ဆာလံကျမ်း ၈၄
ဆာ ၈၄၊ ကောင်းကင်ဘုံယံ လွမ်းဖျားနာ
အထွေအထူး အနက်ရှည်ရှည်ဖွင့်ပြစရာလိုမည်မထင်။ တိုင်းတပါးသို့ကျွန်ဘဝဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသော ဣသရေလလူများ၏ ယေရုရှလင်ဗိမာန်လွမ်းဆွတ်သတိရခြင်း ဝေဒနာအကြောင်း ဖြစ်သည်။
ယနေ့ခေတ်ကာလနှင့်လည်း တိုက်ဆိုင်သည်။ တချို့သော အာဏာရှင်နိုင်ငံများတွင် ဘုရား၀တ်ပြုခွင့် မရှိ။ ဘုရားရှိခိုးကျောင်းပိတ်သိမ်းကြသောကြောင့် ဘုရားမရှိခိုးနိုင်ကြ။ စိတ်နှလုံးထိခိုက်နာကျင်စွာဖြင့် ၀တ်ပြုကိုးကွယ်ခြင်းကို တမ်းတနေကြသည်။
သို့သော်လည်း သာဝကခရီးသည်ဘ၀ဖြင့် ဘဝတခုလုံးဆက်ကပ်အပ်နှံသူများ၏ ကောင်းကင်ဘုံယံ လွမ်းဝေဒနာအဖြစ်ခံယူလျှင် အဓိပ္ပါယ်ပြည့်၀ဆုံးဖြစ်ပေမည်။ ဆာလံဆရာ၏ခံစားချက်ကို မျှဝေကြည့် ကြရအောင်။
၈၄:၁–၂။ ဘုရားသခင်၏ ဌါနတော်ချစ်စဖွယ်ကောင်းကြောင်းကို မည်သည့်အရာနှင့်ယှဉ်ရပါ့။ တုနှိုင်းဘွယ်ရာ မရှိလှပါဘိ၊ ပြိုင်စံရှားကျက်သရေတင့်တယ်ပါ၏။ သေချာကြည့်ကြရအောင်။ ထိုနေရာကို မှန်းဆရ လွယ်ကူအောင် လူနေသည့်နေရာပုံစံဖြင့် ပုံဖော်ထားသည်။ ဆာလံဆရာက “ကိုယ်တော်ကျိန်း၀ပ်ရာ ဌါနတော်သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်”ဟု ဆိုသည်။ ထိုနေရာတွင် ဘုရားသခင်နှင့် နှစ်ကိုယ်တူစံချင်သည်။ ထိုမျှသာမက “….အကျွန်ုပ်နှလုံးနှင့်ခန္ဓာကိုယ်သည်အသက်ရှင်တော်မူသော ဘုရားရှင်ကို အလိုရှိ၍ ကြွေးကြော်ကြပါ၏”ဟု ထပ်ဆိုသည်။
၈၄:၃။ သာဝကခရီးသည်က သူ့ကိုသူ စာငှက်ဇရက်ကဲ့သို့ တင်စားသည်။ အခြားဆာလံကျမ်းများတွင်မူ စာကလေးကို အထီးကျန်အဖော်မဲ့ခြင်း အထိမ်းအမှတ်အဖြစ်သုံးသည်။ “….အိမ်ခေါင်မိုးပေါ်မှ အဖေါ်မဲ့ စာကလေးသို့နှယ်” (ဆာ ၁၀၂:၇)။ ဇရက်မူကား အငြိမ်မနေ။ တနေရာမှတနေရာလူးလာပျံသန်းသော သတ္တဝါအဖြစ် သဘောထားသည်။ ဘုရားသခင်၏လူများသည် ထိုငှက်ငယ်များသို့နှယ် ကန္တာရတောထဲတွင် အထီးကျန်လိုက်၊ အငြိမ်မနေ ရုန်းကန်လှုပ်ရှားလိုက် ရှိနေကြသည်။ ဘေးကင်းလုံခြုံစွာ ခိုနားနိုင်သော နေရာသည် တနေရာတည်းသာရှိ၍ ထိုနေရာသည် ဘုရားသခင်၏ ရင်ခွင်တော်ဖြစ်သည်။ ပလ္လင်တော် နားသည် လုံခြုံချမ်းမြေ့ပါသည်။
ဗိမာန်တော်နှင့် တဲတော်တို့တွင် ယဇ်ပလ္လင်နှစ်ခုစီ ရှိပါသည်။ တခုသည် ကြေးပလ္လင်တော်ဖြစ်၍ အခြားတခုသည် ရွှေပလ္လင်တော်ဖြစ်သည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို နိမိတ်ဆောင်ပါသည်။ တနေရာတည်းတွင် ရှိနေကြခြင်းမှာ ခရစ်တော်၏ပြီးပြည့်စုံသောအမှုတော်ကို အဓိပ္ပါယ်ဖေါ်ဆောင်သည်။ ဇရက်ငှက်ခိုနားခြင်းသည် စိတ်ဝိညာဉ်တည်ငြိမ်ခြင်းအဓိပ္ပါယ်ရ၍ သားသမီးများလည်းခိုနားနိုင်သည်။ “ယေရှုခရစ်တော်ကိုယုံကြည်လျှင် သင်နှင့်တကွအိမ်ထောင်မိသားစုအားလုံး ကယ်တင်ခြင်းရရှိကြမည်”(တ ၁၆:၃)။
၈၄:၄။ ပြည်ပရောက်ကျေးကျွန်များက ဤသို့ဆိုနိုင်ကြသည်မှာ မနာလိုဘွယ်ရာကောင်းသည်။ အဘယ်သို့ ဆိုကြသနည်း။ “ရွှေအိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိကြ၏။ ကိုယ်တော်ကို အစဉ် ချီးမွမ်းကြပါလိမ့်မည်”။ မိမိတို့မိသားစု၀င်ထဲ တစုံတဦးသည် ဘုရားသခင်၏အိမ်တော်သို့သွားလျှင် မည်သို့ ခံစားရမည်နည်း။ ၀မ်းနည်းရမည်လား၊ ၀မ်းသာရမည်လား။ ကျန်ရစ်သူမိသားစုများအတွက် လာဘ်ဆုံးခြင်း ဖြစ်သည်။ သာ၍ကောင်းမွန်သော နေရာသို့ သွားခြင်းဖြစ်သည်။
၈၄:၅။ ကောင်းကင်နိုင်ငံခရီး လျှောက်လှမ်းသူများသည် မင်္ဂလာကျက်သရေရှိသူများဖြစ်ကြောင်း ငယ် ၅-၇တွင် ဆိုထားပါသည်။ အတွေ့အကြုံအမျိုးစုံကြုံတွေ့ကြရသည်။ ပထမသိရှိထားသည့်အချက် ခွန်အား အရင်းအမြစ်ပိုင်ရှင်သည် လူများမဟုတ်။ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်ထံတော်၌ရှိနေကြသောကြောင့် ဘုရားသခင်၏ခွန်အားဖြင့် အားကောင်းမောင်းသန် ဖြစ်ကြသည် (ဧ ၆:၁၀)။ စိတ်နှလုံးသည်လည်း ဇိအုန်အဝေးပြေးလမ်းမှန်သမျှ ကျယ်ပြောကြသည်။ လူ့လောက ကမ္ဘာမြေသည် သူတို့အိမ်ယာမဟုတ်။ လူ့လောကမှာ နေထိုင်ကြသော်လည်း မပိုင်ဆိုင်ကြ။ စိတ်နှလုံးသည် သာ၀ကခရီးသည် စိတ်ထားရှိကြသည်။
၈၄:၆–၇။ တတိယအတွေ့အကြုံမှာ ငိုကြွေးခြင်းချိုင့်ဝှမ်းကို ဖြတ်သန်းကြသည်။ ဗာကာလွင်ပြင်ဆိုသည်မှာ စမ်းရေထွက်တွေ့ရှိခြင်းကို တင်စားသည်။ ၀မ်းနည်းခြင်းကန္တာရနှင့် မြက်ရေသက်တန့်ရောင်စဉ်အကြားတွင် စမ်းရေထွက်တွေ့ရှိသောအခါ ပျော်ရွှင်၀မ်းသာကြမည်ဖြစ်ခြင်း။ ဆင်းရဲဒုက္ခပြဿနာတောမှ အောင်ပန်း၊ ဘေးဆိုးကံကြမ္မာဆိုးကြားမှ အောင်မြင်ခြင်းကျောက်တိုင် စိုက်ထူသည်။ ထိုသို့အောင်ပွဲဆင်ကြသည့် ၀မ်းသာပုံကို “အရင်မိုးရေလည်းမင်္ဂလာများစွာနှင့်လွှမ်းစေပါ၏”ဟု ဆိုသည်။ သမ္မာကျမ်းစာတွင် များသောအားဖြင့် မိုးရေကို သန့်ရှင်းဝိညာဉ်တော်အဖြစ် တင်စားလေ့ရှိသည်။ ဤကျမ်းပိုဒ်တွင် အားအင် ပြည့်ဖြိုးခြင်း၊ ရေတွင်းရေကန်ပြည့်လျှံ၍ ခရီးဝေးမောပန်းနွမ်းလျသူများ အမောဖြေရာအဖြစ် သုံးနှုန်းထားသည်။ ရေကို ဘုရားသခင်၏စကားတော်(ဧ ၅:၂၆ကိုကြည့်) အဖြစ်လည်း သုံးသည်။ ရေကိုသောက်သုံးကြသဖြင့် အားအင်ရွှင်လန်း၍ ခရီးဆက်နှင်နိုင်ကြသည်။ မောပန်းနွမ်းလျခြင်းမရှိဘဲ၊ အမောပြေကြသည်။ ရှေ့ဆက်သွားနိုင်ကြသည်။ ကိုယ်လက်ပင်ပန်းသော်လည်း စိတ်ဓါတ်ထကြွနေကြသဖြင့် မောသည်ပန်းသည်ဟုမထင်။ နေ့စဉ်ခရီးဆက်နိုင်ကြသည် (၂ကော ၄:၁၆)။ မှတ်သားဘွယ်ရာ စကားလာပြန်ပြီ။ ဇိအုန်မြို့ရှိ ဘုရားသခင့်ထံတော်သို့မျက်နှာပြကြ၏။ ထိုစကားနှင့်ပတ်သတ်၍ မေးမြန်းစရာ မရှိနိုင်။ ကန္တာတောလမ်းတလျှောက် ပင်ပန်းနွမ်းနယ်ခဲ့ရသမျှ မျက်နှာတော်ဖူးမြင်ကြရသည့်အခါအားအင် ပြည့်ဖြိုးရွှင်လန်းကြမည်။
၈၄:၈။ ဆာလံဆရာက ဆုတောင်းဖို့ အားလပ်ချိန်ယူလိုက်သည်။ ပထမတွင် ထာဝရဘုရားသခင်ဟု တိုင်တည်သည်။ နောက်တခါတွင်ယာကုပ်၏ဘုရားဟု ထပ်ဆိုသည်။ ထာ၀ရဘုရားသခင်ဟုဆိုသောအခါ ဝေနေယျသတ္တဝါမက ကောင်းကင်တမန်များ၏ အရှင်သခင်ဟုလည်း အနက်ရသည်။ ယာကုပ်၏ဘုရားဟု ဆိုသောအခါ လိမ်လည်လှည့်ဖျားကောက်စားတတ်သော လူမိုက်လူ့ဗာလတို့၏ဘုရားဟု အဓိပ္ပါယ်ရသည်။ စဉ်းစာကြည့်စမ်း။ ယာကုပ်ကဲ့သို့သော အညတြတီကောင် ဘုရားထံတွင် မရေမတွက်နိုင်သော ကောင်းကင်တမန်များ ခစားကြသည်။ ထိုဘုရားသခင်သည် မြင့်မြတ်ထွဋ်ခေါင်ဖျားမှာ ရှိသည်။ ထိုအထံတော်သို့ အသင်စာရှုသူနှင့် စာရေးသူတို့ရောက်ရှိစိုးစံကြရမည်။ အထံတော်တွင် ခစားကြရမည်။
၈၄:၉။ ထိုနေရာတွင် မည်သည့်ဂုဏ်ဒြပ်ရရှိကြမည်နည်း။ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရားကြည့်ရှုတော်မူပါ။ အကျွန်ုပ်၏ပဌနာစကားကို မှတ်တော်မူပါ။ သခင်ယေရှု၏ပြီးပြည့်စုံသောအမှုတော်ကြောင့်သာလျှင် ဘုရားရှင်ကလက်ခံခြင်းဖြစ်သည်။ ဖူးမျှော်ခွင့်ရကြသည်။
ဘုရားရှင်က ကယ်တင်ရှင်သခင်ကို မြင်ပြီးမှ အကျွန်ုပ်ကို ထိုးဖောက်တွေ့မြင်ပါသည်။
အချစ်ဆုံးသားတော်ကြောင့် လက်ခံ၍လွတ်လပ်ခွင့်ပေးသည်။
၈၄:၁၀။ ကောင်းကင်ဘုံယံသည် မည်သည့်အရာနှင့်တူပါသနည်း။ မည်သို့ပြုမူနေထိုင်ကြမည်နည်း။ အထံတော်၌ တရက်နေရခြင်းသည် အခြားပြင်ပအရပ်၌ ရက်ပေါင်းတထောင်နေရခြင်းထက်သာ၍ မြတ်သည်။ တနည်းအားဖြင့် ဘုရားသခင့်ထံတော်၌ နေရခြင်းသည် တုနှိုင်စရာမရှိ။ သာမန်နားလည်အောင် ပြောရလျှင် သခင်ယေရှု၏ဘုန်းတန်ခိုး၊ ကျက်သရေ၊ပျော်ရွှင်ခြင်း၊ လွတ်ပလခြင်းမျိုး ခံစားကြရမည်။ လူတို့မခံစား မစံစားဘူးသောဇိမ်ဖြစ်သည်။ တနည်းအားဖြင့် လူ့ဘုံလောကမှ ပျော်ရွှင်သာယာမှုသည် အပရိကဖြစ်သည်။
မတရားသောသူများ၏ တောင်နန်းစံရခြင်းထက် ဘုရားသခင်၏ အိမ်တော်၌ တံခါးစောင့် လုပ်ရခြင်းသည် ပိုကောင်း၏။ ဆရာကြီး Spurgeon က “ဘုရားသခင်၏ အညံ့ဆုံးသည် နတ်ဆိုး၏ အကောင်းဆုံးထက် ပိုမြတ်သည်” ဟုဆိုသည်။ ကောင်းသည်သာမက ရေရှည်လည်းခံသည်။ ဘုရားသခင်၏ အိမ်တော်နှင့် မတရားသူ၏အိမ်သည် ဆန့်ကျင်ဘက်ဖြစ်သည်။ တခုသည်နိစ္စထာဝရတည်တံ့၍ အခြားတခုသည် မျက်စိတမှိတ် လျှပ်တပြတ်သာခံသည်။
၈၄:၁၁။ ဘုရားသခင်သည် နေဖြစ်တောမူသည့်အတိုင်း အမှောင်ထုကို ဖေါက်ထွင်း၍ အလင်းပေးသည်။ အကွယ်အကာဖြစ်တော်မူ သည့်အတိုင်း ဘ၀လမ်းခရီးတလျှောက် အနှောင့်အရှက်ဘေးရန်များကို ကွယ်ကာသည်။ ခရီးတလျှောက်လိုအပ်ချက်များကို ကျေးဇူးပြုသည်။ ခရီးအဆုံးတွင်လည်း ဘုန်းကျက်သရေ ချီမြှင့်ဦးမည်။ ခရီးဦးကြိုပြု၍ ထာ၀ရအိမ်တော်သို့ပို့ဆောင်မည်။ သာ၀ကခရီးသည် လျှောက်လှမ်းရခိုက် ကယ်တင်ခြင်းအာမခံချက် ရရှိထားသောကြောင့် ဖြောင့်မတ်စွာကျင့်သူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ အကျွန်ုပ်တို့အတွက်ကောင်းသဖြင့်ချီးမြှင့်၍၊ အကယ်၍မကောင်းလျှင်ဖယ်ရှားပေးမည်။ “မိမိသားတော်ရင်းကို မနှမြောဘဲ၊ငါတို့ရှိသမျှအဘို့အလို့ငှါ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲအဘယ်သို့နေတော်မူမည်နည်း” (ရော ၈:၃၂)။
၈၄:၁၂။ ဤသို့ဖြင့်ဆာလံဆရာသည် အသည်းလှိုက်အူလှိုက်ဖြင့် ဘုရားရှင်အားထောမနာပြုသည်။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား၊ ကိုယ်တော်၌ ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏”။ စာရေးသူ ကလည်း ထပ်တူထပ်မျှ စကားဆိုပါသည်။ ကိုယ်တော်ဘုရား၊ ကိုယ်တော်ကို သိကျွမ်းရသော ခရစ်ယာန် တစ်ယောက်ဖြစ်ခွင့်ရသောကြောင့် ထာ၀ရ ကျေးဇူးတင်ပါသည်။