ဆာလံကျမ်း ၅၇
ဆာ ၅၇ အတောင်တော်အရိပ်အောက်ဝယ်
ရှောလုဘေးရန်မှထွက်ပြေးတိမ်းရှောင်နေစဉ် ဒါဝိဒ်ကျောက်ဂူ၌ဤဆာလံသီချင်းကို ရေးသားသည်။ အဒုလန်ကျောက်ဂူသို့မဟုတ် Engedi ကျောက်ဂူတစ်ခုခုဖြစ်နိုင်သည်။ ဘုရာသခင်၏ ကျေးဇူးတော်ကြီးမားပုံနှင့်ရန်သူများ၏ ကြောက်မက်ဘွယ်အင်အားနှိုင်းယှဉ်ထားသည်။ ထိုနှစ်ခု အကြားတွင် ဆာလံဆရာကကြောက်ရွံ့အားငယ်ခြင်းထက် ယုံကြည်ခြင်းခွန်အားကြီးမားပုံ တင်ဆက်ထားသည်။
မျက်မှောက်ကာလ(၅၇:၁–၃)
ဆာလံဆရာသည်မျှော်လင့်ချက်ရှိထားသောကြောင့် ရန်သူ့လက်မှကယ်နှုတ်ဖို့မတောင်းဆို။ ကရုဏာတော်ကိုတောင်းဆိုသည်။ သနားတော်မူ၍ကောင်းချီးမင်္ဂလာချပေးရန်ခွင့်ပန်သည်။ ဘေးပတ်လည်တွင်ဘေးရန်ဝိုင်း၍ မှောင်မိုက်နေသော်လည်း ကြက်မကြီး၏ရင်ထဲတွင်ကြက်ကလေး များခိုလှုံရသကဲ့သို့ ကိုယ်တော်၏တောင်ပန်အရိပ်အောက်တွင်ခိုလှုံပါရစေ။ မုန်တိုင်းလွန်မြောက်ချိန် ထိခိုလှုံခြင်းဖြင့်အသက်ချမ်းသာရပါစေသား။ ထိုသို့သောအခွင့်အရေးထူးရရှိလျှင် အမြင့်ဆုံးသော ဘုရားရှင်ထံတော်သို့တောက်လျှောက်ဆုတောင်းနိုင်မည်။ သူ့အပေါ်သို့ဘုရားသခင်ထားရှိသော ရည်ရွယ်ချက်ကိုမည်သူမှ တားဆီးနိုင်မည်မဟုတ်။ ကောင်းကင်ဘုံယံမှအဖြေစကားဆိုသည်မှာ ရန်သူများကိုအရှက်ခွဲမည့်အကြောင်း၊ ယုံကြည်သူများအပေါ်သို့ ကတိတော်တည်မည့်အကြောင်း ဖြစ်သည်။ မမေ့ပျောက်နိုင်ဘွယ်ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော် အကြောင်းတည်း။
မျက်မှောက်ရန်သူ (၅၇:၄)
ရန်သူအင်အားသည်ကြောက်ခမန်းလိလိကြီးမားသည်။ ဆာလောင်ငတ်မွတ်၌ ပါးစပ်ဟနေ သောခြင်္သေ့၊ ဒေါသမီးတောက်လောင်နေသော ဒေါသကုမ္မာတို့အလယ်သို့ရောက်နေပြီ။ ကိုက်ဖဲ့မည့် သွားများသည်လည်း တဝင်းဝင်းရှိ၍ပြောစကားလျှာများသည်လည်း ထက်ပါဘိသည်။ ထိုရန်စွယ် များအလယ်တွင်ဒါဝိတ်ရောက်နေသည်။ ယုံကြည်ခြင်းခွန်အားမရှိလျှင် ရပ်နိုင်ဘွယ်ရာမရှိ။
မျက်မှောက်ကာလ(၅၇:၅)
ဤကျမ်းချက်ကိုအပိုဒ်ငယ် (၁၁)တွင်တဖန်ပြန်တွေ့ရသည်။ ဘုရားသခင်ကရန်သူများအား ဖြိုခွင်းပေး၍သူ့ကိုကောင်းချီးပေးမည့်မြင်ကွင်းကို ဒါဝိဒ်ဘုရင်ငံ့လင့်နေသည်။ သူကိုယ်တိုင်ဘာမှ မစွမ်းဆောင်နိုင်သော်လည်း သူ့ကိုးကွယ်သောဘုရားရှင်က အရာခပ်သိမ်းတတ်စွမ်းနိုင်ကြောင်း ယုံကြည်သည်။
မျက်မျောက်ရန်သူ (၅၇:၆)
ရန်သူများသည်ယေရှဲ၏သားကိုဖမ်းမိဖို့အကွက်ကျကျစီမံထောင်ချောက်ဆင်ကြသည်။ စိတ်ပင်ပန်းလေးလံလှပြီ။ ထောင်ချောက်ကျင်းတူးထားကြသော်လည်းဒါဝိဒ်မမိ။ သူတို့ကိုသူတို့ ပြန်မိကြသည်။
မျက်မှောက်ကာလ (၅၇:၇–၁၁)
ဆာလံဆရာ၏စိတ်ဓာတ် သည်အံ့သြဘွယ်ရာ တစ်မဟုတ်ခြင်းပြောင်းလဲသွားသည်။ ဘုရားသခင် အားချီးမွမ်းသီချင်းဆိုနိုင်သည်။ စိတ်ဓါတ်နိုးကြားတက်ကြွ၍ တယောနှင့်စောင်းကိုကောက်ကိုင် သည်။ နံနက်အာရုဏ်ဉီးချိန်မှစ၍ ချီးမွမ်းသီချင်းစဆိုသည်။
တယောက်တည်းသီဆိုရန်အားမရသဖြင့် ပရိသတ်ဗိုလ်ပုံအလယ်မှာ ဆာလံသီးချင်းသီဆို သည်။ ဘုရားသခင်၏ကရုဏာတော်သည်ကောင်းကင်သို့၎င်း သစ္စာတော်သည်မိုးတိမ်သို့နှယ် ရှိ၏။
ထိုအကြောင်းကို F.B Meyer က “ဒါဝိဒ်သည်တကိုယ်တော်စိတ်ဓါတ်ကျရာမှ ဘုရာသခင် ဘုန်းတော်ထင်ရှားစေဖို့ ဟုန်းကနဲထတောက်သည်”ဟုဆိုသည်။ ထိုကဲ့သို့ပင် ယုံကြည်သူများ မျက်ရည်ကျခွန်အားနည်းနေသည့်အခိုက်တွင်လည်း ဘုရားသခင်၏ကရုဏာတော်ဖူးမြင်၍ ချီးမွမ်းသီချင်းဆိုနိုင်ကြပါစို့။