ထွက်မြောက်ရာကျမ်း ၂၇
၇။ ကြေးဝါယဇ်ပလ္လင်နှင့်မီးရှို့ပူဇော်ခြင်း (၂၇:၁–၈)
၂၇:၁–၈ ယဇ်ကောင်မီးရှို့ရာယဇ်ပလ္လင်ကို ကြေးယဇ်ပလ္လင်ဟုလည်း ခေါ်တွင်ကြသည်။ ထိုယဇ်ပလ္လင်ကိုလည်း အကာရှသားဖြင့်ပြုလုပ်၍ ကြေးသွန်းထားသည်။ ၇ ၁/၂ ပေစတုရန်းပုံစားပွဲဖြစ်၍ ၄ ၁/၂ ပေမြင့်သည်။ ထောင့်လေးထောင့်တွင် အကာရှသားဖြင့်ပြုလုပ်သောချိုတပ်ဆင်၍ ထိုဦးချိုများကိုလည်း ကြေးဝါသွန်းထားသည်။ တစ်ဘက်တစ်ချက်တွင် ကွင်းတပ်ဆင်၍ လျှိုထမ်းကြရသည်။
၈။ တဲတော်ဝင်း၊ တိုင်နှင့်ကုလားကာ (၂၇:၉–၁၉)
၂၇:၉–၁၉ တဲတော်ဝင်း ပတ်လည်တွင် ကွင်းပြင်ကြီးရှိသည်။ တဲတော်ဝင်းကို ကြေးဝါတိုင်များ ခတ်၍ ပိတ်ချောများဖြင့် ကာရံထားသည်။ ဝင်းထရံသည် အရှည်ပေ ၁၅၀၊ အနံပေ ၇၅၊ အမြင့် ၇ ၁/၂ ပေ ရှိသည်။ အရှေ့အဝင်ဝ တံခါးပေါက်သည် ပေ ၃၁ ကျယ်ဝန်း၍ ထိုတံခါးကိုလည်း ကုလားကာတပ်ဆင်ထားသည်။ ဝင်းထရံနှင့် ပတ်သက်သောတိုင်များ၊ မြေကြီးနှင့်ဆက်စပ်မည့်နေရာများ၊ တစ်ခုနှင့်တစ်ခု ဆက်စပ်မည့် နေရာများကို ကြေးဝါဖြင့် အနားကွပ်ထားကြသည်။
၉။ လောင်စာဆီ (၂၇:၂၀–၂၁)
၂၇:၂၀–၂၁ ဆီမီးတိုင်တွင်ဖြည့်ဆည်းသော လောင်စာဆီသည် သန့်ရှင်းဝိညာဉ်တော် ပုံဆောင်သော သံလွင်ဆီစစ်ဖြစ်သည်။ ထိုဆီမီးတိုင်သည် အဆက်မပြတ်တငွေ့ငွေ့တောက်လောင်ရသည်။ ညဉ့်ဦးယံမှ နံနက်တိုင် မီးလောင်စေရသည်။ ထိုတဲတော်သည် ဘုရားသခင်ကိန်းဝပ်ရာနေရာဖြစ်၍ ပရိသတ်အပေါင်းစုဝေးရသည်။ ထို့ကြောင့် တဲတော်အစည်းအဝေးဟုခေါ်ကြသည်။ သို့သော်မောရှေသည် ထိုတဲတော်နှင့်ခပ်ဝေးဝေးတွင် သီးသန့် တဲဆောက်၍ ပရိသတ်များ စည်းဝေးကြကြောင်း ၃၃:၇ တွင် တွေ့ရပြန်သည်။