ယောရှုမှတ်စာ ၁၄

၂။ ယုဒလူများ (အခန်း ၁၄၊၁၅)

          ၁၄: ယော်ဒန်မြစ်အနောက်ဘက်ကမ်းနယ်မြေအား ဣသရေလလူ ၉၁/၂ မျိုး ခွဲဝေယူကြသည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်က မောရှေအား မဲနှိုက်ခွဲဝေကြရန် မိန့်မှာခဲ့ပြီး ဖြစ်သည်။ မဲနှိုက်ခွဲဝေခြင်းဆိုသည်မှာ အရပ်မျက်နှာ နေရာဒေသဦးစားပေးခွဲဝေခြင်းဖြစ်သည်။ အကျယ်အဝန်းပမာဏကို လူဦးရေအလိုက်ခွဲဝေကြရန် သတ်မှတ်ထားပြီး ဖြစ်သည် (တော ၂၆:၅၃-၅၆)။

၁၄:၁၅ ပထမဦးစားပေးလူမျိုးသည် ယုဒလူ ဖြစ်သည် (၁၄:၆-၁၅)။ ယုဒလူမျိုးများသည် ဣသရေလတပ်မတော်ကို လမ်းတလျှောက်ဦးစီးခေါ်ဆောင်လာသူများဖြစ်သည် (တော ၁၀:၁၄ကိုကြည့်) လူဦးရေအတောင့်တင်းဆုံး ခွန်အားကြီးမားဆုံးဖြစ်၍ တိုက်ခိုက်ရေးအင်အား ၇၆၀၀၀ ခန့်ရှိသည်။

နယ်နိမိတ်ပိုင်းခြားမသတ်မှတ်ကြမီ ဘုရားသခင်၏ ဝိညာဉ်တော်က ကာလက်အား ဟေဗြုန်မြို့ကို တောင်းဆိုခိုင်းသည်။ ထိုကာလတွင် ကာလက်သည် အသက်(၈၅)နှစ် ရှိသော်လည်း လူပျိုလူရွယ်ကာလသားကဲ့သို့ အားကောင်မောင်းသန် ခွန်အားတောင့်တင်းနေဆဲ။ ဝိညာဉ်ခွန်အားဖြင့် ပြည့်ဝသောကြောင့် ဟေဗြုန်မြေကို တိုက်ခိုက်သိမ်းပိုက်၍ အမွေပိုင်အဖြစ် စိုးစံခွင့်ရရှိသွားသည်။

ဟေဗြုန်ဟု ဆိုရာတွင် မြို့ကို ဆိုလိုသည်မဟုတ်။ အနီးဝန်းကျင်ဒေသကိုဆိုလိုသည် (ငယ်၁၂)။ မြို့တော်ကိုမူ ယောရှုသိမ်းပိုက်ခဲ့ပြီးဖြစ်သည် (၁၀:၃၆-၃၇)။ မြို့ကို ယဇ်ပုရောဟိတ်များသို့ ခွဲတမ်းချပေးသည်။ သို့ကြောင် အနီးပတ်ဝန်းကျင်ကို ကာလက် အမွေခံပိုင်ဆိုင်သည်။

ကာလက်သည် မယုံကြည်သူများနှင့် နှစ်ပေါင်း(၄၅)နှစ်လုံးလုံး ဆက်ဆံပတ်သက်ခြင်းမရှိသောကြောင့် ကာလနာဘေးမှ လွတ်ကင်းခဲ့သည်။ (တော ၁၄:၃၆-၃၈)။ ကန္တာရခရီးတလျှောက်တွင် သစ္စာရှိရှိနေခဲ့သည်။ ခါနန်မြေ သိမ်းပိုက်ပွဲများတွင်လည်း နှစ်လရှည်ကြာစွာ ရှေ့တန်းမှ ပါဝင်ခဲ့သည်။ အာနကလူများအပေါ် အောင်မြင်နိုင်မည်ဟု သိရှိယုံကြည်သည့်အတိုင်း တိုက်ခိုက်သိမ်းပိုက်သည်။ သို့သော် စစ်ရှုံးသူဒေသခံလူများကို သတ်ဖြတ်ခြင်းမပြု။ အသက်ချမ်းသာရာပေးပြီး ပြည်နှင်ဒဏ်ပေး မောင်းထုတ်ပစ်သည်။ ကာလက်သည် မျက်မြင်အရာပေါ်မှာ တန်ဖိုးမဆုံးဖြတ်။ ယုံကြည်ခြင်းဖြင့် လက်တွေ့အလုပ်လုပ်သူဖြစ်သည်။ သို့ကြောင့် အံ့မခန်းလိလိ ခွန်အားကြီးမားလျက် အောင်ပွဲအလီလီခံယူခဲ့သည်။ အသက်(၈၅)နှစ် ရှိသော်လည်း မပျက်စီးသေး၊ လူရွယ်လူငယ်များနှင့် အပြိုင် အားကောင်းမောင်းသန်နေဆဲဖြစ်သည်။

Previous Article
Next Article