ယေဇကျေလအနာဂတ္တိကျမ်း ၁၂

() ယေဇကျေလ ပြည်နှင်ခံရမည့်အကြောင်း နိမိတ်လက္ခဏာ (အခန်း၁၂)

() ဥစ္စာပရိကံ (၁၂:၁၆)

၁၂:၁−၁၂ ယေဇကျေလအား အထုပ်အပိုးများ သိမ်းဆည်း၍ မိမိအိမ်မှ အခြားနေရာသို့ သွားခိုင်းကြောင်း ရူပါရုံမြင်ရသည်။ ထိုအတိတ်န်မိတ်မှာ ယုဒလူမျိုးများ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရမည့် နိမိတ် လက္ခဏာ ဖြစ်သည်။ ညဉ့်အချိန်မြို့ရိုးအောက် ခြေတူးဖြိုကြခြင်းနှင့် မျက်နှာဖုံးအုပ်ခြင်းမှာ ဇေဒကိမင်း ညဥ့်အချိန် ထီးနန်းစွန့်ခွာ ထွက်ပြေးရမည့်အကြောင်း နိမိတ်ပြခြင်းဖြစ်သည်။ (မျက်နှာဖုံးထား၍ အမြင်ကွယ်နေခြင်းမှာ ညအချိန်ကဲ့သို့ ဖြစ်သည်။

၁၂:၁၃−၁၆ ထိုနည်းတူပင် ယေဇကျေလသည် တခါမှ မမြင်ဘူး၊ စိတ်ကူးမရဘူးသည့် ဗာဗုလုန်ပြည်သို့ ဖမ်းဆီးသိမ်းသွားခြင်းခံရသည်(ငယ်၁၃)။ မြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့် ဗာဗုလုန်အဖြစ်ပျက်သည် ကွက်တိဖြစ်သည်။ ဇေဒေကိသည် ယေရုရှလင်မြို့ထဲမှ ထွက်ပြေးသော်လည်း ခါလဒဲပြည်ဗာဗုလုန်သို့ ဖမ်းဆီးခံရ၍ ရိဗလမြို့တွင် မျက်စိဖောက်ထုတ်ခြင်း ခံရသည်(၄ရာ၊ ၂၅:၇)။ လူအများတို့မှာ စစ်ပွဲတွင် သေသူသေ၊ ဖရိုဖရဲ ကစဉ်းကလျား ထွက်ပြေးသူနှင့် တိုင်းနိုင်ငံ အရပ်ရပ်သို့ ကွဲလွှင့်ကုန်သည်။ ရန်သူ့ ဓါးချက်ဖြင့်၎င်း၊ ငတ်မွတ်ဘေးကြောင့်၎င်း၊ ကပ်ရောဂါကြောင့်၎င်း သေကြေကြရသည်။

 

() ယေဇကျေလ တုန်လှုပ်ခြင်း (၁၂:၁၇၂၈)

          ၁၂:၁၇−၂၀ တုန်လှုပ်စွာဖြင့် ယေဇကျေလကို စားသောက်စေခြင်းမှာ တိုင်းတပါးသား လက်အောက်တွင်  စိုးရိမ်ကြောက်လန့် ကျီးလန့်စာစား အသက်ရှင်ရမည့်အကြောင်း နိမိတ်လက္ခဏာ ဖြစ်သည်။

၁၂:၂၁−၂၈ ထိုခေတ်ကာလက “ဘုရားသခင်၏ ပျက်သုဉ်းခြင်းဗျာဒိတ်ပြုချက်သည် ဘယ်သောအခါမှ ပြည့်စုံရိုးမရှိ” ဟူသော ဆိုရိုးစကားရှိသည်။ ယခုဘုရားရှင်တော်က ဆိုရိုးစကားသစ် တစ်ခွန်းပြောပြသည်။ “ဘုရားသခင်၏ ဗျာဒိတ်ပြုချက်ပြည့်စုံမည့် နေ့ရက်သည် လက်တစ်ကမ်းရောက်ပြီ။ ဗျာဒိတ်တော်(ရူပါရုံ) တိုင်း ပြည့်စုံရလိမ့်မည်။ ပြည့်စုံရိုးမရှိ ဟုဆိုသူတို့သည် သူတို့၏ နေ့ရက်မကုန်ဆုံ:မီ မျက်ဝါးထင်ထင် မြင်တွေ့ရကြလိမ့်မည်”ဟူ သတည်း။

လူ့အကြိုက်သဘောထားမှာ ပရောဖက်ပြုချက်များကို အချိန်ဝေးရာသို့ရွှေ့ဆိုင်း လိုကြသည်။ တနည်းအားဖြင့် အနာဂတ်မျိုးဆက်များအတွက်ဟု ထမင်းရည်ပူလာလျှာလွဲ လုပ်လိုကြသည်။ စာအုပ်စာစောင် အားဖြင့်၎င်း၊ ဝေငှချက်အားဖြင့်၎င်း ဘုရားသခင်၏ စကားတော်ကို ကျွန်ုပ်တို့ ကြားသိရသောအခါ ညီအစ်ကို ညီအစ်မများ၏ အသက်တာတွင် မည်သို့လက်တွေ့ အသုံးချမည်၊ မည်သို့အသက်တာပြောင်းလဲစေရမည်ကို ချက်ချင်း တုန့်ပြန်အကောင်အထည်ဖော်ဆောင်ဖို့ လိုသည်။ ထိုသို့မဟုတ်ဘဲ၊ ငါတို့နှင့်မဆိုင်အခြားသူများ သို့လမ်းလွဲကြသော စိတ်ဓာတ်မျိုးမှာ အဖျက်အမှောင့် သဘောထား ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်မဟုတ်၊ ဗျာဒိတ်တော် ပရောဖက်ပြုချက်များကို ငြင်းပယ်၍ လိုသလို ကာလအချိန်ရွှေထားသော၊ လူ့အကြိုက်ကို အလိုလိုက်ကာ စကားတန်ဆာဖြင့် ပုံဖျက်ထားသော ဝေငှချက်များကို ကျွန်ုပ်တို့ အထူးသတိပြုရှောင်ရပါမည်။

Previous Article
Next Article