ထွက်မြောက်ရာကျမ်း ၁၇
(ဂ) ရေဖိဒိမ်အရပ်ဒေသ (အခန်း ၁၇)
၁၇:၁–၇ ရေဖိဒိမ်အရပ်ဒေသသို့ ရောက်ကြသောအခါ လူအပေါင်းတို့သည် ရေငတ်ကြသဖြင့် မောရှေအား သူ့တောင်ဝှေးဖြင့် ကျောက်ဆောင်ကြီးကိုရိုက်ခိုင်းသည်။ မောရှေက တကယ်ရိုက်သောအခါ ကျောက်ဆောင်ကြီး အကြားမှ ရေပန်းထွက်လာသည်။ (ကရာနီကုန်းပေါ်တွင် ခရစ်တော်အသေခံခြင်း၏ အသီးအပွင့်ဖြစ်သော ပင်တေကုတ္တေနေ့၌ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်ခြင်း ပုံဆောင်သည်)။ မောရှေကို ရန်တွေ့ခြင်းသည် ဘုရားရှင်ကို ဆင်ခြေပေးခြင်းဖြစ်သည်။
၁၇:၈–၁၆ ယောရှု (ယေဟောဝါဘုရားသည် ငါ၏ကယ်တင်ရှင်ဟု အဓိပ္ပါယ်ရသည်)၏ နာမည်ပထမဦးဆုံး အကြိမ် တွေ့ရသည်။ ဘုရားသခင်၏ကျွန် မောရှေသည် ရေဖိဒိမ်အရပ်ဒေသတွင် အာမလက်လူမျိုးတို့၏ တိုက်ခိုက်ခြင်းခံရသည်။ မောရှေက လက်နှစ်ဖက်မြောက်၍ ဘုရားသခင်ထံ တိုင်တည်သောအခါ ဣသရေလများက ထိုးစစ်ဆင်အောင်မြေချဲ့ကြသည်။ မောရှေ လက်ညောင်း၍ လက်နှစ်ဖက် အောက်ချသောအခါ အာမလက်လူများက အနိုင်ရပြန်သည်။ အာမလက်အမျိုးသည် ဧသော အမျိုးအနွယ်၊ လူ့ဇာတိအသွေးအသား၊ ခွန်အားဗလအားကိုးသူများ ဖြစ်သည်။ အာဒံ၏ဇာတိရုပ်၊ အကျင့်ပျက်၊ ညာဉ်ဆိုးရှိသူများ ဖြစ်သည်။ ဇာတိအသွေးအသားနှင့် အာမလက်တို့၏ အကျင့်စရိုက်ကို ယှည်ကြည့်ကြရအောင်။ (၁) သန့်ရှင်းသော ဝိညာဉ်တော်ရရှိပါလျက် ဝိညာဉ်တော်နှင့်ဆန့်ကျင်ခြင်းနှင့်တူသည်။ (၂) ဇာတိသွေးသား ရှိသူများသည် သမိုင်းစဉ်တလျှောက် စစ်ပွဲဖြစ်ကြဦးမည်။ (၃) အသင်းတော်ချီဆောင်ခြင်း သို့မဟုတ် ယုံကြည်သူများ တစ်ယောက်မှ မကျန်အောင် အမြစ်ပြတ်ချေမှုန်းခြင်း မပြုနိုင်။ (၄) ဇာတိအသွေးအသားအား အောင်မြင်ခြင်းနည်းဗျူဟာနှစ်ခုမှာ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်၌ တည်ခြင်း ဗျူဟာဖြစ်သည်။
ယုဒသမိုင်းဆရာကြီး ယောရှဖတ်၏ မှတ်တမ်းအရ မောရှေနှမ မိရိအံ၏ ယောက်ျားသည် ဟုရ ဖြစ်သည်။ ထို့ကြောင့် သိနာတောင်ပေါ်သို့ မောရှေ ရက်လရှည်ကြာ တက်သောအခါ လူထုအား အာရုန်နှင့်ဟုရ လက်ထဲသို့ အပ်နှံခဲ့ခြင်းဖြစ်သည် (၂၄:၁၄)။
YHWH NISSI သည် ယေဟောဝါဘုရားသခင်၏ နာမတော်ဖြစ်၍ ဘုရားသခင်သည် အောင်မြင်ခြင်း ဟု အနက်ရသည်။