ဆာလံကျမ်း ၂၇

ဆာ ၂၇၊ ယေရှုအဖမ်းခံခြင်းနှင့် စစ်ဆေးခြင်း

ဆာ ၂၇ သည် ကရာနီတောင်ကုန်းအရေးရောက်ခါနီးတွင် သခင်ယေရှု၏အတွေးအခေါ်များ ကျက်သရမင်္ဂလာရှိသော စကားများဖြစ်သည်။

၂၇:၁  ဥပမာအားဖြင့် ယဇ်ပုရောဟိတ်အကြီးအကဲ၊ဗိမာန်တော်မှူး၊ လူကြီးသူမများ သခင်ယေရှုကို ဖမ်းဖို့ ကေသရှေမန်ဥယျာဉ်သို့ ဝင်ရောက်လာသည့်အခါ ခရစ်တော်က ῝ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မှိက်တန်ခိုးလည်းဖြစ်၏῞ (လု ၂၂:၅၃)ဟု ဆိုသည်။ ထိုအချိန်ကာလအခိုက်အတန့်တွင် ဤသို့သူ့ကိုယ်သူ နှိမ့်သိမ့်နေပေမည်  –

 ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်

     အဘယ်သူကို ကြောက်ရအံ့နည်း

     ထာဝရဘုရားသည် ငါ၏အသက်ခိုလှုံရာဖြစ်တော်မူ၏

     အဘယ်သူကို ကြောက်ရအံ့နည်း

     ဘုရားသခင်သည် အလင်းဖြစ်တော်မူသောကြောင့် အမှောင်ရောက်လည်းလမ်းအပျောက် ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်တော်မူသောကြောင့်လူ့ဘောင် လောကရန်သူများမှ ကယ်နှုတ်ပေးသည်။ ဘုရားသခင်သည် ဘဝမုန်တိုင်းခက်ထန်သည့် အဖြစ်ဆိုးမျိုးတွင် အသက်ခိုလှုံရာ၊ ကွယ်ကာရာဖြစ်သည်။ ထိုသို့ သော ခိုလှုံအားထားရာမှန်လျှင် အဘယ်အမှုအရာကို ကြောက်ရအံ့တော့နည်း

၂၇:၂  သခင်ယေရှုကို ဖမ်းဆီးဖို့ချဉ်းကပ်လာကြသည့်အခါ ကိုယ်တော်က “မည်သူ့ကို ရှာဖွေကြသနည်း” ဟုမေးသည်။`နာဇရက်သားယေရှု’ဟုပြော ကြသောအခါ မဆိုင်းမတွေ့ဘဲ “ငါပဲ”ဟု ပြောလိုက်သည်နှင့် ရန်သူများသည် မြေကြီးပေါ်သို့ ဗိုင်းကနဲပက်လက်လန်လဲကျသွားကြသည် (ယော ၁၈:၆)။ ထိုအခိုက်တွင် ဤသို့ စဉ်းစားအတွေးဝင်ပါလိမ့်မည် –

ငါ့ကို အငြိုးထားသော ရန်သူလူဆိုးတို့သည်ငါ့အသားကို ကိုက်စားဖို့လာကြ၏

    သို့သော်လည်းရန်သူများသည် ခြေကုတ်မိ၍လဲကြ၏။

    ကြက်ကလေး၊ ငှက်ကလေးဖမ်းသကဲ့သို့ ဖမ်းချင်ကြပေမည်။ ဘုရားသခင်၏ ဇာတိတော်က “ငါ”ဟုဆိုသော အခါ ဘုန်းတန်ခိုးအရှိန်အဝါကို မခံမရပ်နိုင်ကြသောကြောင့် နောက်ပြန်ပစ်လဲကြပေမည်။

၂၇:၃  သခင်ယေရှုကို ဖမ်းဆီးဖို့ ဂေသရှေမန်ဥယျာဉ်ထဲသို့ ရောက်လာသူများသည် စစ်တပ်အင်အားအလုံး အရင်းလိုက်ဖြစ်သည်။ ယဇ်ပုရောဟိတ် အကြီးအကဲများ အရာရှိမင်းများ၊ ဖါရီရှဲများပါဝင်ကြသည်။ မီးဒုတ်မီးအိမ် များနှင့် လက်နက်ကိုယ်စီ ဆွဲကိုင်ကြသည် (ယော ၁၈:၃)။ ထိုသူများကို ကြည့်ရှုတွေ့မြင်သောအခါ သခင်ခရစ်တော်သည် ဤသို့အတွေးရဲသည် –

ငါ့တဘက်၌တပ်ချကြသော်လည်း ငါ့နှလုံးမကြောက်တတ်။

   စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင်တည်ကြည်သော စိတ်ရှိလိမ့်မည်။

    ၂၇:၄  ကမူးရူးထူးပေတရုက သူ့သခင်ကိုကာကွယ်သည့်အနေဖြင့် ယဇ်ပုရောဟိတ်၏ကျွန်မာလခု၏ နားရွက်ကို ခုတ်ဖြတ်သည်။ ထိုစဉ်အခါတွင် သခင်ယေရှုက ပေတရုအား “ခမည်းတော်ကမ်းပေးသော ခွက်ဖလားကိုမသောက်ရဘူးလား”ဟုဆိုပေမည်။ ကိုယ်တော်၏ ပထမဦးစားပေးတစ်သည်ခမည်းတော်ဘုရား၏ အလိုတော်ဖြည့်ဆည်းရေးဖြစ်သည်။ လက်ဝါးကပ်တိုင်လမ်းကို ကျေနပ်သည်။ အရှက်အကြောက်နှင့် ဆင်းရဲဒုက္ခသို့ အဆင်သင့်ပြင်ဆင်ထားပြီ။ ထို့ကြောင့် ဤသို့ဆိုနိုင်ပေသည် –

ထာဝရဘုရား၏ တင့်တယ်ခြင်းအသရေတော်ကို ဖူးမြင်၏

    ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါထာဝရဘုရား၏အိမ်တော်မှာ တသက်လုံးနေရမည့်အကြောင်းတည်းဟူ သောအခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။

    ထိုအခွင့်ကို ရှာရဦးမည်။

    လူအချို့သည်မြင်ကြသည်။ ပြန်၍လိုချင်ကြသည်။ လိုချင်၍ ရှာဖွေရယူကြသည်။ ရယူသည့်အတိုင်းခံစားကြ သည်။

၂၇:၅  နောက်ဆုံးတွင် စစ်သားများနှင့် ယုဒအရာရှိများက သခင်ယေရှုကို ဖမ်းဆီးကြသည် (ယော ၁၈:၁၂)။ ပွဲကြည့်ပရိတ်သတ်များက ယေရှုကိုအရှုံးပေးကြသည်။ ထိုအချိန်ကာလတွင် သခင်ယေရှုက ဤသို့ဆိုပါလိမ့်မည်။

“ဘေးအန္တရာယ်ရောက်သည့်ကာလထဲတော်တွင် ငါ့ကိုကွယ်ကာတော်မူမည်။

    ဗိမာန်တော်တွင်းအရပ်၌ ငါ့ကိုဝှက်ထားတော်မူမည်။

    ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။

    သခင်ယေရှုသည် ရန်သူများဘေးရန်ဝိုင်းသော်လည်း အလျဉ်းကြောက်ရွံ့ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် အဘခမည်းတော်က ချစ်ခင်မြတ်နိုးမှန်းသိသည်။ ကွယ်ကာလုံခြုံစေမည့် ကတိတော်ကိုလည်း ရရှိထားသည်။

၂၇:၆  စစ်သားများက ခရစ်တော်အားယဇ်ပုရောဟိတ်ကြီးက ယာဖထံသို့ ခေါ်ဆောင်သွားကြသည်(မ၂၆:၂၇)။ ထိုကယာဖသည် ယုဒလူမျိုးများကိုယ်စားတစုံတဦးက အသေခံလျှင်ပို     ကောင်းသည်ဟုနိမိတ်ဖတ်သောသူဖြစ်သည် (ယော ၁၈:၁၄)။ ရန်သူများက ခရစ်တော်အား ကောင်းကင်နှင့်မြေကြီး ကြားတွင်မြှောက်ထားဖို့ ကြံစည်ကြသော်လည်း သခင်ယေရှုကိုယ်တိုင်က တမျိုးစဉ်းစား ထားသည်။

ယခုပင်ငါ့ပတ်လည်၌ရှိသော ရန်သူတို့အပေါ်သို့

    ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မှု၏။

    ထိုကြောင့် ဗိမာန်တော်မှာတံပိုးမှုတ်ခြင်းနှင့်တကွပူဇော်မည်။

    သီချင်းဆိုပါမည်။

    ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။

    အဘယ်မျှအကောင်းမြင်ဝါဒရှိပါသလဲ။သူ့ကိုသေဒဏ်ပေးဖို့ဖမ်းဆီးမေးမြန်းစစ်ဆေးနေကြကြောင်းကိုယ်တော်သိရှိသည်။ သို့သော်လည်း စိတ်ရွှင်လန်းဝမ်းမြောက်သည်။ ကယာဖသို့ဆိုခဲ့သည်မဟုတ်လား။ “နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျှက်၊ မိုးတိမ်ကိုစီး၍ကြွလာသည်ကို မြင်ရကြလတံ့” (မ၂၆:၆၄)။

၂၇:၇-၈  ယဇ်ပုရောဟိတ်ကြီးက သခင်ယေရှုအား အပြစ်စကားဆိုနေပြီ။ ဘုရားကိုစော်ကားသည်ဟုဆို    သည်။ ‘ပရိတ်သတ်များကိုကြည့်စမ်း၊ ဘယ်လိုထင်လဲ’ဟု ပြောပါလိမ့်မည်။ ထိုအခိုက်အတန့်တွင် ခရစ်တော်သည် ဘုရားရှင်ထံဘက်သို့ ရင်ထဲမှဆုတောင်းပါလိမ့်မည်။

အို..ထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။

    အကျွန်ုပ်မျက်နှာကို ရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌အကျွန်ုပ်သည် သတိပြုလျှက်၊

    အိုထာဝရဘုရား၊ ကိုယ်တော်မျက်နှာကို ရှာပါမည်။

    ၂၇:၉  ထိုသို့ဖြစ်သည်နှင့်တပြိုင်နက် တပည့်တော်များက စွန့်ခွာထွက်ပြေးသွားကြသည်(မ၂၆:၅၆)။ ဘုရားရှင်တော်ကမူ အတိတ်ကာလတလျှောက်တွင် ကူညီမစခဲ့သည့်နည်းတူ၊ ယခုကာလတွင်လည်း စွန့်ပစ်မည်မဟုတ်၊ စောင့်ရှောက်တော်မူမည်။

အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။

    အမျက်တော်ထွက်၍ ကိုယ်တော်၏ကျွန်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုကယ်တင်တော်မူသော

   ကိုယ်တော်သည် အကျွန်ုပ်ကိုမစတော်မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။

    ၂၇:၁ဝ ဒါဝိဒ်၏မိဘများက သူ့ကိုဘယ်သောအခါမှ မပစ်ပယ်ကြသကဲ့သို့ ဘုရားရှင်တော်ကလည်း စွန့်ပစ်ခြင်းမပြု။ ဤကျမ်းပိုဒ်ကို J.N.Darby ကျမ်းမူတွင် ဤသို့ရေးထားသည်။

ငါ့အဖေနှင့်အမေက စွန့်ပစ်ခြင်းမပြုသကဲ့သို့ယေဟောဝါဘုရားကလည်းစောင့်ရှောက်တော်မူသည်။

၂၇:၁၁-၁၂  ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးကောင်စီလူကြီးမင်းများက ခရစ်တော်ကို အမှုစစ်ဆေးကြသည်။ တရားလိုဘက် သက်သေအတုများကြံဖန်ထည့်သွင်းစစ်ဆေးပြီး သေဒဏ်ပေးဖို့ ကြံစည်ကြသည်။ အမှုပေါ်လွင်အောင် သက်သေမပြနိုင်ကြ။ သက်သေအတုနှစ်ဦးက “ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီးပစ်ပြီး သုံးရက်အတွင်း ပြန်ဆောက်မည်”ဟု (မ ၂၆:၁၉-၆၁)ဟု လွန်ကျူးစွာ ပြောဆိုကြောင်း သက်သေပြုုကြသည်။ သခင်ယေရှုက ပြောဆိုသည်မှာ (သူ့ခန္ဗာကိုယ်ကို ဗိမာန်တော်ဟုရည်ညွန်းသည်)။ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့၊ သုံးရက်တွင်းတွင် ငါတည်ဆောက်မည်။ ထိုသို့မိန့်တော်မူရာ၌မိမိကိုယ်တည်းဟူသော ဗိမာန်တော်ကို အမှတ်ပြု၍ဟောသတည်း” (အယော ၂:၂၉-၂၂)။ သို့သော်တရားရုံးကမူ တလွဲအဓိပ္ပါယ်ယူသည်။ ထိုစဉ်ကာလတွင် သခင်ယေရှုသည် ဤသို့ဆုတောင်းခဲ့သည် –

အို-ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကိုပြသသွန်သင်တော်မူပါ။

   အကျွန်ုပ်ရန်သူတို့ကြောင့် ဖြောင့်မတ်သောလမ်းသို့ ပို့ဆောင်တော်မူပါ။

    မမှန်သောသက်သေကို ခံသောသူတို့ညှဉ်းဆဲခြင်းငှာ၊ ပြင်းစွာအသက်ရှူသောသူတို့သည် အကျွန်ုပ်တဘက်၌

   ထကြသည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။

    ၂၇:၁၃  ပိလတ်မင်းတရားရုံးအပြင်ဘက်တွင်သွေးဆာသောပရိသတ်များက ဆူပွက်နေကြသည်။ “လက်ဝါးကပ်တိုင်ပေါ်သို့တင်သတ်လိုက်” (မ ၂၇:၂၂-၂၃)။ ထိုအသံဗလံများကို သခင်ယေရှုလည်းကြားသည်။ ပရိသတ်ကြီး၏ ဆန္ဒကိုလည်းနားလည်သည် ထိုအချိန်ကာလတွင် ဤသို့ဆိုနေလေမည် –                    “အကယ်စင်စစ် အသက်ရှင်သောသူတို့နေရာတွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည် ဟု ယုံမှတ်စွဲလမ်း၏

         ၂၇:၁၄  နောက်ဆုံးပိုဒ်တွင် မည်သို့စပ်ဆိုထားသနည်း။ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုကြမည်နည်း။ စာရေးသူအနေဖြင့် ဤကျမ်းပိုဒ်သည် စာရှုသူအားလုံးသို့ပြောစကားဖြစ်သည်ဟု  ခံယူသည်။ ကောင်းကင်ဘုံရှင်ခမည်းတော်ထံသို့ ယုံကြည်အားထားရမည့်အကြောင်းဖြစ်သည်။

   ထာဝရဘုရားကို မျှော်လင့်လော့။

    အားယူ၍ ရဲရင့်ခြင်းရှိလော့။

    ထာဝရဘုရားကို မျှော်လင့်လျှက်ရှိနေလော့

Previous Article
Next Article