ဓမ္မရာဇဝင်စတုတ္ထစောင် ၆
၈။ အံ့ဖွယ်ပုဆိန်သွား (၆:၁–၇)
၆:၁–၇ ပရောဖက်၏သားများဆိုသည်မှာ ဧလိရှဲနှင့်နေဖို့ အိမ်ဆောက်လုပ်ကြသော ယေရိခေါ သို့မဟုတ် ဂိလဂါလမှ လူများဖြစ်သည်။ ထို့ကြောင့် ပရောဖက် ဧလိရှဲ၏ ခွင့်ပြုချက်ဖြင့် ယော်ဒန်မြစ်ဘေးတွင် သစ်ဝါးသွားခုတ်ကြသည်။ ထိုသို့ သစ်ခုတ်လှဲနေကြစဉ် တဦးသည် ပုဆိန်ရိုးကျွတ်သွား၍ ယော်ဒန်မြစ်ထဲသို့ ပုဆိန်သွား ကျသွားသည်။ စိုးရိမ်အားငယ် နေသောသူအား ဧလိရှဲက နှစ်သိမ့်လိုက်သည်။ ပုဆိန်သွားကျသွား သည့် နေရာသို့ သစ်ကိုင်းထိုးချရာ သစ်ကိုင်းထိပ်တွင် ပုဆိန်သွားကပ်ပါလာသည်။
၉။ အံ့သြဖွယ်စစ်အင်အား (၆:၈–၂၃)
၆:၈–၂၃ ဧလိရှဲ၏အခြားအံ့ဘွယ်ရာ တန်ခိုးများမှာ ရန်သူစစ်စခန်းချရာ နေရာများ ဇဝေဇဝါ ဖြစ်အောင် ရွေ့လျား စစ်ကစားစေခြင်း ဖြစ်သည်။ ရှုရိဘုရင်၏ စစ်ရေးစီမံချက်ဟူသမျှသည် ဣသရေလ တပ်များက အကုန်ကြိုတင်သိရှိကြသည်။ ထို့ကြောင့် တပ်ဖွဲ့ထဲတွင် ဣသရေလ စစ်သူလျှိုရှိမည် ဟု သံသယဖြစ်လာသည်။ အကြားအမြင်ပေါက်သော ပရောဖက်ဧလိရှဲက ဣသရေလဘုရင်အား အကြံပေးကြောင်း သိရှိသောအခါ ဧလိရှဲကို အရင်ဖမ်းဆီးရန် ကြိုးပမ်းသည်။ ရှုရိမြောက်ဘက်ရှိ ဒေါသန်မြို့၌ ဧလိရှဲရောက်ရှိကြောင်း သတင်းရသောအခါ ညတွင်းချင်း စစ်တပ်စေလွှတ်၍ ဒေါသန်မြို့အား ဝိုင်းစေသည်။ နံနက်မိုးလင်း၍ ရှုရိတပ်သားများက မြို့အားဝိုင်းထားကြောင်း တွေ့ရသောအခါ ဧလိရှဲတပည့်သည် ကြောက်လန့်သွားသည်။ ဧလိရှဲက ဘုရားသခင်ထံ စစ်အင်အား ဆုတောင်းသောအခါ ရှုရိစစ်သားများထက် မိမိတို့ စစ်သားအင်အား ကြီးမားနေကြောင့် တွေ့မြင်ရပြန်သည်။
ဧလိရှဲက ရှုရိစစ်သားများအား မျက်စိကမ်းစေရန် ဘုရားသခင်ထံသို့ တဖန်ဆုတောင်းသည်။ ဆုတောင်းသည့်အတိုင်း မျက်စိကန်းသွားကြ၍ လမ်းမမြင်ကြတော့ သောကြောင့် ဧလိရှဲက ရှမာရိသို့ လမ်းပြ ခေါ်ဆောင်သွားသည်။ ဣသရေလ ဘုရင်က ထိုမျက်ကန်းများအား သုတ်သင်ပစ်ရမည်လား ဟု မေးသော အခါတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို အသက်ချမ်းသာပေးလျှင် ဤမမြင်ကန်းသူများကို သတ်ပစ်သင့်သလော့။ ထို့ထက်စာလျှင် ထမင်းကျွေး၍ သူတို့သခင်ထံပြန် လွှတ်လိုက်ပါဟု ဆိုသည်။ မိမိအားအဆိုးဖြင့် ဆက်ဆံသူများအား အကောင်းဖြင့် တုံ့ပြန်သောအခါ စစ်ပြေငြိမ်းသွားသည်။ ထိုအချိန်မှစ၍ ရှုရိလူများသည် ဣသရေလတို့ကို ရန်မူခြင်းမပြုကြတော့ပါ။
အပိုဒ်ငယ်(၁၆)သည် “သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးမြတ်၏” (၁ယော ၄:၄)ကို မီးမောင်းထိုးပြသည်။ ဝိညာဉ်တိုက်ပွဲသည် မကောင်းဆိုးဝါး၊ နတ်ဆိုးများနှင့် လက်နက်ချင်းဆိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် မြင်တတ်သော မျက်စီ၊ ပြည့်ဝသော စိတ်နှလုံး ဘုရားရှင် ပေးပါသည်။ စာတန်၏ ထိုးနှက်တိုက်ခိုက်ခြင်းမှ ကွယ်ကာလုံခြုံစေပါသည်။
၁၀။ ရှမာရိတွင် အစာရေစာငတ်မွတ်ခေါင်းပါးခြင်း (၆:၂၄–၇:၂၀)
၆:၂၄–၃၁ ဤငတ်မွတ်ခေါင်းပါးခြင်းသည် ဘေးအန္တရာယ်အရ ကြုံတွေ့ခြင်းမဟုတ်ပါ။ ရှရိဘုရင် ဗင်္ဟာဒဒ်က ရှမာရိပြည်အား နှစ်လရှည်ကြာ ဝိုင်းရံထားသောကြောင့် လုပ်ကိုင်စားသောက်၍ မရသဖြင့် အစာရေစာ ရှားပါးခြင်း ဖြစ်သည်။ (အကယ်၍ ဤကပ်ဆိုးသည် ၈:၁-၂ တွင် ပါရှိသည့် ခုနှစ်နှစ်ဘေး ဒဏ်ကာလနောက်မှ အဖြစ်အပျက်ဆိုလျှင် အဘယ်မျှဆိုးဝါးမည်နည်း)။ စားစရာမရှိသဖြင့် မစင်ကြယ်သော တိရိစ္ဆာန်များကို (မြင်းခေါင်း) စားရသည်။ ကေသရာဇာခြင်္သေ့မင်း မြက်စားရကိန်း ဖြစ်သည်။ “ပဲကြမ်း” ဆိုသည်မှာ အလေ့ကျပေါက်သော အပင်ဖြစ်သည်။ ဤဆင်းရဲငတ်မွတ်ခြင်း ဒုက္ခကို ဘုရားသခင်မှ တပါး မည်သည့်လူသားကမှ မကယ်နိုင်ဟု ဣသရေလဘုရင် သိရှိသည်။ ပြည်သူလူထု၏ ငတ်မွတ် ဆင်းရဲခြင်းကို သိရှိ၍ စိတ်မချမ်းမြေ့နိုင်။ တချို့က ဧလိရှဲအား မကယ်ဆယ်ရကောင်းလားဟု အပြစ်ဆိုကြသည်။
၆:၃၂–၃၃ ထာဝရဘုရားသခင်ထံတော်မှ သတင်းစကား ဧလိရှဲရရှိသောကြောင့်၊ ဣသရေလ သက်ကြီးသူများနှင့် တိုင်ပင်ဆွေးနွေးနေကြစဉ် ဣသရေလဘုရင်ရှေ့မှ ရှေ့တော်ပြေးရောက်လာကြောင်း သိရှိသည်။ ထိုသူအား လက်မခံ ငြင်းပယ်ပေးကြရန် ပြောနေစဉ် ဘုရင့်ရှေ့တော်ပြေးသည် တံခါးဝသို့ ရောက်ရှိနေပြီ။ ရှေ့တော်ပြေးနှင့် ဘုရင်သည် ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြသည်။ ဘာမှမတတ်စွမ်းနိုင်တော့ သဖြင့် အညံ့ခံလိုက်ရသည်။ မင်းကြီးက ဤကပ်ဒုက္ခသည် ဘုရားသခင်ထံမှ လာသည်ဆိုလျှင် အဘယ်ကြောင့် မျှော်လင့်ချက်ထားရဦးမည်နည်း ဟု ဆိုသည်။ “ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍၊ အလိုတော်ရှိသည် အတိုင်း လှည့်စေတော်မူ၏” (သု ၂၁:၁)။
ဣသရေလဘုရင်၏ အမည်နာမကို မထုတ်ဖေါ်ပါ။ အခန်း ၄-၈ တွင် မှတ်တမ်းမှတ်ရာ မတွေ့သော်လည်း ကျမ်းစာပညာရှင်အများစုကမူ ယောရံ (Jehoram – Joram) ဖြစ်သည်ဟု ဆိုကြသည်။ နန်းစံသက်နှင့် ရေတွက်၍ ဆိုခြင်းဖြစ်သော်လည်း မှန်ကန်သည်ဟု အတိအကျမပြောနိုင်ပါ။ ဧလိရှဲ၏ အမှုတော်ဆောင်ကာလသည် နှစ်ပေါင်း (၅၀) ခန့် ကြာ၍ မင်းဆက် (၄)ပါးရှိသည်။ ထို့ကြောင့် သမိုင်းစဉ်လာအရ အတိအကျမပြောနိုင်ပါ။