ဒံယေလအနာဂတ္တိကျမ်း ၇
၇။ ဒံယေလ၏ဗျာဒိတ်၊ သားရဲလေးကောင်နှင့်လေးကမ္ဘာ (အခန်း ၇)
ပြီးခဲ့သော ပထမပိုင်းအခန်း(၆)ခုသည် သမိုင်းကြောင်းဆန်သည်။ လာမည့်အခန်း(၆)ခုသည် ပရောဖက်ပြုချက်များ ဖြစ်သည်။ အခန်း(၇)နှင့် (၈)တွင်ပါရှိသော ဒံယေလ၏အိပ်မက်သည် ဗာဗုလုန်ဘုရင် ဗေလရှာမင်းလက်ထက်တွင် ဖြစ်၍ Medesနှင့် Persian များ အင်အားမကြီးထွားမီကာလ ဖြစ်သည်။
၇:၁-၄ အခန်း(၇) တွင် ပင်လယ်သမုဒ္ဒရာထဲမှ သားရဲလေးကောင် ပေါ်ထွန်းလာကြောင်း ဒံယေလ အိပ်မက်မက်သည်။ (ပင်လယ်သမုဒ္ဒရာဆိုသည်မှာမြေထဲပင်လယ်ကို ဆိုလိုသည်)။ အဓိပ္ပါယ်မှာ တိုင်းနိုင်ံလေးပါး အင်အားတန်ခိုးကြီးထွားလာမည့်အကြောင်း ဖြစ်သည်။
ခြင်္သေ့သည် ဗာဗုလုန်နိုင်ငံဖြစ်သည်။ လင်းယုန်ငှက်အတောင်ဆိုသည်မှာ အောင်မြင်စိုးမိုးခြင်း၈ အတိတ်လက္ခဏာ ဖြစ်သည်။ အတောင်နှုတ်သည်ဆိုသည်မှာ နေဗုခပ်နေဇာမင်းကြီး ကျန်းမာရေးချူခြာမည့် နိမိတ်ဖြစ်၍ အပိုဒ်ငယ် (၄) သည် ပြန်လည် နာလံထူမည့် အကြောင်းဖြစ်သည်။
၇:၅ ဝံသည် Medo-Persian ပြည်ကိုယ်စားပြုသည်။ Persian တို့သည် Median တို့ထက် အရေးပါအရာရောက် တန်ခိုးထက်လာသည်။ နံရိုးသုံးချောင်း၊ ပါးစပ်တွင် ကိုက်ချီခြင်းမှာ ဗာဗုလုန်အင်ပါယာ သုံးစိပ်သုံးမွှာကွဲပြားစေမည့် လက္ခဏာဖြစ်သည်။ ကုရုမင်း Cyrus ဦးဆောင်သော မေဒိနှင့် ပေရသိနိုင်ငံတော်သည် အရှေ့ဘက်တွင် အဲဂုတ္တုနှင့် အာရှိ (အာရှမိုင်းနား) ဒေသပါဝင်ကြသည်။
၇:၆ ကျားသစ်သည် ဂရိပြည်သင်္ကေတဖြစ်သည်။ ကျောပေါ်မှာ ငှက်တောင်လေးခုသည် ဂရိအင်ပါယာ တန်ခိုးကြီးမားပုံကို သရုပ်ဖော်သည်။ လေးဂဏန်းသည် အများနှင့်ဆိုင်သော ကမ္ဘာ့သင်္ကေတဂဏန်းဖြစ်သည်။ တောင်ပံသည် အရှိန်အဟုန်ကို သရုပ်ဖော်သည်။ မဟာအလက်ဇန္နားသည် (၁၃) နှစ်အတွင်းတွင် အရှေ့စွန်းဖျားရှိ အိန္ဒိယနိုင်ငံထိအောင် တိုက်ခိုက်သိမ်းပိုက်၍ အင်ပါယာချဲ့ထွင်နိုင်သည်။ နောက်အသက်(၃၃) နှစ်တွင် ကွယ်လွန်သည် ခေါင်းလေးလုံးပေါ်ထွန်းခြင်းမှာ အလက်ဇန္ဒား၏နောက်တွင် စစ်သူကြီးလေးပါးက အလက်ဇန္ဒား၏ တည်ထောင်ခဲ့သော နိုင်ငံတော်အား ခွဲခြမ်းစိပ်ဖြာခွဲဝေကြမည့် နိမိတ်လက္ခဏာ ဖြစ်သည်။
၇:၇-၈ စတုတ္ထသားရဲကြီးမှာ ခွန်းအားကြီးမားတောင့်တင်း၍ အခြားသားရဲများနှင့်မတူ အဖျက်စွမ်းအားပိုကြီ:သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ထိုသားရဲမှာ ရောမအင်ပါယာကို ဆိုလိုသည်။ ဂရိအင်ပါယာ တန်ခိုးကျဆင်းမှေးမှိန်သောအခါ သောင်းကျန်းထကြွမည်။ ဦးချိုဆယ်ချောင်းပေါက်သည်ဆိုသည်မှာ ဘုရင်ဆယ်ပါးပေါ်ထွန်းမည်။ ဦးချိုငယ်ထပ်ပေါက်ခြင်းမှာ ရောမအင်ပါယာတန်းခိုး ကြီးထွားချိန်ကာလတွင် အန္တိခရစ်ပေါ်ထွန်းလာမည့် အကြောင်းဖြစ်သည်။
၇:၉-၁၄ အပိုဒ်ငယ် (၉) တွင် ပဉ္စမနှင့်နောက်ဆုံး တိုင်းနိုင်ငံဖော်ပြထားသည်။ ထိုနိုင်ငံသည် ဘုန်း၏တန်ခိုးကျက်သရေပြည့်စုံသော ယေရှုခရစ်တော်၏ နိုင်ငံတော်ဖြစ်သည်။ ကမ္ဘာလောကကြီးတခုလုံးကို အုပ်စိုးမည်။ ချိန်းချက်သောကာလဆိုသည်မှာ ဗျာ ၁ ပါသည့် ခရစ်တော်ဘုရား၏ နေ့ရက်ကာလဖြစ်သည်။ အပိုဒ်ငယ်(၁၃)တွင် လူသားနှင့်တူသောသူ တစ်ဦးသည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသော သူ၏အထံတော်သို့ရောက်လာသည်ဟု ဆိုထားသည်။ ထိုစကားအရဆိုလျှင် ခရစ်တော်ကိုယ်တိုင် ရောက်လာမည့်အကြောင်းရှိသည်။ သို့ကြောင့် ချိန်းချက်သောနေ့ရက်သည် အဘဘုရားသခင်ထံတော်သို့ဟု ယူဆသင့်သည်။ လူသားနှင့်တူသော သူတစ်ဦးသည် ခရစ်တော်ဘုရားဖြစ်၍ နိုင်ငံတော်တည်ထောင်ရန် ခမည်းတော်ဘုရားရှေ့သို့ ရေက်လာသည်။
ချိန်းချက်သောနေ့ရက်သည် တရားစီရင်ရာနေ့ရက် ဖြစ်သည် (ငယ် ၁၀၊၂၆)။ ဦးချိုငယ်နှင့် သူ့နိုင်ငံတော်ကို ဖျက်ဆီးမည် (ငယ်၁၁)။ အခြားတိုင်းနိုင်ငံများသည် တန်ခိုးအရှိန်အဟုန်ရပ်တန့်သွားသော်လည်း လူမျိုးများ ဆက်လက်ရှိနေကြမည် (ငယ်၁၂)။ လူမျိုးတကာတို့အား အပ်နှင်းရသော အခွင့်အာဏာကို သခင်ယေရှုလက်တော်သို့ အပ်နှံမည်။ အာဏာစက်သည် ကမ္ဘာအဆက်ဆက်တည်၍ ပျက်ဆီးခြင်းသို့လည်းမရောက်နိုင်။
၇:၁၅-၁၈ ဒံယေလစိတ်ပူပန်၍ ကိုယ်ခန္ဓာတုန်လှုပ်ရခြင်းအကြောင်းကို ရှင်းပြထားသည်။ ထိုသားရဲလေးကောင်မှာ မြေကြီးပေါ်မှာပေါ်လတံ့သော နိုင်ငံလေးပါးဖြစ်သည်။ သို့သော်လည်း အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းပိုက်၍ ကမ္ဘာအဆက်ဆက် ခံစားကြရမည်။ အမြင့်ဆုံးသောဘုရားသခင်၏ နိုင်ငံတော်ပေါ်ထွန်းလာသောအခါ အထက်ပါလေးနိုင်ငံက ဘယ်ရောက်သွားကြမည်နည်း။ အပိုဒ်ငယ် (၃)တွင် ထိုသားရဲလေးကောင်သည် ပင်လယ်သမုဒ္ဒရာထဲမှ ထွက်ပေါ်လာသည်ဟု ဆိုထားပါသည်။ ယေဘုယျအားဖြင့် ထိုတိုင်းနိုင်ငံများသည် တပါးအမျိုးသားတိုင်းပြည်များ ဖြစ်ကြောင်း နားလည်ရသည်။ အပိုဒ်ငယ်(၁၇) တွင် မြေကြီးထဲကထွက်ပေါ်လာသည်ဟု ဆိုထားပါသည်။ ထိုလေးနိုင်ငံ၏ စိတ်သဘောထားက မြေကြီးသားအကျင့်စရိုက်ကို ဖော်ညွှန်းသည်။ အသိစိတ်ဝိညာဉ်ရေးရာမပါရှိပါ။
၇:၁၉-၂၂ အခြားသတ္တဝါများကို မညှာမတာရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံကိုက်စားတတ်သာ စတုတ္ထသားရဲအကြောင်းကို ဒံယေလအား အသေအချာ ရှင်းပြသည်။ ဦးချိုဆယ်ချောင်းအကြောင်းနှင့် ယခင်ချိုသုံးချောင်းနှုတ်သွားမည့် အကြောင်း သိချင်သည်။ အသက်ကြီးသောသူရောက်လာလျှင် အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့အား တရားစီရင်ခွင့်အာဏာ အပ်နှင့်မည်။ ထိုချိုငယ်သည် နိုင်ငံတော်သိမ်းယူသည့်နေ့ရက်တိုင်အောင် သန့်ရှင်းသူများကိုစစ်တိုက်၍ အနိုင်ယူမည်။
၇:၂၃-၂၈ သားရဲလေးကောင် ဦးချိုဆယ်ချောင်းနှင့် ဦးချိုငယ်တို့သည် နောက်ပိုင်းတွင် အမြင့်ဆုံးသောဘုရားသခင်ကို ပြစ်မှားကြမည်။ သန့်ရှင့်သူများကို ညှဉ်းပန်းနိုပ်စက်ကြမည်။ ထိုကာလသည် ယုဒပြက္ခဒိန်အရ သုံးနှစ်ခွဲကြာမည်။ (သခင်ခရစ်တော်ဘုရားက မ ၂၄း၂၁တွင် ဖော်ပြသော ဘေးဒဏ်ကြီးကာလဖြစ်သည်)။ သို့သော်လည်း ကိုယ်တော်ဘုရား၏ သွန်သင်လမ်းပြခံယူသူများသည် ထာဝရနိုင်ငံတော်ထဲသို့ ဘုန်းတန်ခိုးပြည့်စုံစွာ ဝင်ရောက်ကြရမည်။ ဒံယေလသည် အံ့သြတုန်လှုပ်စွာရှိလေသည်။