ဟေရှာယအနာဂတ္တိကျမ်း ၅၅

၆။  ကမ္ဘာဧဝံဂေလိဆရာကြီးမေရှိယ (၅၅:၁-၅၆:၈)

၅၅:၁ ဘုရားသခင်၏ ဝိညာဉ်တော်က ဣသရေလများ နေရင်းဒေသသို့ ပြန်လာဖို့ ဧဝံဂေလိ သတင်းစကားဖြင့် ပြန်လည်ဖိတ်ခေါ်သည်။  တချိန်တည်းတွင် ကမ္ဘာအနှံအပြားရှိ လူတိုင်းသို့လည်း  ဧဝံဂေလိ သတင်းပွဲ တော် တည်ခင်းပေးသည်။  ထိုပွဲတော် သို့လာဖို့ လူတိုင်းသိရှိဖို့လိုသည်။  ရေငတ်သူတိုင်း လာသောက်နိုင်သည်။  သောက်သုံးသူများပေးမည့် ကောင်းကြီးမင်္ဂလာများမှာ ရေတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်၊ စပျစ်ရည်တည်းဟူသော ပျော်ရွှင်ခြင်း၊ နို့ရည်တည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။  ထိုမင်္ဂလာများကို အခမဲ့ပေးမည်။  ပိုက်ဆံပေးစရာမလို ရေငတ်သူတိုင်းသောက်သုံးနိုင်သည်။

၅၅:၂-၅ ဣသရေလတို့သည် ဘုရားသခင်နှင့် အဆက်အသွယ်ရှိပါလျှက်၊ အားအင်အချည်းအနှီးကုန်ဆုံးကြသည်။  ဖြုန်းတီးကြသည်။  မှန်ကန်သောတင်းတိမ်ခြင်းနှင့် ပျော်ရွှင်ခြင်းသည် ဘုရားသခင်ထံတွင်သာ တွေ့နိုင်သည်။  အကယ်၍ ဣသရေလတို့ပြန်လာလျှင် ဒါဝိဒ်သို့ ပြုထားသည့် အစဉ်တည်မြဲမည့် ကတိတော်ကိုလည်းပြည့်စုံစေမည်။  (ဆာ ၈၉:၃-၄၊ ၂၈၊ ၂၉ ကိုကြည့်)။  ဤကောင်းကြီးမင်္ဂလာများကို ခရစ်တော်၌ ပြည့်စုံ၍ ခရစ်တော်ဘုရား အုပ်စိုးသည့်ကာလတွင် ပိုမိုထင်ရှားမည်။  တပါးအမျိုးသားများကိုလည်း နိုင်ငံတော်၏ အခွင့်အရေးမျှဝေခံစားကြမည်။  ထိုသို့ဖြင့် ဣသရေလလူမျိုးနှင့် တပါးအမျိုးသားများသည် နှစ်လွှာပေါင်းမှ တရွက်ပြည့်သော စွယ်တော်ရွက်ဘဝဖြစ်သွားမည်။

၅၅:၆-၇ ကောင်းကြီးမင်္ဂလာစီးဆင်းရာရေစီးကြောင်းသည် အပြစ်ဒုစရိုက်ကင်းစင်၍ ဘုရားသခင်ကို ရှာဖွေခြင်း မြေကြောလိုက်သည်။  ဘုရားရှင်ထံသို့ ပြန်လာသူတိုင်းသည် အပြစ်ခွင့်လွှတ်ခြင်းခံရသည်။  ကရုဏာတော်ကိုလည်း အပြည့်အဝခံစားရသည်။

၅၅:၈-၉ လူ၏တထွာတမိုက် အသိဉာဏ်ဖြင့်ဘုရားသခင်၏ အကြံအစည်တော်နှင့် နည်းလမ်းများမသိနိုင်။  ကိုယ်တော်ဘုရား၏ အပြုအမူနှင့် အကြံအစည်တော်သည် ပုထုဇဉ်လူသားများ မတွေးဆနိုင် လောက်အောင်မြင့်မားသည်။  ကယ်တင်ခြင်း ဧဝံဂေလိသတင်းစကားထက် ကောင်းမြတ်သောမင်္ဂလာသတင်းစကားမရှိ။  ဘုရားသခင်၏ကျေးဇူးတော် အားဖြင့်သာခံစားခွင့်ရသည်။  လူ့အစွမ်းအစဖြင့် မရနိုင်။  ထိုအကြောင်းကို အင်္ဂလိပ်ဆရာကြီး William Cowper က “ယုံကြည်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဤသို့ ရေးထားသည်။

ယုံကြည်ခြင်း

အို ကိစ္စများမြောင် လူတို့ဘောင်ကဲ့သို့မဟုတ်ပါ

ကောင်းကင်ပြည်သည် အနုပညာစံဖွဲ့မမှီ၊

သာယာပါ၏ တင့်တယ်၏

အတိုင်းအဆ၊ အနှိုင်းအဆမရှိ ကျေးဇူးတော်

ဆူကြုံနိမ့်ဖြင့်၊ မညီမျှမှုကင်းဝေးရာ

ပကာသနဂုဏ်ပြိုင် ကင်းစင်မြေ

ခုံးတံတားနယ် သပ္ပါယ်စွာအဝေးမှ မြင်နိုင်။

ရိုးစင်းလှပပုံ အံ့လောက်ရဲ့။

ကြယ်အလင်းများအထ်တွင် ကျက်သရေထိုး

ကြုံဘူးမှ ယုံကြည်မည်။  ယုံကြည်မှ စံရမည်။

အချိန်ရှိခိုက်၊ သင့်ဝိညာဉ်မြန်မြန်နိုးလော့။

ယုံကြည်ပါ၊ အသက်ရှင်ပါ။

၅၅:၁ဝ-၁၁ ဘုရားသခင်၏ နှုတ်ကပတ်တော်သည်အားမရ၊ အကျိုးဖြစ်လွန်းသော မိုးရေနှင့် နှင်းပွင့်ကဲ့သို့ဖြစ်သည်။  မည်သည့် စာတန်ကမှမတားဆီးနိုင်သကဲ့သို့ သူ့ရည်ရွယ်ချက်ကိုလည်း မဖယ် ရှားနိုင်။  ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘယ်သောအခါမှမပျက်။

ငါ၏နှုတ်ကပတ်တော်သည် အကျိုးမရှိဘဲ

ငါ့ထံသို့မပြန်ရ။  ငါ့အလိုကိုပြည့်စုံစေမည်။

ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။

သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့်

ထွက်၍ချမ်းသာစွာပို့ခြင်းကိုခံရကြမည်။

၅၅:၁၂-၁၃ ဘုရားသခင်ကို ရှာဖွေသောသူများသည် ဖမ်းဆီးခံရသောပြည်မှ လွတ်မြောက်၍ နေရပ်ဌာနေသို့ ဝမ်းမြောက်စွာပြည်တော်ပြန်ခွင့်ရကြမည်။  မွေးရပ်မြေသို့ငြိမ်သက်စွာ ခြေချခွင့်ရကြမည်။  ထိုသို့ပြည်တော်ပြန်ခွင့်ရကြသဖြင့် ကြားကြားသမျှ မြင်မြင်သမျှတို့သည်လည်းဝမ်းသာကြမည်။  မြေကြီးသည်လည်းကျိန်ခြင်း အမင်္ဂလာနှင့် ကင်းစင်လျက်အသီးအနှံဖွံ့ဖြိုးစည်ပြင်ဝပြောမည်။  ဆူးတော၊ ခယောင်းနေရာတွင် ထင်းရှူးပင်နှင့်မုရတုပင်များ ပေါက်လာမည်။  ထိုအဖြစ်အပျက်များသည် အနှစ်တစ်ထောင်ကာလတွင် သာယာချမ်းမြေ့စွာ ရှင်သန်ကြမည့်အကြောင်း ရှေ့ပြေးနိမိတ်လက္ခဏာများဖြစ်သည်။  ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော် အမှတ်လက္ခဏာ များ ဖြစ်သည်။

Previous Article
Next Article