ယောရှုမှတ်စာ ၁၇
၁၇:၁–၁၃ မနာရှေလူများသည် ယော်ဒန်မြစ်တစ်ဘက်တစ်ချက်ရှိ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကို ရရှိကြသည်(ငယ်၁)။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းနယ်နိမိတ်ကို ငယ်၇-၁၁တွင် တွေ့ရသည်။ အနောက်ဘက်ကမ်းရှိ ခါနန်သားတို့၏ ခံတပ်မြို့ကြီး (၆)မြို့မှာ ဗာရှန်၊ ဣဗလံ၊ ဒေါရ၊ အင်္ဒေါရ၊ တာနက်၊ မေဂိဒ္ဒေါတို့ဖြစ်သည် (ငယ်၁၁၊၁၂)။
အချို့မြို့ပြကြီးများသည် မနာရှေလူတို့နယ်မြေထဲတွင်ရှိ၍ မနာရှေတို့၏ အချို့မြို့ပြများသည် အာရှာနှင့် ဣသခါလူ တို့၏ နယ်မြေထဲတွင်ရှိသည် (ငယ်၇-၁၂)
ဘုရားသခင်က မောရှေသို့ မိန့်မှာသည့်အတိုင်း ဇေယောဖတ်၏ သမီးများသည်လည်း မနာရှေလူများနှင့် တန်းတူဝေစုရရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဇေယောဖတ်တွင် အမွေခံသားရတနာ မထွန်းကား(ငယ်၃၊၄) (တော၂၇:၁-၇)။ ဇေယောဖတ်တွင် အမွေခံသားရတနာ မထွန်းကားသော်လည်း ဝေစုခွဲတမ်းမပျောက်သည့်အကြောင်း သက်သေဖြစ်သည်။ မနာရှေ၏ သမီးများသည် သွေးနှောခြင်းမပြု၊ မိမိတို့အမျိုးနှင့်သာ အိမ်ထောင်ပြုကြသဖြင့် အမွေပိုင်မြေအား အခြားသူများလက်ထဲသို့ ပါသွားခြင်းမရှိ၊ (တော ၃၆:၁-၁၃)။
၁၇:၁၄–၁၈ ဧဖရိမ်အမျိုးနှင့် မနာရှေလူများသည် ယော်ဒန်မြစ်အနောက်ဘက်ကမ်းတွင် ခွဲတမ်းမြေတစ်ခုသာရရှိသည်ဟု စောဒကတက်လာကြသည်(ငယ်၁၄) ဧဖရိမ်တောင်ဒေသတစ်ခုတည်းနှင့် မလုံလောက်ဟု ဆိုကြသဖြင့် ယောရှုက လူအင်အားသုံး၍ မြောက်ဘက်အရပ်ရှိ တောတောင်များကို ခုတ်ထွင် ရှင်းလင်းယူကြဟုဆိုသည်(ငယ်၁၅)။ ထိုသို့ တောတောင်ခုတ်ထွင် နယ်မြေချဲ့ထွင်လျှင် ခန်နန်နယ်မြေနှင့် ထိစပ်သွားမည်။ ခါနန်လူများသည် အင်အားတောင့်တင်းခိုင်မာကြသောကြောင့် ဒုက္ခလာပေးသွားမည်ဟု ထပ်ဆိုကြပြသည် (ငယ်၁၈)။ အပိုဒ်ငယ် ၁၄ တွင်ပါရှိသည့်ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ ဝေစုတစ်ခုဆိုသည်မှာ ဧဖရိမ်လူနှင့်မနာရှေလူ တစ်ဝက်တို့ စုပေါင်းမြေကိုဆိုလိုသည်။ အပိုဒ်ငယ် ၁၇တွင် ယောရှုပြောသည့် တစ်ဘို့တည်မယူရဆိုသည်မှာ ဝေစုထပ်ရမည်ဟု ဆိုလိုသည်မဟုတ်။ ချဲ့ထွင်ယူမည့်အကြောင်း ဖြစ်သည်။