ဓမ္မရာဇဝင်စတုတ္ထစောင် ၅
၆။ နူနာနေမာန်အား ကျန်းမာစေခြင်း (၅:၁–၁၉)
၅:၁–၄ ဧလိရှဲ၏ အံ့ဘွယ်အမှုသည် ရှုရိစစ် တပ်ထိနှံ့စပ်သည်။ ရှုရိစစ်ဗိုလ်ချုပ်နေမန်၏ အိမ်တွင်စစ် သုံ့ပန်း ယုဒမိန်းကလေး တစ်ယောက်ရှိသည်။ ဗိုလ်ချုပ်နေမန်တွင် စွဲကပ်သော ကုဌနူနာကို ရှမာရိရှိ ပရောဖက် ဧလိရှဲက ပျောက်ကင်းစေနိုင်မည်ဟု ထိုကလေးမက သိရှိသည်။ ဤသူငယ်မသည် လူ့လောကအဖြစ်တွင် အရေးမပါအရာမရောက် အုတ်ကြားမြက်ပေါက်ဖြစ်သော်လည်း ဘုရားသခင်က အသုံးပြုသောအခါ သူတပါးကယ်တင်ခြင်း ရရှိစေရာ သော့ချက်ဖြစ်သည်။ ထိုအကြောင်းကို D.L. Moody က ဤသို့ထောက်ခံသည်။
ထိုသူငယ်မ၏ စကားတခွန်းသည် တိုင်းနိုင်ငံနှစ်ခု မဟာမိတ်ဖက်ဖြစ်စေသည်။ ရုပ်တုကိုးကွယ်သူ နေမန်အား သူငယ်မ၏ ယုံကြည်ခြင်းဖြင့် နာမတော်ထင်ရှားစေခဲ့သည်။ လု ၄:၄၂ ကို ကြည့်ပါ။ ကလေးသူငယ်များ၏ ညွှန်ပြရာသည်လည်း လမ်းမှန်ကမ်းမှန် ဖြစ်တတ်သည်။ ဣသရေလ လူများအတွက် ကောင်းကျိုးတခုမှ မပြုခဲ့ဘူးသော ဗိုလ်ချုပ်နေမန်အပေါ် ယုဒသူငယ်မ၏ ယုံကြည်ခြင်းဖြင့် အသီးအပွင့်သီးပွင့် ခဲ့သည်။ ဘုရားရှင် အလိုတော်ရှိ ယုံကြည်ခြင်းမျိုး ပေတည်း။၅
၅:၅၇ ရှုရိဘုရင် ဗင်္ဟာဒဒ်ကလည်း ဗိုလ်ချုပ်နေမန်အတွက် ဣသရေလဘုရင် ယောရံထံသို့ မိတ်ဆက်စာရေးပေးလိုက်သည်။ ငွေကြေးနှင့် အဝတ်အစားများ ကိုလည်း လက်ဆောင်အဖြစ် တပါတည်း ထည့်ပေးလိုက်သည်။ ဧလိရှဲထံသို့ စာမပါသော်လည်း နေမန်အား အမှန်တကယ် ကျန်းမာစေသူမှာ ဣသရေလ ဘုရင်မဟုတ် ဧလိရှဲဖြစ်သည်။ ဣသရေလဘုရင်သည် မယုံတဝက် ယုံတစ်ဝက် ဖြစ်နေသည်။ သွေးရိုးသားရိုးမှ ဟုတ်ပါလေစ။ စစ်တခါတိုက်ချင်၍ လာရောက်စုံစမ်းထောက်လှမ်းခြင်းများလား ဟု သံသယဝင်သည်။
၅:၈–၁၂ ဣသရေလဘုရင်ကြောက်လန့်၍ မိမိအဝတ်ကို ဆုတ်ဖြဲပြီး ဘုရားသခင်ထံကြောက်အား လန့်အားဆုတောင်းသည်။ စိုးရိမ်ပူပန်ခြင်းမရှိဘဲ သူ့ထံသို့စေလွှတ်ရန် ဧလိရှဲက အားပေးသည်။ ဣသရေလ ဘုရင်ကို အားကိုးတကြီး ပြုသော်လည်း ဘုရင့်နန်းတော်တွင် အနာရောဂါကင်း ငြိမ်းခြင်း တန်ခိုးအစွမ်း မရှိပါ။ ဘုရားသခင်၏လူ ပရောဖက် ဧလိရှဲထံတွင်သာ ရှိသည်။ ဧလိရှဲက ဗိုလ်ချုပ်နေမန်အား စကားအထွေအထူးမပြောပါ။ ယုံကြည်ခြင်းရှိလျှင် လုံလောက်၏ ဟုသာပြောသည်။ ဧလိရှဲ ဗိုလ်ချုပ်နေမန်အား ယော်ဒန်မြစ်ထဲတွင် (၇) ကြိမ်ရေချိုးခိုင်းသည်။ နေမန်အထင်တွင် ဧလိရှဲကိုယ်တိုင် လက်တင်ဆုတောင်း မန်းမှုတ်လေမလားဟု ထင်သည်။ သို့သော် ထင်သည့်အတိုင်းမဟုတ်။ ယော်ဒန်မြစ်တွင် ရေချိုးခိုင်းသဖြင့် ယော်ဒန်မြစ်ထက် ဒမသက်ပြည်ရှိ မြစ်များသည် သာ၍မမြတ်ဘူးလား ဟု ရွဲ့ပြောလိုက်သည်။
၅:၁၃–၁၄
ထိုပြဿနာကို D.L.Moody က ဤသို့ဆိုသည်။ နေမန်တွင် ရောဂါနှစ်ခုစွဲကပ်နေသည်။ ကုဌနူနာနှင့် မာနထောင်လွှားရောဂါ ဖြစ်သည်။ ကုဌနူနာ ရောဂါပျောက်ကင်းရန် ပထမဦးစွာ မာနရောဂါကို ကုသပေးရမည်။ မာန်မာနကို နှိမ့်ချပြီးမှ ရေထဲတွင် ရေချိုးစေသည်။၆
ပထမတွင် ဗိုလ်ချုပ်နေမန် မလိုက်နာချင်သော်လည်း သူ့တပည့်၏ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ချိုးလိုက်ပါဟု စည်းရုံးအားပေး၍ နေမန်ရေချိုးလိုက်သည်။ ရေချိုးပြီးသည်နှင့် အနာရောဂါ ပျောက်ကင်းသွား ပါသည်။ အတွင်းရောဂါ မာန်မာနနှိမ့်ချ၍ ရောဂါ ကင်းစင်သည်နှင့် တပြိုင်နက် အပြင်ရောဂါ နူနာလည်း ပျောက်ကင်းသွားသည်။
၅:၁၅–၁၉ ဗိုလ်ချုပ်နေမန်သည် ဣသရေလတို့၏ ဘုရားသခင်အားယုံကြည်သွားသည်။ ဧလိရှဲကိုလည်း ကျေးဇူးစကားဆုလက်ဆောင် ပေးသည်။ သို့သော် ဧလိရှဲက လက်မခံ။ နေမန်သည် ဣသရေလတို့၏ ဘုရားသည် ဘုရားမှန်ကိုးကွယ်ခြင်း အထိမ်းအမှတ်အဖြစ် မြင်းနှစ်စီးစာ ဣသရေလမြေကြီး ယူဆောင်သွားသည်။ အထက်အရာရှိမင်းများက ရိမ္မုန်ဘုရားအား ဦးချခိုင်းသောအခါ မငြင်းသာသောကြောင့် ဦးချရမည်။ တကယ့်စိတ်နှလုံးထဲမှာမူ ဣသရေလဘုရားသာ ကိုးကွယ်ပါမည်ဟု ကတိပြုရှင်းပြခဲ့သည်။ ဧလိရှဲက မငြင်းဆန်သကဲ့သို့ ခွင့်လည်းမပြု။ စိတ်ချမ်းသာစွာ ပြန်ခွင့်သာ ပြုသည်။
နေမန်ကျန်းမာခြင်းနှင့် ပတ်သက်၍ ဂန္တဝင် ဧဝံဂေလိဇာတ်လမ်း တွေ့ရသည်။ သူသည် ဘုရားသခင်အား ဆန့်ကျင်သော ရှုရိလူတို့၏ စစ်ဗိုလ်ချုပ်ဖြစ်သည်။ လူ့စကားအရပြောရလျှင် မကူညီသင့်သူ၊ ရောဂါအခြေအနေအရ မျှော်လင့်ချက်ကင်း မဲ့သူ၊ ကုဌနူနာသည် ဖြစ်သည်။ (ရော ၅:၆-၁၁ နှင့် ယှဉ်ဖတ်ပါ)။ တပါးအမျိုးသားဖြစ်၍ ဘုရားသခင်၏ ပညတ်တော် မလိုက်နာသူဖြစ်သော်လည်း ကောင်းကြီး မင်္ဂလာ ခံစားခဲ့သည် (ဧ ၂:၁၁-၁၂) နှင့် ယှဉ်ဖတ်ပါ)။ သို့သော် ဘုရားကျေးဇူးတော်သည် အလိုရှိသူများထံသို့ အမှန် သက်ရောက်ပါသည်။ နေမန်သည် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ မာန်မာနလျှော့ချလျှက် ဘုရားသခင်၏ စကားတော်ကို နာခံသည်။ ယော်ဒန်မြစ်ထဲတွင် ရေခုနှစ်ကြိမ် ချိုးပြီးသောအခါ အသားအရေအသစ်၊ ခန္ဓာကိုယ်အသစ် ဝိညာဉ်အသစ်ရရှိသွားသည်။
ဘုရားသခင် ကျေးဇူးတော် ကြီးမားလေစွ။ ကျေးဇူးတော်သည် လူ့အပြစ်ဒုစရိုက်များ စင်ကြယ်စေပြီ။ ကရာနီကုန်းပေါ်မှ သွန်းလောင်းသော သိုးသူငယ် အသွေးတော်ဖြင့် ဘဝတခုလုံး စင်ကြယ်ရပြီ။ Julia H. Johnston
၇။ ဂေဟာဇိ၏လောဘ (၅:၂၀–၂၇)
၅:၂၀–၂၇ သူ့ဆရာပရောဖက် ဧလိရှဲက ဗိုလ်ချုပ် နေမန်၏ ဆုလက်ဆောင်များ ငြင်းပယ်သော်လည်း ဂေဟာဇိက သွားရည်ယိုနေသည်။ ထို့ကြောင့် ဗိုလ်ချုပ်နေမန် နောက်သို့လိုက်၍ အသစ်ရောက်လာသော ဧဖရိမ်တောင်မှ ပရောဖက်ငယ် နှစ်ပါးလှူဖို့ ဆုလက်ဆောင်များ ပြန်လည်လက်ခံမည့် အကြောင်း လိမ်ညာလိုက်ပြောသည်။ ဗိုလ်ချုပ်နေမန်ပေးသော ငွေကြေးနှင့် အဝတ်အစားများကို အိမ်သို့ယူဆောင်သွား သည်။ ဧလိရှဲက ဘုရားသခင်၏ ပရောဖက်ပိပိ အကြားအမြင်ပေါက်သည်။ တပည့် ဂေဟာဇိ လုပ်ဆောင်ချက်များကိုလည်း သိသည်။ ထိုကြောင့် ဂေဟာဇိ ပြန်ရောက်လာသောအခါ အကျိုးအကြောင်းရှင်း ပြခိုင်းသည်။ နေမန်၏နူနာရောဂါအား ဂေဟာဇိသားမြေးစဉ်ဆက်သို့ ကူးပြောင်းစွဲကပ် စေသည်။ ဘုရားသခင်ပေးသော ကျေးဇူးတော်ကို မမြင်၊ လူပေးသော အရာဝတ္ထုလက်ဆောင်များကို မြင်တတ်သည်။