ထွက်မြောက်ရာကျမ်း ၂၉
၂။ ယဇ်ပုရောဟိတ်၏အထွဋ်အမြတ် (အခန်း ၂၉)
၂၉:၁–၉ ဘုရားသခင်က အာရုန်နှင့်သားများ ယဇ်ပုရောဟိတ်များအဖြစ် ပထမဦးစွာ ဘိသိက်ပေးသည်။ ထိုသို့ဖြင့် အာရုန်၏သားစဉ်မြေးဆက်များသည် ယဇ်ပုရောဟိတ်အနွယ်ဝင်များဖြစ်သည်။ အသင်းတော်ကာလတွင်မူ အသစ်တဖန်ဖွားသူများသည် ယဇ်ပုရောဟိတ်မျိုးဖြစ်ကြရသည် (ဗျာ ၁:၅-၆)။ လူက ဘိသိက်ဆရာအဖြစ်ခန့်အပ်ခြင်းသည် ထင်မြင်ယူဆချက်မျှသာဖြစ်သည်။
ဤအစဉ်အလာအတိုင်း လုပ်ဆောင်သွားကြပုံကို ဝတ် ၈ တွင် ရှင်းပြထားသည်။ ယဇ်ပုရောဟိတ်များသည် ကုဋ္ဌနူနာရောဂါများကို စင်ကြယ်ကြောင်းကျေညာခွင့်ရှိကြသည်(ဝတ် ၁၄)။ ယဇ်ပူဇော်သောယဇ်ကောင်၏ အသွေးကို ယဇ်ပူဇော်သူအား ဖြန်းပက်ပေးနိုင်သကဲ့သို့ အပြစ်သားအား စင်ကြယ်စေခြင်းဖြင့် ဘုရားသခင်ထံချဉ်းကပ်ခွင့်ပေးနိုင်သည်။
ယဇ်ပူဇော်ရန် လိုအပ်သော ပစ္စည်းအသေးစိပ်စာရင်းကို ငယ် ၁-၃ တွင်ရေးပြထားသည်။ ယဇ်ပူဇော်ရာတွင် အာရုန်နှင့်သားများသည် ဦးစွာတဲတော်ရှေ့တွင် ရေချိုးသန့်စင်ရသည် (ငယ် ၄)။ ထို့နောက် အာရုန်သည် ယဇ်ပုရောဟိတ်ဝတ်ရုံဆင်မြန်းရသည် (ငယ် ၅-၆)။ ထို့နောက် ဆီလိမ်းရသည် (ငယ် ၇)။ ထို့နောက် အာရုန်သားများ ဝတ်ရုံဆင်မြန်းကြရသည် (ငယ် ၈-၉)။
၂၉:၁၀–၂၁ ယဇ်ပူဇော်ရာတွင် (၃)ဆင့်လုပ်ရသည်။ အပြစ်ဖြေရာယဇ်အတွက် နွားထီး တစ်ကောင် (ငယ်၁၀-၁၄)၊ မီးရှို့ရယဇ်ကောင် အဖြစ် သိုးထီးတစ်ကောင် (ငယ် ၁၅-၁၈)၊ သန့်ရှင်းခြင်းယဇ် အဖြစ် အခြားသိုးထီးတစ်ကောင် (ငယ် ၁၉-၂၁) ပူဇော်ရသည်။ ယဇ်ပုရောဟိတ်များက ယဇ်ကောင် ခေါင်းပေါ်သို့ လက်တင်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ယဇ်ပူဇော်သူအစား အသေခံခြင်း ဖြစ်သည်ဟု အဓိပ္ပါယ်ရသည် (ငယ် ၁၀)။ ယဇ်ကောင်၏ အသွေးသည် ခရစ်တော်၏ အသွေးကိုပုံဆောင်၍ အပြစ်ခွင့်လွှတ်ခြင်း အဓိပ္ပါယ်ရှိသည်။ ဆီဥသည် ယဇ်ကြောင်၏ အထွဋ်အမြတ်ဖြစ်၍ ဘုရားသခင်ထံသို့ ပူဇော်ရသည်။ (ငယ် ၁၃)။ ပထမယဇ်ကောင် သိုးထီးကို ယဇ်ပလ္လင်ပေါ်တွင် အကုန်အစင် မီးရှို့ ပူဇော်ရသည် (ငယ် ၁၅-၁၈)။ ထိုသို့ တစ်ကိုယ်လုံး မီးရှို့ပူဇော်ခြင်းသည် ခရစ်တော်ဘုရားက သူ့ဘဝတစ်ခုလုံးအား ဘုရားသခင်ထံသို့ ဆက်ကပ်ခြင်း ပုံဆောင်သည်။ ဒုတိယ သိုး၏ အသွေး(သန့်ရှင်းခြင်းယဇ်ကောင်သိုး)ကို အာရုန်တို့သားအဖများ၏ ညာလက်ဖြင့် တို့၍ ညာနားရွက်နှင့်ညာခြေမများ သို့လိမ်းကြသည် (ငယ် ၂၀)။ ဝတ်ရုံကိုလည်း ဖြန်းကြသည် (ငယ် ၂၁)။ ထိုသို့ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်အသီးသီးရှိ အပြစ်ဒုစရိုက်များ ဆေးကြောခြင်း ပုံဖော်သည်။ နားရွက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် နားထောင်ခြင်း၊ လက်သည် လုပ်ဆောင်ခြင်း၊ ခြေထောက်သည် လှုပ်ရှားသွားလာခြင်း ကိုယ်စားပြုသည်။ ဝတ်ရုံအား အသွေးတော်ဖြန်းခြင်းသည် အသွေးဖြင့် အပြစ်ဖြေသည့် အမှတ်လက္ခဏာဖြစ်သည်။ လူ့အမြင်တွင် အဓိပ္ပါယ်မရှိဟု ထင်နိုင်သော်လည်း။ ဘုရားသခင်အမြင်တွင် လိုအပ်သော အရာဖြစ်သည်။
၂၉:၂၂–၃၄ ထို့နောက် ယဇ်ပုရောဟိတ်၏ လက်ဖြင့် လုပ်ဆောင်ဖွယ်ရာများကို ရှင်းပြသည် (ငယ် ၂၂-၂၈)။ ပထမဆုံးပူဇော်သက္ကာ (ငယ် ၂၂-၂၅) ပြုရာတွင် ဘုရားသခင်ရှေ့တော်၌ ချီလွှဲခါရမ်းပြရပြီးနောက် မီးရှို့ ယဇ်ပလ္လင်ပေါ်သို့ တင်၍ မီးရှို့ရသည်။ ယဇ်သိုးကောင်၏ ရင်အုံသားကို ဘုရားသခင်ရှေ့တွင် ချီလွှဲရသည်။ ထိုသို့ ချီလွှဲရာတွင် ပုခုံးဖြင့်ထမ်း၍ ချီလွှဲရသည်။ ထိုသို့ချီလွှဲသော ရင်အုံသားနှင့် အခြားလက်မောင်းသား ဝေစု နှစ်ခုကို အာရုန်ရရှိသည်။ (ငယ် ၂၆-၂၈)။ ချီလွှဲသော ရင်အုံသားသည် ဘုရားသခင်က လူသားများ ရင်ဝယ်သား အဖြစ် သဘောထားရှိခြင်း ပုံဆောင်၍ လက်မောင်းသားသည် လူသားများအတွက် ဘုရားသခင်၏ ခွန်အား စိုက်ထူပုံကို ပုံဆောင်သည်။ အာရုန်၏ဝတ်ရုံအား သူ့သားများသို့ လွှဲပြောင်းပေးခြင်းသည် ယဇ်ပုရောဟိတ်အမှုအရာအား သားစဉ်မြေးဆက်လက်ဆင့်ကမ်းပေးခြင်း (ငယ် ၂၉-၃၀) ဖြစ်သည်။ ယဇ်ပုရောဟိတ်များ စားသောက်ရမည့် ပူဇော်သက္ကာသားအကြောင်းကို (ငယ် ၃၁-၃၄)တွင် ရှင်းပြထားသည်။
၂၉:၃၅–၄၆ သန့်ရှင်းစေရန်ယဇ်ပူဇော်သက္ကာကို ခုနှစ်ရက်တိုင်တိုင် ကျင်းပရသည်။ နေ့တိုင်း ယဇ်ကောင်အသွေးဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးနောက် ဘိသိက်ဆီလိမ်းရသည် (ငယ် ၃၅-၃၇)။ ထို့နောက် အခါမလည်သေးသော သိုးသူငယ်ဖြင့် မီးရှို့ပူဇော်သက္ကာပြုသည်။ သိုးသူငယ်တစ်ကောင်ဖြင့် ညဦးယံ၌ ပူဇော်ရသည် (ငယ် ၃၈-၄၂)။ ထိုသို့ သန့်ရှင်းစင်ကြယ်ပြီးလျှင် ဘုရားသခင်သည် ဣသရေလလူတို့နှင့်အတူတကွ ရှိနေမည် (ငယ် ၄၃-၄၆)ဟု ဆိုသည်။