ကမ္ဘာဦးကျမ်း ၁၃
၁၃:၁–၄ အာဗြဟံမိသားစုသည် အဲဂုတ္တုပြည်မှ ဗေသေလသို့ နောက်တဖန် ရောက်ရှိလာကြသည်။ ဘုရားသခင်ထံ ပြန်လည်ခိုလှုံလာကြသည်။ ဘုရားသခင်သည် အာဗြဟံနှင့် အတူ ပါရှိသဖြင့် “ဗေသေလသို့ ပြန်လာခြင်း” သည် ဘုရားသခင်၏ အံ့ဖွယ်ဘုန်းတန်ခိုးများ ထင်ရှားရာဖြစ်သည်။
၃။ လောတ၊ မေလခိဇေဒက် နှင့် ဆက်ဆံပုံ (၁၃:၅–၁၄–၂၄)
၁၃:၅–၁၃ အိမ်မွေးတိရစ္ဆာန်အကျိုးပေးသော လောတနှင့် ဦးလေး အာဗြဟံသည် သူတို့ ဆိတ်သိုးများ စားကျက်မြေလုမှုကြောင့် အငြင်းပွားအချင်းများလာကြသည်။ တစ်ဘက်သားကို ငဲ့ညှာတတ်သူ၊ သူများကို ဦးစားပေးတတ်သူ၊ စိတ်သဘောထား ပြည့်ဝသူ အာဗြဟံက လောတအား ဦးစားပေး၍ စားကျက်မြေ ရွေးခိုင်းသည်။ လူကြီးသူကောင်းများသည် မိမိထက် အခြားသူများကို ဦးစားပေးသူ (ဖိ၂:၃)ဖြစ်သည်။ လောတသည် မြက်ခင်းစိမ်းစိုသာယာသော ယော်ဒန်မြစ်ကမ်းခြေတလျှောက် ချိုင့်ဝှမ်းလွင်ပြင်ကို ရွေးချယ်သည်။ ထိုမြေသည် အပြစ်ဒုစရိုက်မြို့တော် သောဒုံနှင့် ဂေါမူရ မြို့တည်ရာဖြစ်လာသည်။ လောတသည်လည်း ဘုရားသခင်ကို ယုံကြည်ကိုးစားသူဖြစ် (၂ပေ ၂:၇-၈)၍ လောကစည်းစိမ် အောင်မြင် ချမ်းသာသည်။ ဆရာကြီးတစ်ပါးကမူ “လောတသည် သူ့တိရစ္ဆာန်များအတွက် မြက်ခင်းကြွယ်ဝ၍ အာဗြဟံသည် သားသမီးကောင်းကြီး မင်္ဂလာချမ်းသာသည်” ဟု ဆိုသည်။ (ငယ် ၁၅-၁၆)
သောဒုံသားများသည် လောတကဲ့သို့မဟုတ်။ ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌ အလွန်အပြစ်များ သူများဖြစ်သည်။ လောတ၏ ဇာတိအမြင် လိုလားပုံကို လေ့လာကြည့်ပါ။ သူသည် (သူ့လူများ) ရန်ဘက်ပြုသည် (ငယ် ၇)။ ပတ်ဝန်းကျင်ကို မြင်သည် (ငယ် ၁၀)။ စိတ်ကြိုက် ရွေးချယ်သည် (ငယ် ၁၁)။ သူ့အတွက်တဲဆောက်သည် (ငယ် ၁၂)။ မြို့တံခါးဝတွင်ထိုင်၍ နိုင်ငံရေးရာထူးမက်မောသည် (၁၉:၁)။ သောဒုံ မြို့၏ မြို့အကြီးအကဲမြို့တော်ဝန်ပမာ ဖြစ်လာသည်။
၁၃:၁၄–၁၈ အာဗြဟံသည် ဖုန်းဆိုးတောမြေသာ ရရှိသွားသော်လည်း ဘုရားသခင်က ခါနာန်ပြည်တစ်ခုလုံးအား နောင်လာနောက်သား သားစဉ်မြေးဆက်ထိ ပိုင်ဆိုင်ခွင့်ပေးသည်။ ထို့အပြင် ရေတွက်၍ မကုန်နိုင်သော ကြွယ်ဝချမ်းသာခြင်း ပေးသည်။ ထိုဒေသတွင် စနစ်တကျ အခြေချပြီးသောအခါ အာဗြဟံသည် ဟေဗြုန်အရပ်တွင် ဘုရားသခင်အတွက် တတိယမြောက် ယဇ်ပလ္လင်တည်ဆောက်ပြန်သည်။ အာဗြဟံသည် သူ့အတွက် ကျောခင်းစရာတဲမရှိလျှင်မရှိမည်။ဘုရားသခင်အတွက် ယဇ်ပလ္လင်ကို အမြဲတမ်း ဦးစားပေးတည်ဆောက်လေ့ရှိသည်။