ဆာလံကျမ်း ၈၂
ဆာ ၈၂၊ လောကမင်းများစစ်ဆေးခြင်း
၈၂:၁။ တရားရုံးက စနစ်တကျရှိသည်။ တရားသူကြီးသည် နေရာယူသည်။ ထိုတရားသူကြီးမှာဘုရားသခင် ကိုယ်တိုင်ဖြစ်သည်။ အချုပ်အခြာအာဏာရှင်ဖြစ်သည့်အတိုင်း လူ့လောကတိုင်းပြည်တခွင်ရှိ အုပ်စိုးသူမင်းများနှင့် တရားသူကြီးမင်းများအား အထူးတရားရုံးဖြင့်စစ်ဆေးသည်။ ထိုလူများသည် ဘုရား သခင်၏ကိုယ်စားလှယ်တော်များဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် စီရင်ခန့်အပ်သူများဖြစ်ကြသည်။ လူ့ဘောင်အဖွဲ့အစည်းကို တရားတော်နှင့်အညီ စီရင်အုပ်ချုပ်ရန် တာ၀န်အပ်နှင်းထားသည်။ ယေဘုယျအားဖြင့် ထိုသူများသည် သူလိုငါလို ပုထုဇဉ်လူသားများဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ဘိသိက်ပေးထားသော ရာထူးရာခံရှိကြသည်။ သူတို့ကိုယ်တိုင်က ယေဟောဝါဘုရားကို မသိရှိကြသော်လည်း ဘုရားသခင်က ခန့်အပ်ထားသူများဖြစ်၍ လောကဘုရားလေးများဖြစ်ကြသည်။ တန်ခိုးအာဏာပိုင်ဆိုင်ကြသည်။
၈၂:၂။ ပထမအချက်မှာ ဘုရားသခင်က မျက်နှာလိုက်ခြင်းကိုပြစ်တင်ရှုတ်ချသည်။ တံစိုးလက်ဆောင် ရယူကြသည်။ မျက်နှာကြီးရာ ဟင်းဖတ်လိုက်ကြသည်။ လူချမ်းသာများကို မျက်နှာသာပေးကြ၍ မရှိဆင်းရဲသားများကို ဖိစီးနှိပ်ကွပ်ကြသည်။ လာဘ်ထိုးနိုင်သောရာဇ၀တ်ကောင်များကို လွှတ်ပေးပြီး၊ လာဘ်မပေးနိုင်သူများကို ဖမ်းဆီးကြသည်။ တရားမျှတခြင်းချိန်ခွင်ညှာသည် တဖတ်စောင်းနင်းဖြစ်နေသည်။
၈၂:၃–၄။ တရားသူကြီးမင်းများသည် လူမှုရေးအသိုင်းအဝိုင်းတွင်လည်း တာ၀န်၀တ္တရားရှိကြသည်။ မရှိဆင်းရဲသားများ၊ မိဘမဲ့များနှင့်ချို့တဲ့သူများကိုလည်း ကြည့်ရှုတတ်ရသည်။ ထိုသူများအား ဖိနှိပ်သူ လူတန်းစားများက မတော်မတရားမပြုကျင့်အောင် ကာကွယ်ပေးရသည်။
၈၂:၅။ ထိုသို့ အစစအရာရာတွင် ဘုရားသခင်က ကြိုတင်သတိပေးထားသော်လည်း လိုက်နာလုပ်ဆောင်ခြင်း မရှိကြ။ မသိချင်ယောင်ဆောင်ကြသည်။ တလွဲတချော်ပြုလုပ်ကြသည်။ အမှောင်ထဲသို့ ဇွတ်တိုးကြသည်။ အားနွဲ့သူများကို ကူညီဖေးမမည့်အစား မြေနိမ့်ရာလှံစိုက်ကြသည်။ ရိုးသားဖြောင့်မတ်ခြင်းမရှိ၊ ပညာရည် မပြည့်၀ကြသောကြောင့် လူ့အဖွဲ့အစည်းသည်လည်းဘောင်ဘင်ခတ်လှုပ်ရှားသည်။ တရား ဥပဒေနှင့် အမိန့်ဒီကရီရှိသော်လည်း လူကိုမုန်းလျှင်မူကိုသုံး၊ လူကိုချစ်လျှင်မူကိုပြင်ကြသည်။
၈၂:၆–၇။ ကောင်းကင်ဘုံလမ်းခရီး ပြင်ဆင်ထားပေးသော်လည်း မတက်ချင်ကြ။ ငရဲဘုံသို့ဆင်းချင်ကြသည်။ ဘုရားသခင်က ဘုရားလေးများဟု သမုသ်၍ အမြင့်ဆုံးသောဘုရားသခင်၏သားများဟုခေါ်ဝေါ်သော်လည်း အပြစ်တရားရုံးသို့ ခြေလှမ်းပြင်ကြသည်။ အခြားလောကသားများကဲ့သို့ပင် တရားစီရင်ခြင်းခံယူဖို့ သွားကြသည်။ ထိုသူများသည် အခွင့်အရေးထူး ခံစားကြသူများဖြစ်သောကြောင့် အပြစ်တရားစီရင်ခြင်း ခံရသောအခါတွင်လည်း အပြစ်ပိုကြီးကြသည်။
သခင်ယေရှုက သူ့ရန်သူများထိပ်တိုက်ရင်ဆိုင်ခဲ့စဉ်တွင် အပိုဒ်ငယ် (၆)ကို ကိုးကားသုံးခဲ့သည် (ယော ၁၀:၃၂-၃၆)။ ဘုရားသခင်နှင်းတန်းတူရည်တူ ခံယူမှုကြောင့် ရပ်သူရွာသားများက သခင်ယေရှုအား ဘုရားတရား ပြစ်မှားသူအဖြစ် စွပ်စွဲကြသည်။
“ယေရှုကလည်း ငါသည်ခမည်းတော်အခွင့်နှင့် ကောင်းသောအမှုများကို သင်တို့အားငါပြပြီ။ ထိုအမှုတို့တွင် အဘယ်အမှုကြောင့် သင်တို့သည်ငါ့ကိုခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင် ခဲနှင့်ပစ်မည် မဟုတ်။ သင်သည်လူဖြစ်လျက်ပင် ဘုရားသခင်ယောင်ဆောင်၍ လွန်ကျူးသောစကားကို ဆိုလေပြီ။ ယေရှုကလည်း သင်တို့သည်ဘုရားဖြစ်ကြ၏။ ငါဆိုသည်ဟု သင်တို့သည်ပညတ္တိကျမ်းစာ၌လာ သည် မဟုတ်လော။ ဘုရားသခင်ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ခေါ်ရ၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ခမည်းတော်သည် သန့်ရှင်းစေ၍ ဤလောကသို့စေလွှတ်သောသူက ငါသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့် ဘုရားသခင်ကိုလွန်ကျူး၍ ပြောသည်ဟု ဆိုအပ်သလော”.။
ထိုကျမ်းစကားကို အနောက်တိုင်းသားများက သဘောပေါက်ချင်မှပေါက်မည်။ သို့သော် ခရစ်တော် ၏ ပရိတ်သတ်များက နားလည်ကြသည်။ သခင်ယေရှုသည် ပြောခါမှပို၍ ကြီးမြတ်လာသည်။ ထိုကျမ်းပိုဒ် နှင့်ပတ်သတ်၍ ဆာ ၈၂တွင် ဤသို့ဆိုသည်။
ဆာ ၈၂တွင်အုပ်စိုးသူမင်းများနှင့် တရားသူကြီးမင်းများသည် ဘုရားငယ်များဖြစ်ကြသည်။ စင်စစ်တွင်မူ ဘုရားဇာတိတော်မရှိကြ။ ဘုရားသခင်၏ကိုယ်စား စီရင်ဆောင်ရွက်သူများဖြစ်ကြသောကြောင့် ဘုရားဟုခေါ်ဝေါ်သည်။ ထိုသူများ၏အမိန့်သည် ဘုရားစကားကဲ့သို့ အထက်မှလာသည်။ ဘုရားသခင်က ခန့်အပ်ထားသူများဖြစ်သည်။ ဘုရားရှင်ကိုယ်စားစီရင်အုပ်ချုပ်သူများဖြစ်သည် (ရော ၁၃:၁)။
ထိုသာမန်အရပ်သားများကို ဘုရားဟုခေါ်ဝေါ်လျှင် ယေရှုသခင်ကိုဘုရားဟုပို၍ ခေါ်ဝေါ်သင့်သည် မဟုတ်လော။ ခမည်းတော်ဘုရားက သန့်စင်စေပြီးမှ လူ့လောကသို့စေလွှတ်သည်။ ကောင်းကင်ဘုံတွင် ခမည်းတော်ဘုရားနှင့်ထာဝရစိုးစံခဲ့သည်။ ခမည်းတော်ဘုရားက လူ့လောကတွင်သာသနာပြုဖို့ရန် စေလွှတ်သောကြောင့် ဗက်သလင်တောမြို့တွင် လူ့ဇာတိခံယူခဲ့သည်။
ယုဒလူများက သခင်ယေရှု၏ ပြုမူလုပ်ဆောင်ပုံများသည် ဘုရားသခင်ပီသသည်ဟု အပြည့်အစုံ တွေ့မြင်သိရှိကြသော်လည်း ဘုရားသခင်အဖြစ်လက်မခံကြ။ လိမ်လည်လှည့်ဖျားသည်ဟု စွပ်စွဲကြသည်။
၈၂:၈။ နောက်ဆုံးပိုဒ်ကြည့်ရအောင်။
အို၊ဘုရားသခင်၊ ထ၍မြေကြီးကို စီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းကို အပိုင်ရတော် မူ၏။
အာသပ်က ဘုရားသခင် ဆင့်ခေါ်သည့်စကားဖြစ်သည်။ တရားမျှတမှုကင်းမဲ့၍ ကိုယ်ကျင့် တရားပျက် ပြားနေသော လူ့ဘုံအဖွဲ့အစည်းတွင် ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်း တောင်းဆိုသည်။ ထိုတောင်းဆိုချက်သည် လူ့လောကတွင် သခင်ယေရှုတိုင်းပြည်ထူထောင်သောအခါ ပြည့်စုံမည်။ ဟေရှာ ၃၂:၁၆ပါ ပရောဖက်ပြုချက် “တရားသဖြင့်စီရင်ခြင်းတည်၍၊ ဖြောင့်မတ်ခြင်းပါရမီ အမြဲတည်လိမ့်မည်” သည် ပြည့်စုံလာမည်။ လူ့ဘောင်အဖွဲ့အစည်းသည် ကြီးနိုင်ငယ်ညှင်း၊ နိုင်ရာလုစားသည့်မတရားမှုများ ပပျောက်ပြီး၊ လောကပါလတရားများထွန်းကားစည်ပင် သာယာလာမည်။