ယေဇကျေလအနာဂတ္တိကျမ်း ၂၁
(၂) ထက်မြိသောဓါးနိမိတ်လက္ခဏာ (၂၁:၁−၁၇)
၂၁:၁−၇ တဖန် ယုဒနှင့်ယေရုရှလင်မှ ဆန်ကုန်မြေလေးတို့ကို ထက်မြိသောဓါးဖြင့် လှီးထုတ်ဖယ်ရှားမည့် အကြောင်း နိမိတ်ပေးသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အပြစ်စီရင်ခြင်း ကျရောက်လာတော့မည့် အကြောင်း ယေဇကျေလအား သူ့လူများသို့ သတိပေးစေခြင်းဖြစ်သည်။
၂၁:၈−၁၇ ယေဟောဝါဘုရား၏ အမျက်ဒေါသပြေငြိမ်းစေဖို့ (ငယ် ၁၄−၁၇) သတ်ဖြတ်သုတ်သင်ခြင်း(ငယ် ၈−၁၃)အလို့ငှါ ဗာဗုလုန်ဓါးကို ထက်မြိစွာ သွေးထားပြီ။ အငယ် ၁၀ နောက်ဆုံးပိုင်းနှင့် အငယ် ၁၃ ၏ဆိုလိုရင်းကို နားလည်ရန် ခက်ခဲသည်။ ဤသို့ တွေးဆနိုင်ပါသည်။ ယုဒလူမျိုးများအတွက် ပျော်ပါးစရာမရှိ။ NKJVကျမ်းစကားအတိုင်းဆိုရလျှင် လူကို နှိပ်စက်ထိပါးစေတတ်သည့် သစ်သားတုတ်လက်နက်များကို ယုဒလူမျိုးတို့ စက်ဆုပ်ကြသည်။ ယခု သံမဏိဓါးနှင့် နဖူးတွေ့ဒူးတွေ့ကြလေပြီ။ ထိုဓါးသည် သူတို့စက်ဆုပ်ရွံရှာခဲ့သော တုတ်လက်နက် ဖြစ်ဟန်ရှိသည်။ ဆိုလိုသည်မှာ တုတ်လက်နက်ရှိလျှင် ယုဒလူမျိုးမရှိနိုင်တော့ပေ။
(၃) လမ်းနှစ်ခွနိမိတ်လက္ခဏာ (၂၁:၁၈−၃၂)
၂၁:၁၈−၂၄ ထိုနောက်ဗာဗုလုန်ရှင်ဘုရင် စစ်ချီလမ်းနိမိတ်လက္ခဏာ ဖြစ်သည်။ လမ်းခွဆုံသို့ ရောက်လာသည်။ လမ်းတစ်သွယ်မှာ ယေရုရှလင်သို့ ဦးတည်၍ အခြားတစ်လမ်းမှာ ရဗွတ်(အမ္မုန်မြို့တော်)သို့ ဦးတည်သည်။ မည့်သည့်မြို့ကို အလျင် တိုက်ခိုက်ရမည်နည်း။ ဂမ္ဘီရမှော်နည်းလမ်း(၃)ခု သုံးထားသည်။ (၁) ယေရုရှလင်မြို့အတွက် မြှားတစ်ချောင်း၊ ရဗွတ်မြို့အတွက် မြှားတစ်ချောင်းစီလုပ်ထားသည်။ (၂) ပြည်စောင့်နတ်များကို တိုင်ပင်သည်။ (၃) ယဇ်ကောင်များ၏ အသည်းပုံကို ကြည့်ရှုနိမိတ် ဖတ်သည်။ မည်သည့်မြို့ကို ရွေးချယ်သနည်း။ အဖြေက ယေရုရှလင်မြို့ပင် ဖြစ်တော့မည်။
၂၁:၂၅−၂၇ အပိုဒ်ငယ်(၂၅)တွင် မတရားသော အဓမ္မဘုရင်မှာ ဇေဒကိမင်း ဖြစ်၏ သူသည် ထီးနန်းမှ ဖယ်ရှားခံရသည်။ မေရှိယသခင်မကြွလာမိ ဘုရားရှင်၏ လူမျိုးတော်ကို အုပ်စိုးရသော နောက်ဆုံးဘုရင်ဖြစ်လိမ့်မည်။ Matthew Henry က ဤသို့ရေးသားသည်။
ဇေဒကိနောက်၌ ဒါဝိဒ်နန်းတော်တွင် နိုင်ငံတော်တွင် သခင်ခရစ်တော်ပြန် ကြွလာသည့်တိုင်အောင် စိုးစံသူ ရှင်ဘုရင်ရှိမည်မဟုတ်။ ခရစ်တော်သည် နိုင်ငံတော်ကို စိုးစံရန် အခွင့်အာဏာရှိသူ ဖြစ်သည်။ သူသည် ကတိတော်ပြုထားသည် ဒါဝိဒ်ရာဇပလ္လင်ကို ထာဝရအမွေခံမည်(လု ၁:၃၂)။ အခွင့်ရှိသည်နှင့်အညီ အချိန်ကာလ စေ့စုံသည့်အခါအလုံးစုံကို သိမ်းပိုက်ပိုင်ဆိုင်စေမည်။ အခွင့်အာဏာတော် ယုတ်လျော့မရှိဘဲ၊ ဆန့်ကျင်သော အရာခပ်သိမ်းတို့သည် မှောက်လှန်ပြောင်းလဲကြရမည် (ဒံ ၂:၄၅၊၁ကော ၁၅:၂၅)။ ထိုစကားသည် ဒါဝိဒ်သို့ပြုတော်မူခဲ့သော ကတိတော်များ ပျက်ကွက်ချွတ်ချော်မည်ဟု စိုးရိမ်သောသူများသို့ နှစ်သိမ့်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ဂတိတော်သည် အစဥ်အမြဲတည်သည်။ မေရှိယနိုင်ငံတော်သည် ထာဝရတည်ရှိမည်။“၁၉
- ၂၁:၂၈−၃၂ ဗာဗုလုန်မင်းသည် နောက်တဆင့်တွင် အမ္မုန်တို့ကို တိုက်ခိုက်သိမ်းပိုက်မည်။ တပြည်လုံးကို ပြားပြားဝပ်အောင် ဖျက်ဆီးမည်။
- သမိုင်းကြောင်း လက်တွေ့အဖြစ်အပျက်များသည် ဗျာဒိတ်တော်ပြုချက်အတိုင်း အမှန်တကယ် ဖြစ်လာမည်။ လောကီတိုင်းနိုင်ငံတို့လည်း ခရစ်တော်ပေါ်ထွန်း လာသည့်အချိန်ထိ ထိုအတိုင်းရှိနေကြသည်။