ယေရမိမြည်တမ်းစကား ၂
၃။ ယေရုရှလင်အား ဘုရားသခင်က အရေးယူအပြစ်ဒဏ်ပေးခြင်း (အခန်း၂)
(က) ဘုရားသခင်၏အမြတ်တော် (၂:၁−၁၃)
၂:၁−၇ ဤကျမ်းပိုဒ်များတွင် ယုဒလူမျိုးအပေါ် ဘုရားသခင်၏ အရေးယူဆောင်ရွက်ချက်ကို ပြဌာန်းထားသည်။ ဘုရားရှင်ကိုယ်တိုင်က ယုဒရန်သူအများဘက်၌ ရပ်တည်ပေးသည်။ ယုဒများက ရန်သူများတားဆီးပေးရန် တောင်းဆိုချက်များကို ငြင်းပယ်သည်(အငယ်၃−၅)။ ယုဒသမီးတို့၏ ရဲတိုက်ကို မြေတိုင်အောင်ဖြိုဖျက်၍ နိုင်ငံတော်နှင့် မင်းသားတို့ကို ရှုတ်ချသည်(အငယ်၂)။ ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြုရန် ချိုးဖျက်သည်။ ဇိအုန်တောင်ပေါ်၌ ပြုလုပ်လေ့ရှိသော ဓမ္မပွဲ၊ ဥပုသ်နေ့တို့ကို ဘုရားရှင် မေ့နေပြီ။ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်များကိုလည်း မရှုမှတ် တော့ပါ(အငယ်၆−၇)။
၂:၈−၁၃ မြို့ရိုးမှစ၍ မြို့တခုလုံးဖြိုဖျက်သည်။ အုပ်စိုးသူဘုရင်နှင့် မင်းညီမင်းသားများလည်း သာသနာပလူများ လက်ထက်သို့ ကျရောက်ကြသည်။ ပရောဖက်များသည်လည်း ဘုရားသခင်ထံမှ ဗျာဒိတ်တော်တခုမျှမရကြ။ အသက်ကြီးသူများသည် ခေါင်းပေါ်တွင် မြေမှုန့်တင်လျက် လျှော်တေအဝတ်ဝတ်ကြသည်။ ကညာပျိုတို့သည် ဦးခေါင်း ငိုက်ဆိုက်ညွှတ်လျက် အရွယ်ရကြပြီ (အငယ်၈−၁၀)။ ကလေးသူငယ်များသည် အစာရေစာငတ် မွတ်ခေါင်းပါးကြသောကြောင့် လမ်းလယ်လမ်းမများတွင် လဲကျသေဆုံးကြသည်(အငယ်၁၁−၁၂)။ ခံစားကြုံတွေ့ရသော ကံကြမ္မာဆိုး၊ ဘေးဆိုးများကို ပရောဖက်များ သိမြင်သူမရှိ(အငယ်၁၃)။ “ဇိအုန်သတို့သမီး” ဆိုခြင်းမှာ ထိုခေတ်ကာလရှိ မဒီကညာများကို ဆိုလိုသည်မဟုတ်။ ထိုခေတ်ကာလ ယုဒလူများကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်သည်။
(ခ) ဘုရားသခင် အမျက်တော်ရှခြင်း၊ ပရောဖက်တုများ က လူအပေါင်းအား မှားယွင်း သတိပေးခြင်း(၂:၁၄)
ယုဒပရောဖက်များသည်လည်း ဘုရားသခင်၏ ဗျာဒိတ်တော် အမှန်မမြင်ရကြ။ ပရောဖက် အတုအယောင် များပြားသည်။ ဘုရားသခင်၏ ဗျာဒိတ်တော် ပြသမည့်အစား လူထုကြိုက်၊ လူ့ပြိန်းလုပ်ကြံသော လမ်းလွဲစရာအမြင် အာရုံများကိုသာ ပရောဖက်ပြုကြသည်။
(ဂ) ဘေးလူများက သရော်လှောင်ပြောင်ခြင်း (၂:၁၅− ၁၆)
ယေရုရှလင်မြို့ ပြိုလဲသွားသောအခါ အိမ်နီးနားခြင်း နိုင်ငံများက ဟား တိုက်ရယ်မောကြသည်။ လက်ခုပ်သြဘာတီးကြသည်။ လေချွန်ကြသည်။ ယုဒတို့ဝမ်းနည်းခြင်းသည် အိမ်နီးနားခြင်းများက ပျော်ရွှင်စရာဖြစ်သည်။ တောမီးလောင်တောကြောင် လက်ခမောင်း ခတ်ကြသည်။ “ဤနေ့က၊ ငါတို့မျှော်လင့်ခဲ့ပြီးသော နေ့ရက်ဖြစ်၏။ ယခု အမှန်တကယ်တွေ့မြင်ရပြီ။” ဟု သံပြိုင်ဆိုကြသည်။
(ဃ) ဘုရားသခင်၏ သတိပေးချက်အမှန်တကယ် ပြည့်စုံလာခြင်း (၂:၁၇)
ထာဝရဘုရားသခင်သည် နှောင်းကာလ၌ မိန့်တော်မူသော စကားတော်ကို ပြည့်စုံ စေတော်မူပြီ။ “ရန်သူများ၏ ဦးချိုကို ချီးမြှင်းတော်မူပြီ” ဆိုခြင်းမှာ ယုဒလူမျိုးတို့်၏ ကံကြမ္မာဆိုး၊ ဂြိုလ်စီးသည့်အကြောင်း ဖြစ်သည်။ ယုဒလူမျိုး၏ ဘုန်းတန်ခိုးကျဆင်း မြေခသည့်အကြောင်း ဖြစ်သည်။
(င) နောင်တရကြရန်ဖိတ်ခေါ်ခြင်း(၂:၁၈−၁၉)
အစာရေစာငတ်မွတ်၍ လမ်းဆုံ၊ လမ်းခွ၊ လမ်းဘေး၊ လမ်းလယ်တွင် လဲကျနေသော သားသမီးများ၏ အသက်ကံကြမ္မာအတွက် မိဘများသည် ဘုရားသခင်ထံ မနေမနား၊ မမောမပန်းဘဲ ဆုတောင်းကြရမည်။ အပြစ်ဝန်ချ၍ နောင်တရကြရမည်။
(စ) ကရုဏာတော်ခံစားရန် ဆုတောင်းပြုခြင်း( ၂:၂၀−၂၂)
ဘုရားသခင်က ဗာဗုလုန် ကျူးကျော်သူများ ဝင်ရောက်စေသဖြင့် ယုဒတမျိုးသားလုံး ဆင်းရဲဒုက္ခ ရောက်နေပြီ။ လမ်းဘေးဝဲယာ လမ်းမများတွင် ဗာဗုလုန်သားများ လက်ချက်ဖြင့် ပြည်သူများ သေကြေပျက်ဆီးကုန်ပြိ။ သားနှင့်မိခင်များသည် မိမိတို့ရင်မှဖြစ်သော သားသမီးများကို ပြန်စားရလောက်အောင် ဆာလောင်ငတ်မွတ်ကုန်ပြီ။