ဆာလံကျမ်း ၁၃၅
ဆာ ၁၃၅၊ဘာကြောင့်ချီးမွမ်းရပါ့
၁၃၅:၁–၂ ပထမအပိုဒ်ငယ်(၂)ခု ပရိတ်သတ်ကြီးအား ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ကြဖို့ လှုံဆော် သည်။ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့အသံ ဖြစ်သည်မှန်သော်လည်း အဓိကပရိသတ်မှာ ဣသရေလလူများ နှင့်ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူများသို့ပစ်မှတ်ထားသည်။
၁၃၅:၃ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကိုးကွယ်ရသည့် အကြောင်းရင်းများ ထုတ်ဖော် ထားသည်။ ကိုယ်တော်သည် ကောင်းမြတ်သည်။ အဘယ်မျှကောင်းမွန်ကြောင်း ထုတ်ဖော်ပြောဆို၍ မကုန်နိုင်။ လက်ရာတော်ဟူသမျှသည် ကောင်းမွန်၍ လေးစားကြည်ညိုထိုက်သည်။
နာမတော်သည် နှစ်လိုဖွယ်ရာ၊ ခေါ်ချင့်စဖွယ်ဖြစ်သည်။ အပြစ်သားတို့၏ ဒုစရိုက်ဗရပွကိုချေဖျက်၍ ထာ၀ရအသက်ပေးခြင်းသည် ဧရာမကျေးဇူးတော်ဖြစ်သည်။
၁၃၅:၄ ဘုရားရှင်က ဣသရေလလူမျိုးကို ကိုယ်ပိုင်လူမျိုးအဖြစ် ရွေးချယ်သည်။ ဘုရားရှင်က သဘောတော်အတိုင်း တချက်လွှတ်ရွေးချယ်ခြင်းဖြစ်သည်။ သို့လော သို့လော မေးခွန်းများ မေးစရာ ဖြစ်ပါသည်။ အဘယ့်ကြောင့် “ငါ့ကို”ယုံကြည်သူအဖြစ် ရွေးချယ်သနည်း။ ထိုသို့ရွေးချယ်သောကြောင့် ဘုရားရှင်ကို ကိုးကွယ်ရသည်။
၁၃၅:၅ ဘုရားရှင်သည် ကြီးကျယ်သည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်စောင့်ရှောက်သောအရှင်၊ ရွေးနှုတ်သခင်မှန်းသိကြသောကြောင့်၊ “ကိုယ်တော်ကြီးမြတ်မူပေ“ ဟု ၀န်ခံချီးမွမ်းကြရသည်။
ထာ၀ရဘုရားသည် လူ့လောကရှိဘုရားတု၊ ဘုရားလေး၊ နတ်ဘုရားများအထက်မှာ တည်သည်။ “၀တ်ရုံတော်ပေါ်တွင်” ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင် (ဗျာ ၁၉:၁၆)ဟု စာတန်းထိုးထား သည်။
၁၃၅:၆ ဘုရားရှင်သည် သဘာဝလောကကြီးကို အုပ်စိုးသောအရှင်သခင်ဖြစ်သည် (ငယ်၆)။ အလိုတော်ရှိသည့်အတိုင်း အရာခပ်သိမ်းကို ပြုပြင်သည်။ ထိုအကြောင်းကို Arthur Pinkက ဤသို့ဆိုသည်-
အချုပ်အခြာဘုရားရှင်ဆိုသည်မှာ ဘုရားသခင်သည် ဘုရားရှင်ဖြစ်၍ နာမတော်အားဖြင့် ကမ္ဘာမိုးမြေ စကြာဝဋ္ဌာပိုင်စိုးသူဟု သိမှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်။ သဘောတော်ရှိသည့်အတိုင်း၊ အရာရာကို ဖြစ်လိုရာဖြစ် စေသည်။၉၅
၁၃၅:၇ သဘာဝတရားပေါ်တွင် အကြွင်းမဲ့စီရင်ခွင့်အာဏာရှိသည်။ တိမ်တောင်တိမ်လိပ်၊ လျှပ်ပန်း လျှပ်နွယ်၊ လေများကိုလည်း လက်တော်ဖြင့် ညွှန်ကြားသည်။ Stephen Charnock က” ဘုရားသခင်၏ တန်ခိုးတော်သည် ကိုယ်တော်ကဲ့သို့ဖြစ်သည်။ တိကျသည်။ ထာဝရတည်တံ့သည်။ တုနှိုင်းဖွယ်ရာမရှိ။ သတ္တဝါများက စစ်ကြောစရာ၊ တုပစရာ၊ ကဖျက်ကရက် လုပ်နိုင်စရာမဟုတ်”ဟု ဆိုသည်။
၁၃၅:၈–၉ ဣသရေလလူမျိုးကို အဲဂုတ္တုပြည်ကျွန်ဘဝမှ ခေါ်ထုတ်သည်။ ဖာရော၏တိုင်းပြည်တွင် ကာလနာ ပလိပ်ရောဂါအမျိုးမျိုးဖြစ်စေခဲ့ကြောင်း ဣသရေလသမိုင်းကြောင်းတွင် ကမ္ဗည်းမော်ကွန်း တင်ခဲ့သည်။ အဲဂုတ္တုသားတို့၏ သားဦးများသေဆုံးစေခြင်းသည် ကာလနာရောဂါ၏ အထွဋ်အထိပ်ဖြစ်သည်။
၁၃၅:၁၀–၁၁ ဣသရေလတို့၏ရန်သူများကို ဖြိုခွင်းပေးသည်။ အမောရိဘုရင် ရှိဟုန်မင်းနှင့် ဗာရှန်ဘုရင် သြယမင်းတို့ကို အောင်နိုင်စေခဲ့သည်။ ထို့နောက် ခါနာန်ဒေသခံ လူရိုင်းများကိုမောင်းထုတ်၍ ဣသရေလလူများသို့ အမွေခံမြေအဖြစ်ပေးသည်။
၁၃၅:၁၂ ခါနာန်မြေကို ဣသရေလလူများသို့ အပိုင်ပေးလိုက်သည်။ အဲဂုတ္တုပြည်မှ ထွက်လာကြသော အိုးမဲ့အိမ်မဲ့ ဣသရေလလူများသို့ သားစဉ်မြေးဆက်ပိုင်ဆိုင်ဖို့ အမွေမြေအဖြစ် ပေးလိုက်သည်။
၁၃၅:၁၃ ကိုယ်တော်သည် ထာဝရအသက်ရှင်၍ နာမတော်သည်လည်း ထင်ပေါ်ကျော်ကြားသည်။ ကိုယ်တော်တည်တံ့သည့်အတိုင်းနာမတော်တည်မြဲသည်။
ထာဝရကျော်စောသည်။ နာမတော်သည်နိစ္စထာ၀ရတည်တံ့သည်။ ဘွဲ့နာမတော်သည် ကာလအစဉ် တည်သည်။
၁၃၅:၁၄ ကိုယ်တော်သည် တရားမျှတ၍ ကိုယ်ချင်းစာစိတ်လည်း ပြည့်ဝသည်။ ထိုကြောင့်လည်း သူ့လူများကို စာနာစိတ်ရှိသည့်အတိုင်း ထိုသူများဘက်မှ တရားစီရင်လေ့ရှိသည်။ ထိုအကြောင်းကို မောရှေက တရား ၃၂:၃၆တွင် ပထမဆုံးသီဆိုခဲ့သော်လည်း ဆုံးခန်းမတိုင်သေး။
၁၃၅:၁၅–၁၈ ရုပ်တုဘုရားတုများ၏အထက်ဘုံနန်းတွင် စိုးစံသည်။ သာသနာပလူတို့ကိုးကွယ်သော ဘုရားက မွဲဆေးဖော်သည်။ ရွှေငွေများဖြင့်ပြုလုပ်ကိုးကွယ်ကြ၍ ပျက်စီတတ်သောသင်္ခါရပစ္စည်းဖြစ်သည်။ လူ့လက်လုပ်ရုပ်ပစ္စည်းဖြစ်၍ လူ့ထက်နိမ့်ကျသည်။ စကားမပြော၊ မျက်စိမမြင်၊ နားကန်းသည့်အပြင် အသက်မရှိကြ၊ ဝမ်းနည်းဘွယ်ရာကောင်းသည်မှာ ထိုရုပ်ဘုရားတုနှင့် ကိုးကွယ်သူများသည် ဘဝတူများ ဖြစ်ကြသည်။ ဝိညာဉ်မျက်စိမရှိ။ နားပိတ်၊ ဆွံ့အ၊အသုဘအသေကောင်များဖြစ်ကြသည်။
၁၃၅:၁၉–၂၀ ကြီးမြတ်တော်မူသောဘုရားမူကား လူ့ဆန္ဒ၏တန်ခိုးရှင်ဖြစ်သောကြောင့် ကောင်းချီး ပေးလိုက်ပါသည်။ ဣသရေလအမျိုးသားလုံး ဘုရားရှင်ကို ကောင်းချီးပေးကြစေ။ အမှုတော်ဆောင် ယဇ်ပုရောဟိတ်များ (အာရုန်အနွယ်)သည် ဘုရားသခင်ကို ချီးမွမ်းကြစေ။ လေဝိအမျိုးသားများသည် ကိုးကွယ်ကြစေ။ ဘုရားသခင်၏အမှုတော်မြတ်မှာ ပါ၀င်သူအားလုံး ထောမနာပြုကြစေ။ လူထုလူတန်းစား အားလုံး ကျားမ မဟူ ချီးမွမ်းကြစေ။ ဇိအုန်တော်ပေါ်သို့ မေရှိယသခင်ပေါ်ထွန်းလာ၍ ယေရုရှလင် မြို့တော်တွင် စိုးစံသောအခါ ထိုမြင်ကွင်းကို ပီပြင်စွာ တွေ့မြင်ကြဦးမည်။
၁၃၅:၂၁
ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော
ထာ၀ရဘုရားသည် ဇိအုန်တောင်ပေါ်မှာ
ရှိတော်မူစေသတည်း။ ဟာလေလုယာ။
ထိုသီချင်း ပြိုင်တူသီဆိုနိုင်ကြဖို့ရန် ယခုအချိန်မှစ၍ ဟန်ရေးပြင်ဆင်ကြပါစို့လား။