ဧသတာဝတ္ထု ၃

၃။ ယုဒလူများသတ်ဖြတ်ညှင်းဆဲခြင်းစီမံကိန်း (အခန်း ၃၊၄)

(က) ဟာမန်ကရှင်ဘုရင်အား လျှောက်လဲခြင်း (အခန်း )

 :ထို့နောက်မှဟူသောစကားသည် အခန်း ၂နှင့် ၃အကြား (၅)နှစ်ကြာညောင်းခြင်းကို ဆိုလိုသည်။ အပိုဒ်ငယ် (၁)တွင် ဇာတ်လမ်းစနေပြီ။ သရုပ်ဆောင် ဧသတာနှင့် ဗိလိန်ဟမ္မေဒါသ၏သားဟာမန်တို့ပေါ်လာပြီ။ ထိုနေရာ ရာထူးဠာနန္တရသို့ ဟာမန်ပေါ်ထွန်းရောက်ရှိလာပုံကို မရှင်းပြသော်လည်း စာတန်၏ ကြိုးကိုင်မှုဖြစ်သည်မှာ သေချာသည်။ ဟာမန်သည် အာမလက်တော်ဝင် မျိုးရိုးနန်းနွယ်ဖြစ်သည်။ အာမလက်တို့၏ စစ်ပွဲဆင်နွဲပုံကို ထွ ၁၇:၈-၁၆ တွင်ရှင်းပြထားသည်။ ဧသတာဝတ္ထုသည် ထိုစစ်ပွဲကို အစပြန်ကောက်ထားသည်။ (၁ ရာ ၁၅:၃၂၊ ၃၀:၁-၁၀၊ ၅၇၄:၄၃ကိုလည်း ကြည့်ပါ)။

 : ဟာမန်သည် အာဏာရှိသူဖြစ်သောကြောင့် နန်းတွင်းသို့ဝင်သောအခါ တံခါးစောင့်များက အရိုအသေပေးကြရသည်။ သို့သော် မော်ဒကဲသည် ဘုရားသခင်မှလွဲ၍ မည်သူကိုမျှ ဦးချလေ့မရှိသော အာမလက်လူ ဟာမန်အား ဦးညွှတ်အရိုအသေမပေး။ မောရှေကျမ်းကလူလူချင်း အရိုအသေပေးဖို့ မတားမြစ်သော်လည်း ကိုးကွယ်ခြင်းကို တားမြစ်သည်။ အရှေ့တိုင်း သက်ဦးစံပိုင်များသည် ထိုသို့သော အရိုသေပြုခြင်းခံယူလေ့ရှိသည်။ မော်ဒကဲ၏ အနီးအနားရှိ လူများက မျက်ရိပ်မျက်ကဲ ပြကြသော်လည်း မော်ဒကဲသည်မဖြုံ။ ဦးညွတ်ရှိခိုးခြင်းမပြု။ မိမိကိုယ်ကို အထင်ကြီးလွန်းသူ မောက်မာသော ဟာမန်သည် အမျက်ဒေါသထွက်သည်။ ထို့ကြောင့် မော်ဒကဲတဦးတည်းသာမက တတိုင်းပြည်လုံးရှိ ယုဒလူများအား သတ်ဖြတ်ဝါးစားချင်သည်။ နိုင်ငံအဝှမ်းရှိ ယုဒလူဟူသမျှ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရန် စီမံကိန်းရေးဆွဲသည်။

 :၁၁ ဟာမန်၏ ပထမဦးဆုံး အစီအစဉ်မှာ ယုဒလူအုပ်ကြီးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မည့်နေ့ရက် ရွေးချယ်ခြင်းဖြစ်သည်။ ထိုနေ့ရက်ရွေးချယ်ရန် တနှစ်နီးပါးကြာသည်။ လူသည်မည်သို့ပင် ကြံစည်ကြိုးပမ်းစေကာမူ အထမြောက်ဖို့ရန် ဘုရားသခင်၏ ခွင့်ပြုချက်လိုသည်။ ” စာရေးတံတို့ကို စိတ်ထဲ၌ လောင်းလျက်ရှိရာတွင် ခွဲဝေစီရင်ခြင်းအမူကို ထာဝရဘုရားပိုင်တော်မူ၏” (သု ၁၆:၃၃)။ နောက်တဆင့်အဖြစ် ဟာမန်သည် ရှင်ဘုရင်ထံတော်သို့ ချဉ်းကပ်လုပ်ကြံ ဇာတ်လမ်းခင်းကြသည်။ နိုင်ငံတော်အတွင်းတွင် စိုးရိမ်စရာ အန္တရယ်သက်ရောက်နေကြောင်း သူ့အား ရှင်းလင်းခွင့်ပေးရန် ခွင့်တောင်းသည်။ မေဒိနှင့် ပါရှန်းတို့ထုံးတမ်းစဉ်လာအရ ရှင်ဘုရင်အမိန့်ကို ပြန်လည်ပြင်ဆင် ရုပ်သိမ်းခြင်းမရှိ။ အကယ်၍ ဘုရင်မင်းက ခွင့်ပြုအမိန့်တော်ချမှတ်လျှင် ဟာမန်ကိုယ်တိုင်က ဘုရင့်ဘဏ္ဍာတော်အဖြစ် ငွေအခွက် တစ်သိန်းသွင်းနိုင်မည်ဟု မက်လုံးတပ်ပေးလိုက်သည်။ ထိုရှင်ဘုရင်သည် ငွေအခွက်တစ်သိန်းအရိပ်က မျက်စိဖုံးသွားသည်။ သို့ဖြင့် အပြစ်ကင်းသော လူထောင်ပေါင်းများစွာသတ်ဖြတ်ဖို့ အမိန့်ပေးလိုက်သည်။ အမိန့်တော်အား ပိုမိုခိုင်မာစေရန် လက်စွပ်တော်ချွတ်ပေးလိုက်သည်။ ထိုငွေအကျပ်တစ်သိန်းသည် ဟာမန်သတ်ပစ်မည့်ယုဒလူများထံမှ သိမ်းဆည်းမည့်ငွေဖြစ်သည် (ငယ် ၁၁)။

 :၁၂၁၅ အပြစ်မဲ့သောလူသားများအား သတ်ပစ်မည့်အမိန့်ကို ဒွါဒသမသတ် တစ်ဆယ့်သုံးရက်နေ့တွင် ထုတ်ပြန်သည်။ အာရွှေရု၏ နန်းတော်ထဲတွင် အာရွှေရုနှင့်ဟာမန်သည် စားသောက်ပျော်ပါး မူးရူးနေကြသော်လည်း တိုင်းသူပြည်သားများသည် မျက်လုံးမျက်ဆံပြူး၍ သဲထိတ်ရင်ဖိုနေကြသည်။ ထိုအကြောင်းကို Irving Jensen ကဤသို့ဆိုသည်။

နောက်ဆုံးစာစုကို မှတ်သားစေချင်သည်။ “ရှင်ဘုရင်နှင့်ဟာမန်သည် စပျစ်ရည်သောက်ပွဲ၌ထိုင်၍ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ရောက်သည်။” ယုဒလူများသာမက ယုဒလူများနှင့် ဆက်နွယ်ပတ်သက်သူများလည်း စိုးရိမ်ကြသည်။ တတိုင်းပြည်လုံး စိတ်ဆင်းရဲကြသည်။ တခါတရံ ပြည်သူအများသည် မှားတတ်ကြသော်လည်း အမြဲတန်းမမှားနိုင်ကြ။ ယခု ဇာတ်လမ်းမူ ရှင်ဘုရင်နှင့် လက်ထောက်တော်၏ အသေးအဖွဲ့အမှားဖြစ်သော်လည်း ပြည်သူများဘဝပျက်ရသည်။ လူတိုင်းဘုရားတနေကြသည်။ လောကဘုရင်ကအမိန့်ထုတ်ပြန်သော်လည်း ထိုအမိန့်၏ နောက်ဆုံးအကျိုးသက်ရောက်မူသည် ဘုရားသခင်လက်ထဲတွင်ရှိသည်။

Previous Article
Next Article