မိက္ခာအနာဂတ္တိကျမ်း ၄
၅။ ခရစ်တော် အနှစ်တထောင် အုပ်စိုးမည့် မဂ်လာစကား (အခန်း ၄)
၄:၁–၄ ပထမပိုင်းအခန်း(၈)ခုတွင် ခရစ်တော်အနှစ်တစ်ထောင်အုပ်စိုးမည့် ကျက်သရေမင်္ဂလာတရား ဟောကြားထားသည်။ ယေရုရှလင်မြို့ကိုချီးမြောက်တော်မူမည်။ တပါးအမျိုးသားများသည် ဘုရားသခင်ထံတိုးဝင် ချဉ်းကပ်ကြမည်။ ကိုယ်တော်က တိုင်းနိုင်ငံအားလုံးကို အုပ်စိုးမည်။ ကမ္ဘာမြေတဝှမ်းလုံးတွင် လက်နက်စွဲကိုင် အကြမ်းဖက်မှု ချုပ်ငြိမ်းစေမည်။ “သူတို့ဓါးလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊လှံများကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်းနောက်တဖန် မသင်ရကြ”၃ ဟု ဆိုထားပါသည်။ ဘုရားသခင်၏လူများအားလုံးအပေါ်၌ ငြိမ်သက်ခြင်းနှင့်လုံခြုံမှု ရှိစေမည်။
၄:၅–၈ မိက္ခာလက်ထက်တွင် တွေ့မြင်ရသော ရုပ်တုဆင်းတုကိုးကွယ်ခြင်းသည် အနှစ်တစ်ထောင်နိုင်ငံတော် ကာလတွင် ပပျောက်မည်။ ရုပ်တုဆင်းတုများကို ကိုးကွယ်သည့်နေရာတွင် စစ်မှန်သော ဘုရားကိုးကွယ်ခြင်း ရောက်လာမည်။ ဖမ်းဆီးကျွန်ပြုခံရသူများ လွတ်မြောက်ကြလျက် ဘူမိနက်သန်နေရာမှန်သို့ ပြန်လည်စုစည်းလာကြမည်။ (နှင်ထုတ်ခံရသူများ ငါစုဝေးမည်”-(ငယ်၊၆)-Moffatt)။ ဘုရားသခင်ကိုယ်တော်တိုင် အုပ်စိုးလိမ့်မည်။ အရင်တည်သောအာဏာ (ငယ်၊၈) ဆိုသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အမြင့်ဆုံးသော အု်စိုးခြင်း မေရှိယဘုရင်အုပ်စိုးခြင်း အာဏာဖြစ်သည်။
၄:၉–၁၃ ထိုကာလ၌ ယုဒတို့သည် ဗာဗုလုန်သို့ဖမ်းဆီးခြင်းခံရမည်။ ယုဒလူမျိုးတို့ပြန်လည်စုစည်းပေါင်းဖက်ခြင်း မပြုမီကာလတွင် ဘုရားသခင်သည်တပါးအမျိုးသားများကို စုစည်း၍ စီရင်လိမ့်မည်။ တပါးအမျိုးသားများအား တရားစီရင်ရန် ဣသရေလလူမျိုးကို အသုံးပြုမည်။ ထိုသူတို့စည်းစိမ်ဥစ္စာဟူသမျှသည် မြေတပြင်လုံးကို အစိုးပိုင်သောထာဝရဘုရားအား ပူဇော်ရန်ဖြစ်သည်။