ယေရမိအနာဂတ္တိကျမ်း ၁၆

() ယေရမိ၏ အားသွန်ခွန်စိုက် အမှုတော် (အခန်း၁၆:၁၈)

၁၆: ခေတ်ပျက်တော့မည် ဖြစ်သောကြောင့် ပရောဖက်ယေရမိအား အိမ်ထောင်မပြုရန် တားမြစ်ထားသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် ပရောဖက်ယေရမိ တစ်ပါးတည်းသာလျှင် အိမ်ထောင်မပြုရန် တားမြစ်ခြင်း ခံရသူဖြစ်သည်။ ဘုရားသခင်က ဘေးဥပါဒ် ကျရောက်စေခြင်း ဖြစ်သောကြောင့် နေရာအနှံ့အပြားတွင် အသေကောင်မသာများ ပေါများသည်။ သို့ကြောင့် မသာအတွက် လွမ်းဆွေးခြင်း၊ ဆွမ်းသွတ်ခြင်း မပြုနိုင်ကြ။ မပြုလုပ်ကြရန်လည်း တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် လွမ်းဆွေး၊ ဆွမ်းသွတ်ရန် အချိန်မလောက်။

အပိုဒ်ငယ်(၇)သည် ထိုခေတ်အခါက လူ့ယဉ်ကျေးမှုကို ပြသခြင်း ဖြစ်သည်။ တစုံတစ်ဦး ကွယ်လွယ်လျှင် ဆွေမျိုးမိသင်္ဂဟများနှင့် အိမ်နီးနားခြင်းများ ထိုအိမ်တွင် စုဝေး၍ သွားလေသူ၏ ကောင်းမှုများကို စားမြုံ့ပြန် ချီးမွမ်းကြသည်။ အသေဖြောင့်အောင် အကောင်းပြောကြသည်။ မုန့်တစ်ဖဲ့၊ ဝိုင်တစ်ခွက်သောက် ကြရသည့်ဓလေ့ ရှိကြသည်။ ကျန်ရစ်သူမိသားစုအား နှစ်သိမ့် အားပေးကြသည်။ ထိုယုဒတို့၏ ရှေးရိုးထုံးစံများကို ဘုရားသခင်က ဤအဖြစ်အပျက်ဖြင့် ပြုပြင်ပြောင်းလဲပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

မုန့်ဖဲ့ခြင်း ဓလေ့အကျင့်သည် သေလွန်သူအား အောက်မေ့သတိရဖို့ အထိန်းအမှတ်ဖြစ်သည်။ ထိုသို့ပြုလုပ်ရသည့် မူပိုင်ရှင် အစစ်မှာ သခင်ယေရှုခရစ်တော် ဖြစ်သည်။ “သေလွန်သူအား အောက်မေ့ သတိရသောအားဖြင့် ကျန်ရစ်သူမိသားစုအား နှစ်သိမ့်အားပေးရန် ဧည့်သည်များက မုန့်ဖဲ့ခြင်း၊ ဝိုင်လာပေးခြင်းမဟုတ်” ညစာသုံးဆောင်သည့်အခါ မုန့်ဖဲ့ခြင်း၊ ဝိုင်သောက်ခြင်း နှစ်ခုစလုံး လုပ်လေ့ရှိပါသည်။ ယုဒများ မိသားစု အစဉ်အလာ ဖြစ်သည်။ သို့သော် ဘုရားသခင် ပြုသောမုန့်ဖဲ့ခြင်း၊ ဝိုင်သောက်ခြင်းသည် ထိုမိရိုးဖလာ အစဉ်အလာနှင့် မတူပါ။ ထူးခြားလေးနက်သည်။ သမ္မာတရားများ တံဆိတ်ခတ်နှိပ်ခြင်း ဖြစ်သည်။ ပသခါပွဲနှင့် ဆက်စပ်သည်။ ပသခါပွဲတော် အချိန်အခါလည်း ဖြစ်သည်။ အခြားသာမန်အချိန်တွင် ပြုလုပ်သည့်ညစာနှင့် မတူပါ။ အဘယ်ကြောင့်ဆိုသော် ဣသရေလလူများ၏ ပြုလုပ်နေကြ ပွဲတော်အတိုင်း မဟုတ်။ ထူခြားလေး နက်စေသည်။ အဓိပ္ပာယ်ပြောင်းလဲသည်။ ခရစ်ယာန်တို့၏ ထူခြားလေးနက်၍ အသစ်သော ပွဲတော်မင်္ဂလာ ဖြစ်သွားသည်။၁၈

၁၆:၁၀၁၈ ပရိသတ်က အဘယ့်ကြောင့် ထိုမျှကြီးမားသောအပြစ်ဒဏ် ကျရောက်ခံစားရမည်နည်းဟု မေးလာလျှင် ဖြေကြားဖို့ ယေရမိအား အဖြေစကား ပေးထားသည်။ ဘိုးဘေးများသည် ဘုရားသခင်အား စွန့်ပစ်၍ ရုပ်တုဆင်းတု ကိုးကွယ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မနာခံ ငြင်းဆန်ကြသည် သို့သော် တစ်နေ့သောအခါ ဖမ်းဆီးကျွန်ပြုခြင်းမှ ဘုရားသခင်က တဖန်ပြန်ခေါ်ဆောင်လာမည်။ လက်တလောတွင်မူ တံငါသည်နှင့် တောပျော်မုဆိုး (ဗာဗုလုန်)တို့က ဖမ်းဆီးခေါ်ဆောင်သွားမည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်ရခြင်းသည် အပြစ်ဒုစရိုက် များပြားကြသောကြောင့် ဘုရားသခင်က အရေးယူအပြစ်ပေးခြင်း ဖြစ်သည်။

Previous Article
Next Article