သုတ္တံကျမ်း ၂၄

၂၄: မတရားသောသူများကို ငြူစူခြင်း၊ အတုယူခြင်းသည် ဉာဏ်ပညာမဟုတ်။ ထိုသူများနှင့်လည်း အပေါင်းအသင်းမလုပ်ရ။ အခြားသူများကို သူတို့နှင့်တန်းတူဟု သဘောထားတတ်ကြသည်။ မည်ကဲ့သို့သော တန်းတူသနည်း။ သူတပါးဆင်းရဲဒုက္ခရောက်အောင် ပျက်စီးအောင် အမြဲတန်း ကြံဆောင်သည်။ သူတပါးမျက်ရည်ကျမှ ထမင်းစားမြိန်သူများ ဖြစ်သည်။

၂၄: အိမ်ဆိုသည်မှာ လူ့ဘဝအသက်တာကို ဆိုလိုသည်။ အောင်မြင်သောအိမ်ကြီးဂေဟာကို ဆိုးယုတ်ခြင်းဖြင့် မတည်ဆောက်နိုင်။ ဘုရားကိုသိကျွမ်းခြင်း အသိဉာဏ်ဖြင့်သာ တည်ဆောက်နိုင်သည်။ မတရားမှုက လူ့ဘဝကို ပျက်စီးစေသော်လည်း အသိဉာဏ်သည် အိမ်ထောင်မိသားစုကို လှပတင့်တယ်စေသည်။ ဆိုးညစ်မှုသည် အခွံသာရှိ၍ စစ်မှန်သောဉာဏ်ပညာသည် အဖိုးတန်အသီးအပွင့်များ ဖြစ်သည်။ ပျော်ရွှင်နှစ်လိုဖွယ်ရာ ဖြစ်သည်။

၂၄: ဉာဏ်ပညာရှိသူသည် ခွန်အားဗလကြီးသူထက် ပိုမိုစွမ်းဆောင်နိုင်သည်။ ဦးနှောက်ရှိသူသည် အားကောင်းမောင်းသန်သူထက် တန်ခိုးပိုကြီးသည်။ စစ်ရေးစစ်ရာတွင်လည်း လက်ရုံးရည်ထက် နှလုံးရည်ကို ပိုမိုအားကိုးရသည်။ တတ်သိနားလည်သူများနှင့် များများတိုင်ပင်လျှင် ပိုမို၍ အကျိုးရလာဒ် များသည်။

၂၄: ပညာရှိစကားသည် နက်နဲ၍ ကြာရှည်ခံနိုင်ရည်ရှိသဖြင့် ဉာဏ်တိမ်သူများက နားလည်နိုင်စွမ်း မရှိကြ။ ပညာရှိသုခမိန်များ မြို့တံခါးဝတွင် ဆွေးနွေးတိုင်ပင်ကြသောအခါ လူမိုက်သည် ပါးစပ်အဟောင်းသား နေရသည်။ မြို့တံခါးဝဆိုသည်မှာ ရပ်ရေးရွာရေး၊ တိုင်းပြည်ရေးကိစ္စကို ဆိုလိုသည်။

၂၄: ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တလွဲအဓိပ္ပါယ်ဖွဲ့ဆိုခြင်း၊ ပုံစံအသစ်ပြုလုပ်ခြင်းသည် ဒုစရိုက်၏အရှင်သခင် ဖြစ်သည်။ အပြစ်ဒုစရိုက်နွံထဲသို့ ဆင်းသက်ခြင်း ဖြစ်သည်။ ယုံကြည်သူများကို မလေးစားခြင်း ဖြစ်သည်။ လူများ၏ မုန်းတီးခြင်းခံရမည်။

၂၄:၁၀ လူတဦး၏ သတ္တိ၊ ဗျတ္တိကို အခက်အခဲပြဿနာဖြင့် ဆန်းစစ်ရသည်။ အချို့သောသူများသည် ဒုက္ခပြဿနာကြုံတွေ့သောအခါ ကျရှုံးသွား၍ အချို့သည် အရည်အသွေး ပိုမိုတောက်ပြောင်လာကြမည်။

ခရစ်တော်ဘုရား၊ အကျွန်ုပ်ခြေလှမ်းကို မယိမ်းယိုင်နိုင်ငှာ၊

ပြင်ဆင်ကြံ့ခိုင်စေတော်မူပါ။

ခယောင်းတော်မှာ အထီးကျန်ငိုကြွေးခြင်း မရှိခြင်းငှာ

ခြေတော်ရာပြတော်မူပါ၊ အိုအရှင်၊

သွေးစက်ကျ၊ သံမှိုနှက်ခံရသည့်ခြေတော်

သခင်ယေရှု၊ ခြေတော်မြင်ပါရစေ

ကိုယ်တော်အား ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ပါရစေ၊

အကျွန်ုပ်၏ခြေ၊ အကျွန်ုပ်၏လက် သုံးတော်မူပါ၊

ကိုယ်တော်ရှင်။

Amy Carmichael          ​

၂၄:၁၁၁၂ ယနေ့ခေတ်ကာလတွင် အပြစ်မရှိသောလူသားများ ဓါးစာခံအဖြစ်၎င်း လောကဒုစရိုက်၏ သားကောင်းအဖြစ်၎င်း အသတ်ခံနေကြရသည်။    ဓါတ်ငွေ့လွှတ်သတ်ခြင်း၊ အဆိပ်ငွေ့ဗုံးဖြင့် သေစေခြင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့် အသက်သေကြရသည်။ ဆေးရုံ၊ ဆေးခန်းများတွင် ကိုယ်ဝန်ဖျက်ချကြသည်။ ထိုအမှုအရာများကို မသိကျိုးနွံဆောင်လျက် လက်မရုတ်နှင့်။ ထိုသို့မသိကျိုးနွံပြုခြင်း၊ မသိချင်ယောင်ဆောင်ခြင်း ကူညီထိုက်သူကို မကူညီခြင်းသည် အပြစ်ဖြစ်သည်။ Dante က “စိတ်သဘောထား ဆိုးသွမ်းမိုက်ရိုင်းသူများအတွက် ငရဲပြည်၏အပူဆုံးသောမီးပုံ အသင့်ပြင်ဆင်ထားသည်” ဟု ဆိုသည်။

ယနေ့ခေတ်ကာလတွင် ယုံကြည်သူများသည် သတင်းကောင်းဟောပြောရန် ပို၍တာဝန်ဝတ္တရား ရှိကြပါသည်။ ခရစ်တော်၏ သတင်းကောင်းစကား၊ ကယ်တင်ခြင်းတရားမသိလိုက်ဘဲ၊ လူပေါင်းများစွာ သေလွန်ကြသည်။ ထို့ကြောင့် ခရစ်တော်က “ယခုကာလမှစ၍ လေးလလွန်လျှင် စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်ကြသည်မဟုတ်လော။ ငါဆိုသည်ကား စပါးရိတ်ခြင်းအလို့ငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မျှော်၍ ကြည့်ကြလော့”(ယော ၄:၃၅)ဟု ဆိုသည်။ ကဲ၊ အသင် စာရှုသူ၊ မည်သို့ရှိစ။

ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပါ။

တနေဝင်၍ တနေသစ်ပြန်ပြီ၊

ဤအတိုင်း ဥပေက္ခာပြုရက်နိုင်မည်လား၊

ခရစ်တော်ဘုရား၊ ရိတ်သိမ်းဖို့လာနေပြီ။

Anna Shipton

၂၄:၁၃၁၄ ဤကျမ်းပိုဒ်တွင် ဉာဏ်ပညာကို ပျားရည်ဖြင့် ပုံနှိုင်းထားသည်။ ဉာဏ်ပညာနှင့် ပျားရည်နှစ်ခုစလုံးသည် ချိုမြိန်သည်။ အရသာပြည့်ဝသည်။ ဉာဏ်ပညာတည်းဟူသော ပျားရည်ကို မှီဝဲလျှင် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍ သင်သည် မျှော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုး ခံရလိမ့်မည်။ တနည်းအားဖြင့် ဉာဏ်ပညာရှိသူ၏ အနာဂတ်ဘဝခရီးလမ်းသည် အာမခံချက်ရသောကြောင့် မျှော်လင့်ချက်အတိုင်း အောင်မြင်ပြည့်စုံလာမည်။

၂၄:၁၅၁၆ မတရားသူများ၏ အကျင့်သဘောထားကို သတိပေးသည်။ ထိုသူများသည် ဖြောင့်မတ်မှန်ကန်သူများ၏ အိမ်တွင်းရေးကို ဖျက်ဆီးဖို့ ချောင်းမြောင်းကြသည်။ မနာလိုစိတ်ဖြင့် မုန်းတီးကြသည်။ ကျမ်းပိုဒ်ဒုတိယပိုင်းကို နားလည်ရခက်နိုငသည်။ မတရားသောသူက တရားသောသူ၏ စည်းစိမ်ချမ်းသာကို မကောင်းကြံစည်ခြင်းဟု နားလည်ခံယူနိုင်သည်။

ဖြောင့်မတ်မှန်ကန်သူသည် ဘဝခရီးတွင် ()ကြိမ် လဲကျသော်လည်း ပြန်လည်နလံထူသည်။ သို့သော် လူမိုက်လဲကျလျှင် ကြေမွပျက်စီးသွားသည်။ တခါတည်းလျှင် ကိစ္စတုံးသွားသည်။

၂၄:၁၇၁၈ စိတ်ကောင်းနှလုံးကောင်းရှိသောအခါ ဝမ်းမသာတတ်။ လက်ပိုက်ကြည့်မနေနိုင်။ သူတပါးဆင်းရဲဒုက္ခရောက်ခိုက် အားရဝမ်းသာသူသည် စိတ်သဘောထား ပျက်စီးချို့ယွင်းသူ ဖြစ်သည်။ လူစိတ်မရှိသူများ ဖြစ်သည်။ ထိုသူခံစားရခြင်းထက် ကြီးလေးသော အရေးယူအပြစ်ပေးခြင်း ခံရမည်။

၂၄:၁၉၂၀ မတရားသူများ ဒုစရိုက်သမားများကို မငြူစူဖို့ တဖန်ပေးထားသည်။ ဒုစရိုက်သမားများ၏ အလွယ်တကူရရှိသော ပစ္စည်းဥစ္စာများကို မမက်မောနှင့်၊ သဘောမကျနှင့်။ ရတတ်ကြပါဘိဟု မချီးမွမ်းနှင့်။ တရားတော်နှင့်မညီ၊ သမ္မာအာဇီဝဖြင့် ရရှိခြင်းမဟုတ်သောအရာများသည် အဆိပ်အတောက်ဖြစ်သည်။  ကောင်းကျိုးမပေးပါ။ အကျိုးမဖြစ်ထွန်းပါ။ တသွေးတမွေးမဖြစ်သည့်အပြင် ကျက်သရေမှေးမှိန်စေပါသည်။

၂၄:၂၁၂၂ ဤကျမ်းပိုဒ်တွင် အုပ်စိုးသူမင်းကိုလည်း ဘုရားသခင်ကဲ့သို့ ကြောက်ရွံရိုသေဖို့ သတိပေးထားသည်။ ဘုရားသခင်ကိုယ်စား စီရင်ခန့်အပ်ထားသော အုပ်စိုးသူမင်းကို ပုန်ကန်တော်လှန်ခြင်း၊ အန်တုခြင်းမပြုဖို့ကိုလည်း တားမြစ်ထားသည်။ ဘုရားသခင်နှင့်ရှင်ဘုရင်ကို ပုန်ကန်သူများသည် ချက်ချင်းလက်ငင်း အရေးယူခြင်း ခံရနိုင်သည်။ ဘေးဥပါဒ်အန္တရာယ်အသွယ်သွယ် ကြုံတွေ့နိုင်သည်။ မမျှော်မှန်းနိုင်သော ကံကြမ္မာဆိုး သက်ရောက်နိုင်သည်။

ယုံကြည်သူခရစ်ယာန်များသည် ဘုရားသခင်ကိုးကွယ်ခြင်းအား ထိပါးဟန့်တားသည့်ကိစ္စမှလွဲ၍ အုပ်စိုးသူမင်း၏ အုပ်ချုပ်မှုကို ဝန်ခံရမည်။ အကယ်၍ အုပ်စိုးသူမင်းက ဘုရားသခင်ကိုးကွယ်ရန် ဟန့်တားလျှင်လည်း ယဉ်ကျေးသိမ်မွေ့စွာ ငြင်းဆန်ရမည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ အုပ်စိုးသူမင်း တော်လှန်ပုန်ကန်သူများနှင့် မပေါင်းသင်းရ။ အားမပေးရ။ အလိုတူအလိုပါမပြုရ။

() အခြားအဆိုအမိန့်စကားများ (၂၄:၂၃၃၄)

          ၂၄:၂၃၂၆  ပညာရှိများနှင့်သက်ဆိုင်သော အခြားသုတ္တံစကားများကို အခန်းငယ် (၃၄)ခုဖြင့် ရှင်းပြထားသည်။

တရားစီရင်ရာတွင် အမှားအမှန်ဆုံးဖြတ်ရာ၌ မျက်နှာလိုက်ခြင်းကို ပြစ်တင်ရှုတ်ချထားသည်။ မရိုးမဖြောင့်သောစိတ်ထားဖြင့် အပြစ်ကျူးလွန်သူအား အပြစ်မှလွှတ်လျှင် ရပ်သူရွာသားများက ရွံရှာအော့အန်ကြမည်။ အပြစ်ရှိသူကို အပြစ်ရှိသည့်အတိုင်း မှန်ကန်စွာ အရေးယူခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့်ညီသည်။ ဖြောင့်မတ်စွာ တရားစီရင်သောနှုတ်ခမ်းသည် နမ်းချင်စဖွယ် ကောင်းပါသည်။

          ၂၄:၂၇ သစ်ပင်ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းပြီးမှ ထိုမြေကွက်လပ်တွင် အိမ်ဆောက်လေ့ရှိသည်။ ထိုကဲ့သို့ပင် အိမ်ထောင်ပြုလျှင် မျက်နှာမငယ်၊ ဘဝမပျက်ရအောင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရသည်။ ဤကျမ်းပိုဒ်က ကြိုတင်ပြင်ဆင်ခြင်းမရှိ၊ ဝိညာဉ်ရေးရာနှင့်မဆိုင်၊ ငွေကြေးဥစ္စာပြင်ဆင်ခြင်းမရှိဘဲ၊ ဖြစ်ကတတ်ဆန်း အိမ်ထောင်ပြုခြင်းကို သတိပေးထားသည်။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရဟူသောစကားသည် စကားအဖြစ် တင်စားခြင်းသာ ဖြစ်သည်။

၂၄:၂၈၂၉ လုံလောက်သောအကျိုးအကြောင်း ခိုင်လုံမှုမရှိဘဲ သက်သေမခံနှင့်။ သင့်အိမ်နီးနားချင်းများကို စွဲချက်မတင်နှင့်။ အကယ်၍ သင့်အိမ်နီးနားချင်းများက ပြစ်မှားလျှင်လည်း ရန်ကိုရန်ချင်းမတုံ့နှင်းနှင့်။ အဆိုးကိုအကောင်းဖြင့် အနိုင်ယူပါ။

၂၄:၃၀၃၄ ဒေသနာဆရာသည် လူပျင်း၏ လယ်ယာလုပ်နင်းခွင်တလျှောက်ကို လှည့်လည်ကြည့်ရှုသည်။ လယ်ယာတခွင်လုံး ဆူးပင် ပေါင်းပင် ပေါက်ရောက်သည်။ စားပင်တပင်မှမမြင်ရ။ ဆူးခြုံတောကလွှမ်းမိုးသည်။ ခြံစည်းရိုးကာရံထားသော အုတ်ရိုးများလည်း ဖရိုဖရဲပြိုလဲကြသည်။ သုတ္တံစကား၏ ရည်ရွယ်ချက်မှာ လူပျင်းတို့၏အကျင့် ရှုတ်ချခြင်း ဖြစ်သည်။ အညောင်းဆန့်ဦးမည်၊ တမှေးအနားယူဦးမည်၊ တရေးအိပ်ဦးမည်ဆိုသည့်အခိုက်တွင် ဆင်းရဲခြင်းသည် သူခိုးဓါးမြကဲ့သို့ ရောက်လာ၍ စည်းစိမ်များကို လုယူသွားလေ့ရှိသည်။

ဝိညာဉ်ရေးရာအသက်တာတွင်လည်း အပျင်းထူလျှင် ဇာတိအသွေးအသား (ဆူးခြုံတော)က လွှမ်းမိုးဝါးမြိုသွားမည်။ ဘုရားသခင်အတွက် အသီးအပွင့်ဖြစ်ထွန်းကြမည်မဟုတ်။ ဝိညာဉ်ခွန်အား (ခြံစည်းရိုး)များလည်း ပြိုလဲသွားမည်။ အေးတိအေးစက်နေခြင်းနှင့် ဖောက်ပြန်ခြင်းသည် ဝိညာဉ်ရေးရာ မွဲတေချွတ်ခြုံကျခြင်း ဖြစ်သည်။

Previous Article
Next Article