်တိုင်အောင် စောင့်တော်မူမည်ဟု ဆိုသည်။ ဤကျမ်းစကားကို ကျမ်းစာပညာရှင်များက အမျိုးမျိုး နားလည်ကြသည်။ အချို့က ရှင်ပေါလု၏ ဝိညာဉ်ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ တချို့က သတင်းကြောင်းဖြစ်သည်ဟု ဆိုသည်။ အချို့က ရှင်ပေါလုကို သတ်ကြသော်ငြားလည်း သတင်းကောင်းကိုမူ ဟန့်တားပိတ်ပင်ခြင်း မပြုနိုင်သည့် အကြောင်းဖြစ်သည်ဟု ဆိုသည်။ အချို့က လက်ခံသော်လည်း အချို့က လက်မခံကြပါ။
ထို့ထက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်ကြရအောင်။ ပေါလုက သူ၏ အကောင်းဆုံး လက်ရာကို ပြသသွားသည်။ သေဘေးနှင့် ကြုံတွေ့ရသော်လည်း မှောက်မှားထွေပြားခြင်းမပြု။ ယေရှုခရစ်တော်သည် သူ၏ ကိုးကွယ်ရာ တန်ခိုးရှင်ဖြစ်၍ အတူတူရှိနေသောကြောင့် လက်မမြှောက် အရှုံးမပေး ကြောက်ရွံ့တုန်လှုပ် ခြင်းမရှိ။ ဤလောကတွင် ပြုအပ်သော အရာများကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် ကယ်တင်ခြင်းနှင့် မလွဲနိုင်။
ထိုနေ့ရက်ဆိုသည်မှာ ရှင်ပေါလု၏ သည်းခြေကြိုက်စကားလုံး ဖြစ်သည်။ ယေရှုခရစ်တော် တဖန်ကြွရောက်လာ၍ တရားစီရင်မည့်နေ့ရက် ဖြစ်သည်။ လူများအား လုပ်ဆောင်ကြသည့်အတိုင်း ဆုလက်ဆောင် အသီးသီး ချီးမြှင့်မည့်နေ့ရက်ဖြစ်သည်။
၁:၁၃ ဤကျမ်းပိုဒ်ကို နှစ်မျိုး ခံယူနိုင်သည်။ ပထမအချက်မှာ စင်ကြယ်သော တရားစကားက တိမောသေအား မြဲမြံစေသည်ဟူသော ခံယူချက်ဖြစ်သည်။ ထိုစကားသည် သင့်လျော်မည်မထင်။ တိမောသေသည် ထိုတရားစကားကြောင့် နှုတ်ကပတ်တော်၌ သစ္စာရှိခြင်း မဟုတ်ပါ။ ယခင်က ယုံကြည်ပြီးသူ ဖြစ်သည်။ ဤတရားစကားက ဖြည့်စွက်ထောက်မသည် ဆိုလျှင် ပိုမှန်ပါမည်။ ယနေ့ခေတ်အခါတွင်လည်း “အသစ်တဖန် မွေးဖွားခြင်း ယေရှုအသွေးတော်” ဟူသော စကားကို တွင်တွင်ကျယ်ကျယ်သုံးနေကြသည်။ လူများသည် ဒဿနဆန်ဆန်ပြော ချင်ကြသည်။ ဤနေရာတွင် ထိုအယူအဆသည် အန္တရာယ်ရှိသည်။ သမ္မာကျမ်းစာတွင် စိတ်ဝင်စားသည်မှာ ကောင်းသော လက္ခဏာဖြစ်ပါသည်။ သို့သော် တကယ့်သမ္မာတရားကို ထွင်းဖောက် သိမြင်ဖို့ လိုပါသည်။ တိမောသေသည် စင်ကြယ်သော တရားစကားကို စွဲလမ်းသူဖြစ်ပါသည်။
ပေါလု၏ စကားသည် တိမောသေအား နမူနာယူစရာ ဖြစ်စေပါသည်။ တိမောသေသည် များသောအားဖြင့် ရှင်ပေါလု၏ သွန်သင်ချက်အတိုင်း လိုက်လျှောက်ခြင်းက များပါသည်။ အမှုတော် ထမ်းရွက်ရာတွင် ယေရှုခရစ်တော်အား ယုံကြည်ခြင်းနှင့် ချစ်ခင်စိတ်ဖြင့် လုပ်ဆောင်လေ့ရှိသည်။ ယုံကြည်ခြင်း ဆိုသည်မှာ သစ္စာရှိခြင်းသာမက တည်မှီခြင်းလည်း ပါဝင်သည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာလည်း ဘုရားကိုချစ်သည်သာမက လုပ်ဖော်ဆောင်ဖက် ယုံကြည်သူများအပြင် အနီးပတ်ဝန်းကျင်ရှိ ပျက်စီးသူများကိုလည်း သံယောဇဉ် ထားခြင်းဖြစ်သည်။
၁:၁၄ အပ်ထားသောအရာမြတ် ဆိုသည်မှာ သတင်းကောင်းဖြစ်သည်။ ထိုတရားကို ဖြည့်စွက်စရာ သက်သပြစရာမရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ခြင်းကိုမူ နားလည်သည်။ ရှင်ပေါလုက ဤစာစောင်ရေးသားရာတွင်လည်း ယုံကြည်ခြင်း အားလျှော့မှုမရှိရန် ရေးသားခြင်းဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းကို နေရာတကာတွင် နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ခံနေရသည်။ ထို့ကြောင့် တိမောသေအား ယုံကြည်ခြင်း၌ မြဲမြံစွာရပ်တည်ရန် ဆော်ဩသည်။ သူတစ်ယောက်တည်းရပ်တည်နိုင်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်အတူပါရှိခြင်းဖြင့် တတ်စွမ်းနိုင်သည်။
၁:၁၅ အသင်းတော်အပေါ်တွင် တိမ်မဲညိုများအုပ်ဆိုင်းလာသဖြင့် အာရှအသင်းတော်များ ယိုင်လဲမှာ စိုးရိမ်သည်။ အထူးသဖြင့် ဧဖက်အသင်းတော်၏ အခြေအနေကို သိရှိသောကြောင့် စိုးရိမ်ပူပန်စာ ရေးခြင်းဖြစ်သည်။
အာရှအသင်းတော်များက သူတို့ဆရာရှင်ပေါလု ထောင်နန်းစံကြောင်း သိကြသောအခါ စိုးရိမ် တုန်လှုပ်ကြသည်။ အချိန်တိုင်းမှာ ပေါလုကို တမ်းတနေကြသည်။ အထူးသဖြင့် ဘဝလုံခြုံရေး စိုးရိမ်ကြသည်။ ရောမအစိုးရကလဲ ခရစ်ယာန်ယုံကြည်မှုကို သဲကြီးမဲကြီး နှိပ်ကွပ်နေသည်။ ရှင်ပေါလုသည် ထိုခရစ်ယာန်များထဲမှ ပေါ်လွင်ထင်ရှား လူသိများသူဖြစ်သည်။ မည်သူကမှ သွားရောက်မဆက်သွယ်ဝံ့ကြ။
ထိုသို့ပြောရာတွင် ဤခရစ်ယာန်များသည် သခင်ဘုရားနှင့်အသင်းတော်ကို အားမကိုးဟု ဆိုလိုခြင်းမဟုတ်။ ရှင်ပေါလု၏ ဆင်းရဲဒုက္ခ ကူညီဖို့ သတ္တိကြောင်ခြင်းနှင့် သစ္စာမရှိခြင်း အကြောင်း ဖြစ်သည်။ ပေါလုအား တဖန်ပစ်ပယ်သူများထဲတွင် ဖုကလုနှင့်ဟေမောဂင်လည်း ပါဝင်သည်။ ထိုသူများသည် ခရစ်တော်၏ တပည့်တော်များအား သစ္စာဖောက်သူများ ဖြစ်၍ သေခြင်းတရားနှင့် အရှက်အကြောက် ရွေးချယ်သူများဖြစ်သည်။ Guy ဘုရင်က “ထိုသူများသည် နာမည်ဆိုးများရကြသည်။ နာမည်ဆိုးသကဲ့သို့ အကျင့်သိက္ခာလည်း ဆိုးပါသည်” ဟုဆိုသည်။
၁:၁၆ ဩနေသိဖော်ကို နှစ်မျိုးသိကြသည်။ အချို့က ရှင်ပေါလုကိုများစွာ အထောက်အကကူ ပံ့ပိုးသူဟု ဆိုသည်။ ဘုရားသခင်က ကရုဏာတော်သည် သင့်အပေါ်၌ သက်ရောက်ပါစေဟု ပေါလုကောင်းကြီးမင်္ဂလာခံယူဖြစ်သည်။ တချို့က ရှင်ပေါလုအား ဝမ်းမြောက်ရွှင်လန်းစွာ ခရီးဦးကြိုသူဖြစ်သည်ဟု ဆိုသည်။ ဒုတိယအချက်က ဖြစ်နိုင်ဖွယ်များသည်။
ပေါလုက ဩနေသိဖော် တစ်အိမ်လုံးသို့ဘုရားသခင် ကျေးဇူးတော် သက်ရောက်ပါစေဟု ဆုတောင်းခဲ့သည်။ (မ ၅:၇)အရ ကရုဏာတော်ဆိုသည်မှာ သနားကြင်နာစိတ် ရှိသူများ၌သာ သက်ရောက်လေ့ရှိသည်။ ဩနေသိဖော်က ပေါလုအား ပျူငှာစွာ ဧည့်ခံသည်ဟု တစ်ထစ်ချ မပြောနိုင်ပါ။ သို့သော် ရောမထောင်ထဲတွင် ပေါလု ထောင်နန်းစံနေစဉ် စားစရာ၊ ဝတ်စရာ ပေးကမ်းသူဖြစ်နိုင်သည်။ တစ်နည်းပြောလျှင် ထောင်သားနှင့် ဆက်ဆံရန် မရှက်မရွံ့သူဖြစ်သည်။ သူငယ်ချင်းကောင်းအား ကူညီရာတွင် မိမိဘဝလုံခြုံရေးကို ဂရုမစိုက်သူ ဖြစ်သည်။
ထိုအကြောင်းကို Jowett က ဤသို့ဆိုသည်။
တမန်တော်ကြီး၏ စာစောင်ထဲတွင် ဩနေသိဖော်၏ ဘဝကိုလှပပီပြင်စွာ ဖော်ကျူးထားသည်။ “သူ့ကို လက်တွဲမဖြုတ်နိုင်“ဟု ဆိုထားသည်။ လက်တွဲခြင်း ဆိုသည်မှာ မိတ်ဆွေကောင်း ပီသခြင်း ဖြစ်သည်။ ဆင်းရဲခြင်းက မိတ်ကောင်းဆွေကောင်းများကို ဖြတ်တောက်လေ့ရှိသည်။ နိမ့်ကျခြင်းက မိတ်ပျက်စေသည်။ လူသိထင်ရှား ဘဝအောင်မြင်သူများက မိတ်ဆွေသင်္ဂဟများလည်း လိုက်ပျောက်ကုန်သည်။ သို့သော် အမှုတော်ဆောင်၏ နံနက်ခင်းတွင်မူ မေတ္တာလေပြေသွေးလာစမြဲ။ အမှုတော်ပုံရိပ်၌ နိဗ္ဗာန်ဘုံ ဆောက်လျက်ဝိညာဉ်ရေးရာ၌ သာယာတတ်ကြသည်။ သူသည် မရှက်မရွံ့ဘဲ လက်တွဲမြဲနေသည်။ သူတို့ သံယောဇဉ်သည် ခိုင်မြဲသည်။ ဩနေသိဖော်၏ သံယောဇဉ်သည် အမှုတော်ထမ်းဆောင်ရာ၌ တွန်းအားပေးသော အားဆေးဖြစ်သည်၈
ဤကျမ်းပိုဒ်ကို တစ်ခါတရံ သေသူများအား ဆုတောင်းရာ၌ တလွဲအသုံးပြုကြသည်။ ရှင်ပေါလုက ကရုဏာတော် သက်ရောက်ပါစေသော်ဟု ဆုတောင်းပေးချိန်တွင် ဩနေသိဖော်သည် သေပြီးပြီဟု ဆိုသည်။ ဩနေသိဖော်သေခြင်းက အဓိကမဟုတ်ပါ။ သေခြင်းက ပေါလု ဆုတောင်းခြင်းကို မဟန့်ထားနိုင်ပါ။ ထိုအယူအဆသည် ကောက်ရိုးတစ်မျှင့်ဖြင့် သမ္မာကျမ်းစာကို ထိုးဆွခြင်းသာဖြစ်သည်။
၁:၁၇ ရောမသို့ ဩနေသိဖော် ရောက်လာသောအခါ ရွေးစရာ(၃)ခု တွေ့သည်။ ပထမအချက်မှာ ယုံကြည်သူ ခရစ်ယာန်များအား အဆက်အသွယ် မပြုဘဲ ရှောင်တိမ်းခြင်း ဖြစ်သည်။ ဒုတိယမှာ ယုံကြည်သူများအား လျှို့ဝျက်စွာ တိတ်တခိုးတွေ့ဆုံသည်။ တတိယအချက်မှာ အရဲစွန့်၍ ရောမထောင်ထဲသို့ ပေါလုအား ထောင်ဝင်စာတွေ့ဆုံခြင်း ဖြစ်သည်။ ထိုသို့ပြုလျှင် ရောမအစိုးရနှင့် တိုက်ရိုက်ဆက်ဆံရမည်။ မည်သို့ပင် ဖြစ်စေ တတိယနည်းလမ်းကို ရွေးချယ်ခဲ့သည်။ အားတက်သရော ရှာဖွေ၍ ပေါလုကို သွားရောက် တွေ့ဆုံသည်။
၁:၁၈ ထို့ကြောက် ရှင်ပေါလုက ဤသစ္စာရှိသော မိတ်ဆွေကောင်းအား လာမည့်အနေ့ရက်များတွင် ကရုဏာတော် သက်ရောက်ပါစေဟု ဆုတောင်းပေးခြင်း ဖြစ်သည်။ ဤနေရာတွင် ကရုဏာတော်ကို ဆုလက်ဆောင် အဖြစ်သုံးသည်။ ထိုနေ့ရက်ဆိုသည်မှာ ယခင်ကျမ်းပိုဒ်များအတိုင်း ခရစ်တော်ပလ္လင်ပေါ် စိုးစံ၍ တရားစီရင်ရာ နေ့ရက်ဖြစ်သည်။
ကျမ်းပိုဒ်အဆုံးတွင် ဩနေသိဖော်၏ ကူညီပုံကို ပေါလုက တိမောသေအား ပြောပြီး နိဂုံးချုပ်လိုက်သည်။