ဓမ္မရာဇဝင်ဒုတိယစောင် ၁၂
(ခ) ဘုရားသခင်ထံ ဝန်ချတောင်းပန်ခြင်း (အခန်း ၁၂)
၁၂:၁–၉ အခန်း ၁၁ နှင့် ၁၂ ကာလ အကြားတွင် တစ်နှစ်ခန့်ကြာညောင်းသည်ဟု ထင်ရသည်။ ထိုကာလတွင် ဘုရားသခင်၏ လက်ဝါးဒဏ်ရာ ရရှိသည့်ကာလဖြစ်သည်။ သူ၏ဝိညာဉ်ခွန်အား ရုံးကန်မှုကို ဆာ ၃၂ နှင့် ၅၁ တွင် ဖွင့်ဟဝန်ခံ ထားသည်။ ဒါဝိဒ်၏ ပြစ်မှုဒုစရိုက်ဆုံးမရန် ပရောဖက်နာသန် ရောက်ရှိလာသည်။ “သို့နွားကြွယ်ဝသောသူ တဦးရှိ၏ ဆင်းရဲသားမူကား မိမိဝယ်၍ စားသုံးသော သိုးမကလေး တစ်ကောင်မှတပါး အခြားသော ဥစ္စာမရှိ။ ထိုသိုးမကလေးသည် အရှင်နှင့်လည်းကောင်း၊ အရှင်၏သားသမီးနှင့် လည်းကောင်း ပေါင်း၍ ကြီးပွား၏။ သူဌေးသည် အိမ်သို့လာလည်သော ဧည့်သည်အား ဧည့်ခံရန် မိမိသိုးကို နှမြောသောကြောင့် မသတ်ဘဲ၊ ဆင်းရဲသားသိုးကို ယူ၍ ချက်ကျွေးပါ၏” ထိုအမှုများကို မည်သို့စီရင်အပ်ပါသနည်းဟု မင်းကြီးကို ပညာသားပါပါ မေးလျှောက်သည်။ မင်းကြီးသည် စိတ်ကူးလျှက် ထိုသူသည် သေဒဏ် အပြစ်ထိုက်သည်ဟု ဆိုသည်။ ပရောဖက် နာသန် သည်လည်း မကြောက်မရွံ့ဘဲ “ထိုသူသည် အခြားသူမဟုတ်၊ ဒါဝိဒ်မင်းကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်က သင့်အားလိုလေသေးမရှိအောင် ကြွယ်ဝချမ်းသာခြင်း ပေးခဲ့သည်။ လိုတရစေခဲ့သည်။ ယခုတွင် သင်သည် ကာမပိုင်လင်ရှိသော ဗာသရှေဗကို အနိုင်ထက်ပြုသည့်အပြင် သူ့လင် ဥရိယ ကိုလည်း လူသတ်မှု ကျူးလွန်ခဲ့ပြီ” ဟုထောက်ပြသည်။
၁၂:၁၀–၁၄ ထိုသို့ ဒါဝိဒ်၏ ကျူးလွန်မှုကြောင့် ဒါဝိဒ်၏ သားများသည် ကြီးစွာသော ဆင်းရဲခြင်း ဝဠ်လည်ကြမည် ဟုဆိုသည်။ ဒါဝိဒ်၏မိသားစုသည် သွေးစွန်းပေကျံကြသည်။ သူ့မယားများ လူခိုးခံရသည်။ လူသိ၍ ကြားအုတ် အော်သောင်းဖြစ်ခဲ့ရသည်။ ဖုံးမရဖိမရ ဟိုးလေးတကျော်ကျော် အနံ့တထောင်းထောင်း ပုပ်စော်နံ့ခဲ့သည်။ ဒါဝိဒ်သည် အသိတရားဝင်လာပြီး ဝန်ချတောင်းပန်သည်။ Margan က ဤသို့ဆိုထားသည်။
အပိုဒ်ငယ် ၁၃ တွင် ပါရှိသည့် “လည်း” ဟူသော စကားလုံးကို မှတ်ထားပါ။ လူသည် စိတ်ရင်းအမှန်ဖြင့် မိမိအပြစ်ကို ဝန်ချလျှင် အပြစ်ပြယ်သည်။ ထိုကဲ့သို့ပင် ဘုရားသခင်ကလည်း အပြစ် ဖယ်ရှားပေးသည်။၁၄
အပြစ်ကို ဝန်ချတောင်းပန်သောကြောင့် သေဘေးမရောက်ဟု ပရောဖက်နာသန်က ဒါဝိဒ်အား အာမခံသည်။ သို့သော်လည်း အပြစ်၏ ထမင်းလုံးတစ္ဆေက အရိပ်ပမာတကောက်ကောက် လိုက်သည်။ လေးဆပြန်လျှော်ရမည် (ထွ ၂၂:၁) ဟူသော ပညတ်ချက်အတိုင်း လေးဆပြန်လျှော်ရသည်။ ထိုမိန်းမမွေးသောကလေး မရှင်။ သားအာမနုန် အသတ်ခံရသည် (အခန်း ၁၃)။ အာဗရှလုံသည်လည်း အသတ်ခံရသည် (အခန်း၁၈)။ အဒုနိယျ ကွပ်မျက်ခြင်းခံရသည် (၃ရာ ၂)။
၁၂:၁၅–၂၃ ဥရိယမယားနှင့် ရသောသား နေမကယ် ဖျားနာသောအခါ ဒါဝိဒ်မင်းကိုယ်တိုင် အစာရှောင်ဥပုဒ်စောင့် ၍ ဆုတောင်းသည်။ ကလေးသေလွန်သောအခါ ကြေကွဲဝမ်းနည်းသည်။ သို့သော် ကလေးမရှိတော့သောအခါ တဝတပြဲစားသောက်သည်။ သူများကမေးသောအခါ ကလေး၏ ခန္ဓာကိုယ်သည် အသက်ပြန်မရှင်နိုင်။ တနေ့သောအခါ တွင်သာလျှင် သားအဖ ပြန်ဆုံကြမည်ဟု ဖြေခဲ့သည်။ အပိုဒ် ငယ် ၂၃ သည် သားသမီးငယ်များ ဆုံးရှုံးသည့် မိဘများသို့ နှိမ့်သိမ်းအားပေးစရာ ကျမ်းစာခွန်အားဖြစ်သည်။ Metthew Henry က ဤသို့ဆိုသည်။
ဘုရားပေးမိဘများသည် မိမိရင်သွေးငယ်များအား မျှော်လင့်ချက်ကြီးမားစွာ ထားရှိကြသည်။ အရွယ်မရောက် လူလားမမြောက် သေဆုံးသွားသော သားသမီးများ၏ ဝိညာဥ်သည် အခြားကမ္ဘာတွင် ရှိနေကြသည်။ ကလေးသူငယ်များသည် မိမိတို့ခင်းသော ဘဝခရီးလျှောက်လှမ်းနိုင်သူများ မဟုတ်ကြသေးကြောင်း မိဘများ၏ ယုံကြည်ခြင်း အကျိုးဆက် အရိပ်နှင့် မကင်းနိုင်ကြ။၁၅
သို့ကြောင့် အရွယ်မရောက်မှီ ကွယ်လွန်သွားသော ကလေးသူငယ်များသည် ကောင်းကင်နိုင်ငံဝင်စားကြသည်ဟု တထစ်ချယုံကြည်ရသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကိုယ်တိုင်က “ကောင်းကင်နိုင်ငံသည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ်သည်” (မ ၁၉:၁၄)ဟု မိန့်ဆိုထားသည်။
ဒါဝိဒ်သည် ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာတော်ကို သိရှိထွင်းမြင်သောကြောင့် သူအားအတွက် စိတ်ချလက်ချ နားအေးပါးအေး နေနိုင်သည်။ ဘဝတိမ်းပါးခြင်းမရှိမီ ယေဟောဝါ ဘုရားသခင်၏ ဂရုဏာတော်ကို တောင်းခံသည်။ ကလေးဆုံးပါးသွားပြီးသောအခါတွင်လည်း ဘုရားသခင်၏ မျှတမှုကို ချီးမွမ်းသည်။ မျက်စိတမှိတ်မှာ ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးများကို မေ့လျှော့ပြီး အနာဂတ်အတွက် ဆောက်တည်ရာ ရှာသည်။ အချိန်ကုန်အားကုန်ခံပြီး ပူဆွေးလွမ်းနာမကျပါ။ ဘုရားသခင်က ကောင်းကြီးမင်္ဂလာထပ်ပေးဦးမည်ဟု ယုံကြည်သည်။ ယုံကြည်သည့်အတိုင်း လိုက်လျှောက်သည်။
၁၂:၂၄–၂၅ ဗာသရှေဘ က နောက်ထပ် သားရတနာမွေးဖွား သန့်စင်ပေးသည်။ ဖခင်ခြေရာနင်းမည့်သား ရှောလမုန် ဖြစ်သည်။ ဘုရားသခင်သည် ပရောဖက် နာသန် ကိုခေါ်၍ ထိုသူငယ်နာမ အား ယေဒိဒိ (ယေကာဝါ ဘုရားအချစ်တော်ဟု အနက်ရသည်။)ဟု ကင်ပွန်းတတ်စေသည်။
၁၂:၂၆–၃၀ ဒါဝိဒ်ကို အပြစ်ဒုစရိုက် ကျူးလွန်စေမည့် ရဗ္ဗာမြို့ (၁၁:၁) အကြောင်း တမှောင့် ပေါ်လာပြန်သည်။ ယွာဘက ရဗ္ဗာမြို့အား သိမ်းပိုက်ပြီးသော်လည်း ခံတပ်ထိပ်သို့ မတက်သေး။ (ယောရှဖတ်၁၆ နှင့် NKJV ကျမ်းမူတွင် ရဗ္ဗာမြို့ ရေပေးဝေရေးအား ယွာဘက သိမ်းပိုက်ဖြတ်တောက်ထားသဖြင့် မြို့သူမြို့သားများက အညံ့ခံကြသည် ဟုဆိုသည်။) လက်စသတ်အောင်မြေသိမ်းရန် ယွာဘက ဒါဝိဒ်အား လှမ်းခေါ်ဂုဏ်ပြုသည်။ ယွာဘ၏ လုပ်ဆောင်ချက်သည် မိမိကိုယ်ကို နှိမ့်ချ၍ သခင့်ကို ဦးစားပေးခြင်း မင်္ဂလာတရားဖြစ်သည်။ ဤနေရာတွင် ယွာဘသည် အကျင့်လက္ခဏာရည်မွန် သူဖြစ်သည်။ လိမ္မာပါးနပ်သည်။ အလိုက်သိသည်။ နူးညံ့သိမ်မွေ့သည်။ ရဗ္ဗာ မြို့ကို သိမ်းပိုက်မိသောအခါ ဒါဝိဒ်သည် ရွှေသရဖူ နှင့် အခြားဥစ္စာပစ္စည်းများ ရရှိသွားကြသည်။
၁၂:၃၁ ဤကျမ်းပိုဒ်တွင် ပါရှိသည့် အမ္မုန်မြို့သားများအား ဒါဝိဒ်က ညှင်းပန်းနှိပ်စက် ကျွန်ပြုခြင်းကို ကျမ်းစာပညာရှင်များက ဝေဖန်ကြသည်။ (KJV rendering ) စိုက်ပျိုးရေးနှင့် အလုပ်ရုံလုပ်ငန်းတွင် စေခိုင်းသည် (NKJV redering) ဟုသုံးသပ်ကြသည်။ ဒါဝိဒ်၏ စိတ်နေသဘောထားသည် NKJV ကျမ်းအမြင်အတိုင်း ဖြစ်သည်။