ဆာလံကျမ်း ၇၈
ဆာ ၇၈: လူ့သမိုင်းကြောင်းမှပုံဥပမာများ
ဘုရားသခင်၏ ကျေးဇူးတော်နည်းလမ်းနှင့် ဣသရေလတို့၏ ပေကပ်ကပ်အကြောင်းကို သရုပ်ဖေါ် ထားသည်။ ဣသရေလတို့၏ ဂန္တဝင်တေးကဗျာများအနက် တပုဒ်ဖြစ်သည်။ အတိတ်သင်ခန်းစာများကို မပစ်ပယ်ဘဲ၊ စွဲမှတ်ထားဖို့ သွန်သင်ပါသည်။
အတိတ်သင်ခန်းစာယူဖို့ ဆာလံဆရာက ဖိတ်ခေါ်ခြင်း (၇၈:၁–၄)
ဆာလံဆရာက သူ့လူများအား ဂရုစိုက်နားထောင်ဖို့ ဖိတ်ခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ပုံဥပမာများဖြင့် အလေးအနက်ရှင်းပြမည်ဖြစ်၍ အလေးအနက်ထားစေချင်သည်။ ရှေးကာလ နက်နဲသော ပညာများကို မသိခဲ့ကြ။ ဘိုးဘေးများသည် သမိုင်းတံခွန်ထူခဲ့ကြသကဲ့သို့ နောင်လာနောင်သား များသည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို မမေ့မလျော့ ရေတွက်ကြဖို့သွန်သင်ထားပါသည်။
ဘုရားသခင်၏ ကျေးဇူးတော်သည် ပေးကမ်းခြင်းကို ရည်ရွယ်သည် (၇၈:၅–၈)
အာသပ်က ပညတ်တရားဖြင့် ယှဉ်၍ ပုံဥပမာပေးရှင်းပြသည်။ ဘုရားရှင်က ဣသရေလလူမျိုးအား သားစဉ်မြေးဆက် လိုက်နာကြရန် ဓမ္မသတ်များပြဌာန်းသည်။ ဘုရားသခင်၏ အလိုတော်ကို (၄)မျိုး တွေ့ရသည်။
-သူ့လူများက ဘုရားသခင်ကိုသာ မျှော်လင့်ချက် ထားရှိရမည်။
-ဘုရားရှင်ပြုတော်မူခဲ့သော အမှုတော်များကို မမေ့ရ
-နာခံခြင်းရှိရမည်။
-အတိတ်သင်ခန်းစာများကို ယူပြီးသကာလ၊ နောင်တွင် ပုန်ကန်ခြားနားခြင်းမပြုရ။
သူ့လူများ၏ မနာခံမှု၊ ပုန်ကန်မှုဣနှင့်ကျဆင်းမှု (၇၈:၉–၁၁)
မည်သို့ဖြစ်ခဲ့ကြသနည်း။ ဧဖရိမ်မျိုးနွယ်စုတို့၏ ဦးဆောင်မှုအောက်၌ ဘုရားသခင်ကို သစ္စာပျက်ကြသည်။ လေးမြားဆွဲကိုင်ကြသော်လည်း ရှေ့သို့မတက်။ နောက်လှည့်ကြသည်။ တိုက်ပွဲတွင် နောက်ပြန်ပြေးကြသည်။ ထိုစကားမှာဒေ့ဗာနာလွင်ပြင်မှ သူလျှိုများစေလွှတ်ရာတွင် သူလျှိုများ၏ မကောင်းမြင်သတင်းပေးပို့ခြင်းကို ထောက်ပြသည်။ ခါနာန်သားများအား အပြီးအပိုင် မောင်းထုတ်ခြင်း မပြုဝံ့ကြသည်ကိုလည်း ထောက်ပြခြင်းဖြစ်နိုင်သည်။ ဣသရေလတို့၏ အမူအကျင့်ကို ယေဘုယျခြုံငုံ၍ ပြောဆိုခြင်းလည်းဖြစ်နိုင်သည်။ ဘုရားပေးဂတိတော်ကို အလီလီအကြိမ်ကြိမ် ဖောက်ဖျက်ကြသည်။ ဣသရေလလူမျိုးအပေါ်သို့ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်များကို ခွေးမြီးကောက်ခြေထောက်စွပ် မေ့လျော့ ကြသည်။
အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာသည့်ကျေးဇူးတော်မေ့လျော့ကြသည် (၇၈:၁၂–၁၄)
အဲဂုတ္တုပြည်ကို မေ့လျော့နေကြသည်။ ဇောနအရပ်တွင် အလုပ်ကြမ်းအလုပ်သမား လုပ်ခဲ့ကြပုံများကို သတိမရကြ။ ထိုကျေးကျွန်ဘ၀မှ ဘုရားရှင်က ခေါ်ထုတ်ခဲ့သည်။ ပင်လယ်နီဖြတ်သန်းခဲ့ကြပုံကို မေ့နိုင်ကြ သလား။ ပင်လယ်ရေပြင်ကို နှစ်ခြမ်းခွဲ၍ ကုန်းခေါင်ခေါင်ပေါ်တွင် သွားနိုင်အောင် မည်သူလုပ်ပေး နိုင်သနည်း။ နေ့အချိန်တွင် အိမ်သလ္လာဖြင့် အရိပ်အုပ်မိုး၍ ညဉ့်အချိန်တွင် အရှေ့မှ အလင်းရောင်ဖြင့် မီးမောင်းထိုးပြ ဦးဆောင်လမ်းပြခဲ့သည်။
ကန္တာရတောတွင် ရေငတ်ကြစဉ် အံ့ဘွယ်ရေပေးခဲ့သည်ကို မေ့လျှော့ကြသလား (၇၈:၁၅–၁၆)
ကန္တာရတောတောင်ထဲမှာ လျှာထွက်ရေငတ်ခဲ့ကြစဉ် ဘုရားရှင်က ကျောက်ဆောင်မှ ရေပန်း ထွက်စေ၍ ရေတိုက်ခဲ့ပုံကို လွယ်လင့်တကူမေ့လျော့ပစ်ခဲ့ကြလေသလား။ ရေငတ်ကြစဉ်ကျောက်ဆောင်မှ ရေပန်းထွက်စေခဲ့သည်။ သဲတော်မှာ မြစ်ရေစီးဆင်းစေခဲ့သည်။
ပေါင်မုန့်နှင့်အသား ဆာငတ်မွတ်သိပ်ကြစဉ် ၀လင်စွာ ကျွေးခဲ့သည် (၇၈:၁၇–၂၂)
ဘုရားရှင်က အစားအသောက်လိုလေသေးမရှိ စီစဉ်ပေးသည်။ သို့သော် အမြင့်ဆုံးသော ဘုရားရှင်ကို တဖန်တောင်းဆိုကြသည်။ ကန္တာရတော်မှာ ဆင်းရဲငတ်ပြတ်သေကြေအောင် ခေါ် ဆောင်ရလေသလားဟု ဘုရားရှင်ကို စောဒကတက်ကြသည်။ ဘုရားရှင်၏ကျွေးမွေးထောက်ပံ့မူကို သံသယရှိကြသည်။ အမှန်မှာ ရေဆာငတ်မွတ်ကြတုန်း၊ ဘုရားရှင်က ကျွေးမွေးခဲ့သည်။ မုန့်နှင့်အမဲသားကျွေးနိုင်ပါသလားဟု စောဒက တက်ကြသည်။
ထိုမျှကျွေးမွေးထောက်ပံ့ခဲ့သော်လည်း သူ့လူများက ဘုရားသခင်ကို အယုံအကြည်မရှိကြ။ ဘုရားခင်၏ ကယ်တင်ခဲ့ပုံ တန်ခိုးများကို မကိုးစားကြ။ ဣသရေလလူတို့၏ ခေါင်းမာပုံ၊ ပုန်ကန်ဆန့်ကျင်ပုံသည် ဘုရားရှင်တော် အမျက်ဒေါသ ထွက်စရာဖြစ်သည်။
မန္နမုန့်ကျွေးမွေးခဲ့သည်။ (၇၈:၂၃–၂၅)
မုန့်စားချင်ကြသည်။ ကန္တာရတောတွင် စျေးဆိုင်မရှိ။ မုန့်ပဲသရေစာ၀ယ်ခြမ်းစရာမရှိ။ သို့ကြောင့် ဘုရားရှင်က ကောင်းကင်တံခါးပေါက်များကို ဖွင့်လှစ်ပြီး မန္နမုန့်များ အလျှံအပယ် ရွာချစေသည်။ စားနေကြ မုန့်များထက်အရသာ ပိုကောင်းသည်။ ကောင်းကင်တမန်များ၏အစာ ကောင်းကင်မုန့်ဖြစ်သောကြောင့် လူ့လောကမုန့်ထက် သာလွန်သည်။
ငုံးသားကျွေးမွေးခြင်း (၇၈:၂၆–၃၁)
မုန့်သာမက အသားစားချင်ကြပြန်သည်။ ကန္တာရတောထဲတွင် အဘယ်မှာအမဲသားဆိုင်ရှိမည်နည်း။ ဘုရားရှင်က ငတ်ကြီးတို့ပြဿနာ ဖြေရှင်းပေးသည်။ အရှေ့လေ တဟုန်ထိုးတိုက်ခတ်စေ၍ ပျံသန်းနေသော ငုံးအုပ်ကြီးကို ဣသရေလလူအုပ်ကြီးထဲသို့ ကျစေသည်။ စင်စစ်တွင် ထိုငုံးငှက်များသည် ထိုအရပ်ဒေသတွင် ကျင်လည် ကျက်စားသော ငှက်မျိုးမဟုတ်၊ ဝေးလံသောအရပ်မှရောက်လာသည်။ သို့ဖြင့် ဣသရေလူများသည် အခကြေးငွေပေး၀ယ်စရာ မလိုဘဲ၊ တ၀တပြဲ ငုံးသားစားကြရသည်။
သို့သော်စားလေသောက်လေ ငတ်မပြေ အိုတစ္ဆေဖြစ်ကြသောကြောင့် ဘုရားသခင်အမျက်ဒေါသ ထွက်သည်။ ပုလိပ်ရောဂါထစေပြီး လူများသေကြေပျက်စီးစေသည်။
အပြစ်ဆက်မှားကြသော်လည်း ကရုဏာတော် မပျက် (၇၈:၃၂–၃၉)
ဘုရားသခင်၏ ဂရုစိုက်မှု မေတ္တာတော်ခံစားကြရသော်လည်း ယုံကြည်စွဲမှတ်ခြင်းမပြုကြသေး။ ဘုရားသခင်သည် ဣသရေလလူများအား မကျေနပ်။ အံ့ဘွယ်လက္ခဏာအမျိုးမျိုးပြသော်လည်း ခေါင်းမာနေကြဆဲ။ သို့ဖြင့် ဘုရားသခင်သည် ဣသရေလလူမျိုးအား အနာရောဂါကျစေလိုက်၊ ကာလနာဖြစ်စေလိုက်ဖြင့် အမျိုးမျိုးဆုံးမသည်။ ထိုသို့ဘေးရန်သင့်နာကျင်ကြသောအခါ မျက်စိပွင့်၍ ဘုရားသခင်ဘက် လှည့်သွားကြသော်လည်း ခွေးရှုးကောင်းတမွန်းတည့်သာခံကြသည်။ မကြာမီ ဒုံရင်းဒုံရင်းသို့ ပြန်ရောက်လာသည်။ အဲဂုတ္တုပြည်ကျေးကျွန်ဘ၀ ပြန်ရောက်ချင်ကြသည်။ နာခံခြင်းမရှိ။ လိမ်လည်လှည့်ဖျားကြသည်။
ဘုရားသခင်၏ ကရုဏာတော်သည် ကြီးမားရသည်ကား မည်မျှပင် ဆိုးသွန်းကြစေကာမူ ပစ်ပယ်မထား။ ဣသရေလတို့၏ ဖောက်ပြန်မှုကို မေ့လျော့သည်။ ရိုင်းစိုင်းမှုကိုသက်ညှာသည်။ ပုထုဇဉ်လူသားတွေ၊ အမိုက်အမဲတွေကိုးဟု သဘောထားကြီးသည်။ ယနေ့ဆိုးသွမ်းကြပေမယ့် မနက်ဖြန်ကောင်းလာကြမည်ဟု လာနှိုးငယ်မျှော် စောင့်ကြည့်သည်။
ဘုရားရှင်ပုန်ကန်ဆန့်ကျင်ကြခြင်း (၇၈:၄၀–၄၁)
ဆာလံဆရာက အတိတ်က လွမ်းမောဖွယ်ရာဇတ်လမ်းတစ်စုံကို ပြန်ခင်းပြသည်။ (ငယ် ၄၀-၅၈)။ ထိုဇတ်လမ်းထဲတွင် ကိုယ်တိုင်ဝင်ရောက်ခံစားကြည့်လျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ပိုမိုခံစား နိုင်ပေမည်။
ဣသရေလတို့ ပုန်ကန်ခြားနားသောကြောင့် ဘုရားသခင်၏စိတ်တော်နာကျင်စေကြသည်။ ဘုရားသခင်ကို ထပ်ခါတလဲလဲ စုံစမ်းကြပြီ။ စိတ်တော်ထိခိုက်စေသည်။
အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာပုံကို မေ့လျှော့ကြပြီ (၇၈:၄၂–၅၃)
၇၈:၄၂။ ဘုရားသခင်၏ ခွန်အားဗလကြီးမားပုံ၊ အဲဂုတ္တုကျေးကျွန်ဘဝမှ ခေါ်ထုတ်လာပုံများကို မေ့လျော့ကြပြီ။ ရန်သူ့လက်ထဲမှ ကယ်တင်လာပုံကိုမေ့ရက်နိုင်ကြသည်။ လူ့သမိုင်းတလျှောက်မှာ အဲဂုတ္တုကျွန်ဘဝမှ ကယ်ထုတ်ပုံသည် အံ့မခန်းလိလိ ပုံပြင်ဒဏ္ဍာရီသဖွယ်ရှိသည်။ မမေ့ရက်နိုင်စရာ သမိုင်းမှတ်တမ်းဖြစ်သည်။
၇၈:၄၃ အပိုဒ်ငယ် ၄၃-၅၃သည် အဲဂုတ္တုပြည်တွင် ဆင်းရဲဒုက္ခရောက်ခဲ့ကြပုံ၊ ကပ်ရောဂါ(၆) မျိုးကျရောက်ပုံကို ပြန်လည်မီးမောင်းထိုးပြသသည်။
ပထမကပ်ရောဂါ -မြစ်ရေများ သွေးဖြစ်သွားကြသည် (ငယ် ၄၄)
စတုတ္ထကပ်ရောဂါ -ယင်ကောင်များ (ငယ် ၄၅က)
ဒုတိယကပ်ရောဂါ -ဖား (ငယ် ၄၅ခ)
ဆဌမကပ်ရောဂါ -ကျိုင်းကောင် (ငယ် ၄၆)
သတ္တမကပ်ရောဂါ -မိုးသီး (ငယ် ၄၇ယ၄၈)
ဒဿမကပ်ရောဂါ -သားဦးများ သေကြေကြခြင်း (ငယ် ၄၉-၅၁)
၇၈:၄၄ ဘုရားသခင်က မြစ်ချောင်းရေများကို သွေးအဖြစ် ပြောင်းလဲသွားစေသဖြင့် အဲဂုတ္တုတပြည်လုံး တွင် သောက်သုံးရေမရှိ၊ တပြည်လုံးညှီစော်နံသည်။ တပြည်လုံးသုံးနေသော နိုင်းမြစ်သည် ချက်ခြင်းညစ်ညမ်း သွားသည်။ သို့သော် ဣသရေလလူများအတွက်မူ သောက်သုံးရေချန်လှပ်ထားပေးသည်။
၇၈:၄၅ အဲဂုတ္တုသားတို့ တအိမ်လုံးတွင် ယင်ကောင် ယင်မမဲများ ပျားပန်းခတ်ပျံဝဲစေသည်။ ဗေလဇေဇုအမည်ရှိ “ယင်ကောင်များ၏ဘုရင်”ကို ကိုးကွယ်ခဲ့သော်လည်း ထိုယင်ကောင်များက ကောင်းကျိုးမပြု ဆိုးကျိုးပေးနေပြီ။ သို့သော်ထိုယင်ကောင်များသည် ဗာရှန်တောတွင် စခန်းချသော ဣသရေလူများကို ဒုက္ခမပေးခဲ့သည်မှာ စိတ်၀င်စားဖွယ်ကောင်းသည်။
အဲဂုတ္တုတပြည်လုံးသို့ ဖါးအမျိုးမျိုး ဖြန့်ချပြန်သည်။ သာမန်အားဖြင့်ဖါးများသော ဒေသသည် လယ်ယာ မြေသြဇာကောင်းမွန်သော်လည်း လူတောသူတောတွင်မူ နေလေ့နေထမရှိ။ ခြေချစရာမရှိအောင် အဲဂုတ္တုတို့နေစရာ နေရာများ၌ ဖါးသောင်းကျန်းနေကြသည်။ ဟေဗြဲတို့အိမ်များတွင်မူ တကောင်မှမတက်ကြ။
၇၈:၄၆ အဲဂုတ္တုပြည်တခွင်သို့ ကျိုင်းကောင်များကျရောက်ကြပြန်သည်။ Serapis ရောဂါ နတ်ဘုရားက ထိုကျိုင်းကောင်များအား လူကိုအန္တရာယ်မပြုအောင် ပြုစေနိုင်သော်လည်း ကောက်ပဲသီးနှံများမဖျက်ဆီးကြစေရန် မတားဆီးပေးနိုင်။ ကျိုင်းကောင်များက ကောက်ပဲသီးနှံများ အကုန်အစင် ဖျက်စီးကြသည်။ တသက်တကိုယ် မတွေ့မြင်ဖူးကြ။
၇၈:၄၇–၄၈ သတ္တမကပ်ဆိုးမှာ မိုးသီး၊နှင်းခါးနှင့် မိုးကြိုးတို့ဖြစ်သည်။ လူ၊ ကျွဲနွား၊ နွားအုပ်၊ စပျစ်နွယ်နှင့် သီးနှံပင်များကို ဖျက်ဆီးကြသည်။ ထိုကပ်ဆိုးများသည် တရားစီရင်ခြင်းခံရသောသူများသာ ကွက်ကြားခံစားရ သော ပေါက္ခရဝဿမိုးဖြစ်သည်။ ဣသရေလလူများနေထိုင်ရာ ကုရှန်အရပ်မှာ မိုးသီး မိုးပေါက်ရွာသွန်းခြင်းမရှိ။ (ထွ ၉:၂၆)။
၇၈:၄၉ ဘုရားသခင်၏ အမျက်တော်ပြင်းထန်လာသည်။ သားဦးများသေဆုံးကြသည်။ ဆာလံဆရာကမူ ဘုရားသခင်၏ အမျက်ဒေါသသင့်သဖြင့် ကောင်းကင်တမန်တော်က ဖျက်ဆီးကြသည်ဟု ဆိုသည်။ အချို့ကျမ်းပိုဒ် များတွင် ဘုရားသခင်ကိုယ်တိုင်က အဲဂုတ္တုပြည်သားတို့၏ သားဦးများကို သေကြေဖျက်ဆီးစေသည် (ထွ ၁၁:၄၊၁၂:၁၂၊၂၃၊၂၉)ဟု ဆိုသည်။ ထွ ၁၂:၂၃ တွင်မူ ထိုကျမ်းချက်ကို ကိုးကား၍ ဘုရားသခင်က ကောင်းကင်တမန်ကို စေခိုင်းသည်ဟု ဆိုသည်။ ဤကျမ်းပိုဒ်တွင်လည်း ကောင်းကင်တမန်များက ဖျက်ဆီးသည်ဟု ရေးထားသည်။
၇၈:၅၀–၅၃ ဘုရားသခင်က အမျက်တော်အား ပစ်စလက်ခတ်မပြု။ အမျက်တော်လမ်း ပြင်ဆင်ထားသောကြောင့် အဲဂုတ္တုတို့၏ သားဦးချည်းသာ သေဆုံးကြသည်။ တနည်းအားဖြင့် မခံမရပ်နိုင်သော ဝေဒနာပေးခဲ့သည်။ တညဉ့်တည်းတွင် အဲဂုတ္တုတို့၏ ဖူးငုံစ သားဦးများ ပျက်ဆီးကြသည်။ ဣသရေလတို့၏သားများမှာမူကား သိုးသငယ်၏အသွေးက ကာကွယ်သဖြင့် မသေမပျောက်ကြ။ ဟေဗြဲသားတို့ ကြွက်တကောင် မမြီးမှ မသေကြ။
ထိုသို့ ပလိပ်ရောဂါ ကာလနာရောဂါအမျိုးမျိုးကျရောက်ပုံသည် လူ့အသိပညာဖြင့် ခွဲခြား သိနိုင်စွမ်းမရှိ။ ဟေဗြဲတို့လူဘက်မှ ဘုရားသခင်၏ ဆောင်ရွက်ပေးပုံများသည် အံ့သြမိန်းမောဘွယ်ရာ အတိဖြစ်သည်။
သိုးအုပ်နွားအုပ်များသဖွယ် အဲဂုတ္တုပြည်မှခေါ်ထုတ်၍ ကန္တာတောလွင်ပြင်သို့ ခေါ်ဆောင်သွားသည်။ “ရန်သူများ၀န်းရံထားသော်လည်း ကြောက်ရွံ့ခြင်းအလျင်းမရှိရာသို့ လုံခြုံစွာခေါ်ဆောင်သွားသည်”။ (Gelineau) ဘုရားသခင်၏ မေတ္တာတော်နှင့်တန်ခိုးတော် အံ့ဘွယ်ပြခန်းပေတည်း။
ကတိတော်မြေသို့ ဂရုတစိုက်ခေါ်ဆောင်ပုံကို မေ့လျှော့ကြခြင်း (၇၈:၅၄–၅၅)
ဘုရားသခင်က လက်ယာတော်ဆန့်တန်းလျက် မြင့်မြတ်သောဒေသသို့ တောင်ကုန်းတောင်တန်း တလျှောက် ဂရုတစိုက်ခေါ်ဆောင်လာသည်။ အကြင်အရပ်သည် ဘုရားစစ်၊ ဘုရားမှန်မကိုးကွယ်၊ ရုပ်တု ဆင်းတု လူလုပ်ဘုရားတု ကိုးကွယ်ရာအရပ်ဖြစ်သည်။ ထို့ကြောင့်ဘုရားရှင်က သူ့လူမျိုးအား ခေါ်ထုတ်သည်။ ယေဟောဝါဘုရားကဲ့သို့သော မိမိသိုးထိန်းကို ဂရုစိုက်သည့်သိုးထိန်းမရှိ။
ရုပ်တုဘုရားတုကိုးကွယ်သူများ လီဆယ်ကြပုံ (၇၈:၅၆–၅၈)
ထိုရပ်သူရွာသားများက ထာဝရဘုရားသခင်ကို သိရှိကြပါသလား။ လုံးဝမသိနားမလည်ကြပါ။ တရားသူကြီးများခေတ်ကာလမှစ၍ ဘုရားသခင်ကို စုံစမ်းကြသည်။ ပုန်ကန်ခြားနားကြသည်။ မိမိတို့လေးမြား ခွန်အားကို အားထားကြသည်။ ဘုရားသခင်ကို ပစ်ပယ်လျက် ရုပ်တုဘုရားကို ရွှေကွပ်ကိုးကွယ်ကြသည်။ မိမိလက်လုပ် ရွှံ့ရုပ် သစ်သားရုပ်တုများကို ကန်တော့ကြသည်။
ဘုရားသခင်၏အမျက်ဒေါသနှင့်ဣသရေလတို့ငြင်းပယ်ချက် (၇၈:၅၉–၆၇)
၇၈:၅၉–၆၀ ကဗျာဆန်ဆန်ပြောရလျှင် အမျက်တော်မုန်တိုင်းထန်၍ မှောင်မိုက်တန်ခိုးသင့်ကြသည်။ စင်စစ်ထိုသို့ဒေါသကွဲသည်မှာ အံ့သြဘွယ်ရာမဟုတ်။ အကြိမ်ကြိမ်အခါခါဆုံးမခဲ့သော်လည်း ဣသရေလလူတို့သည် ယဉ်ပါးလာခြင်းမရှိကြ။ ပုန်ကန်မြဲပုန်ကန်၍ ခေါင်းမာမြဲခေါင်းမာကြသည်။ ယခုအချိန်တွင် မူမြောက်ဘက်အရပ်မှ လူများကိုကြီးစွာသောသတိပေးခေါင်းလောင်းထိုးသည်။ ယခင်ကသူ့လူများအလယ်တွင် စိုးစံရန် ရွေးချယ်ခဲ့သောရှိလောတဲတော်အရပ်ကို စွန့်ခွာတော်မူသည်။
၇၈:၆၁–၆၄ ထိုအချိန်တွင် ဘုရားသခင်က ဖိလိတ္တိလူများထံသို့ ပဋိညာဉ်သေတ္တာတော် ယူဆောင်ခွင့်ပြုလိုက်သည်။ ဘုရားသခင်၏ဘုန်းတန်ခိုးပြသရာ ရွေစင်အမှတ်အသားကို ရန်သူများ လက်ထဲသို့ရောက်စေတော်မူသည် (၁ရာ ၄:၁၁)။ ဣသရေလလူများအတုံးအရုံးကျဆုံးကြသည်။ တိုက်ပွဲတပွဲတွင် ခြေလျှင်စစ်သားသုံးသောင်းခန့် ပွဲချင်းပြီးသေဆုံးကြသည် (၁ရာ ၄:၂၀) လူငယ်လူရွယ် ပေါင်းများစွာ ကျဆုံးကြသဖြင့် မင်္ဂလာဆောင်ပွဲမရှိ၊ မင်္ဂလာဆောင်သတိုးသမီးမရှိကြ။ ကိုယ်ကျင့်တရား ပျက်ပြားသော ဧလိ၏သား ဟောပနိနှင့်ဖိနေဟတ် (၁ရာ ၄:၁၁)တို့ သည်လည်း ဓါးဘေးဖြင့်သေဆုံးကြသည်။ ကျန်ရစ်သောမုဆိုးမများသည်လည်း မငိုနိုင်ကြ။ ပဋိညာဉ်သေတ္တာတော်က ဖိလိတ္တိလူတို့လက်ထဲသို့ ပါသွားသည်ကိုး။ ဣသရေလတို့ထံမှ ဘုရားရှင်စွန့်ခွာထွက်ပြေးသည်ဟု ထင်မှတ်ခံယူကြသည် (၁ရာ ၄:၁၉-၂၂)။
၇၈:၆၅–၆၆ ထိုခဏတွင်ယေဟောဝါဘုရားက တမျိုးတဖုံနိုးထစေသည်။ တရေးလန့်နိုးသကဲ့သို့ နိုးထ၍ အရက်မူးသမား သောင်းကျန်းအော်ဟစ်သကဲ့သို့အော်ဟစ်ပြီး ဖိလိတ္တိလူများကို မောင်းထုတ်ကြသည်။ ယမထာကြိမ်တုတ်ဖြင့်ဖင်ကိုရိုက်၍ မြင်းကိုနှင်သကဲ့သို့ ရန်သူများကို တချိုးတည်း လစ်ပြေးစေသည်။ ဖိလိတ္တိတို့ သေပြေးရှင်ပြေး ပြေးကြသည် (၁ရာ ၇:၁၀-၁၁၊ ၁၃:၃-၄၊ ၁၄:၂၃)။
၇၈:၆၇ ထိုအချိန်ထိ ဘုရားသခင်၏ ဆုံးဖြတ်ချက်သည် ခိုင်မာသည်။ ယောသပ်အမျိုးကို ဆက်လက်ငြင်းပယ်၍ ဧဖရိမ်အမျိုးကိုလည်းရွေးချယ်ခြင်းမပြု။ ယောသပ်နှင့်ဧဖရိမ်သည် မြောက်ပိုင်း ဣသရေလလူမျိုး (၁၀)မျိုးကို ကိုယ်စားပြုသည်။ ရုဗင်သည်မွေးရာပါ အခွင့်အရေးဆုံးရှုံးခံပြီးသောအခါ ယောသပ်က ဝေစုနှစ်ခုရယူသည်။ ဧဖရိမ်နှင့်မနာရှေများသည်လည်း သူ့သားများဖြစ်ကြပေမယ့် မြေယာ (၂)ဆယူထားသည်။
ဘုရားသခင်၏ရွေးချယ်မှု၊ ယုဒ၊ဇိအုန်တောင်နှင့်ဒါဝိဒ် (၇၈:၆၈–၇၂)
၇၈:၆၈–၆၉ ဧဖရိမ်သည် ပုန်ကန်သောင်းကျန်းမှုကို ဦးစီးခေါင်းဆောင်ဖြစ်သောကြောင့် ဘုရားသခင်က အခွင့်အရေးကျော်လွှားစေသည်။ ယုဒကိုစီမံအုပ်စိုးခွင့် အခွင့်အရေးပေးလိုက်သည်။ ယုဒ၏နယ်မြေပိုင်နက်ထဲတွင် ဇိအုန်တောင်ရှိသည်။ ဗိမာန်တော်တည်ဆောက်ရာကုန်းအဖြစ်ရွေးချယ်သည်။ ပတ်၀န်းကျင်မှလှမ်းကြည့်လျှင် သပ္ပါယ်၍ ကောင်းကင်မျှော်ကြည့်ရာ မျှော်စင်ပမာ ခန့်ညားသည်။
၇၈:၇၀–၇၁ သို့ကြောင့် ဘုရားရှင်က ယုဒမျိုးနွယ်မှ ဒါဝိဒ်ကို အစေခံတော်ကျွန်အဖြစ် ဘုရားရှင်ကရွေးချယ်သည်။ သိုးထိန်းဖြစ်သည့် အတိုင်း ဘုရားသခင်၏သိုးအုပ်ကိုကျွေးမွေးသည်။ သိုးငယ်လေး မှစ၍ သိုးမအုပ်များကိုလည်း ဂရုတစိုက်သွန်သင်သည်။ လောကီလောကုတ္တရာနှစ်ဖြာသော ဘ၀ဒေသနာများကို ပြသသည်။ ယေဟောဝါဘုရားသခင်က ယာကုပ်အမျိုးကိုစောင့်ရှောက်သော သိုးထိန်း၊ ဣသရေလလူမျိုး၏ အမွေခံအဖြစ်ခန့်အပ်သည်။
၇၈:၇၂ ထိုသူသည် ဖြောင့်မတ်သော သဘောရှိသည့်အတိုင်း ကျွေးမွေး၍လိမ္မာသော လက်နှင့်ပို့ဆောင် လေ၏။
ဆာလံဆရာက ငြိမ်သက်ချမ်းမြေ့ဘွယ်ရာ သင်းအုပ်ရှုထောင့်ဖြင့်နိဂုံးချုပ်သည်။ သင်ခန်းစာ မပြီးဆုံးမီ တခုသတိပေးချင်သည်မှာ ဣသရေလူမျိုးသမိုင်းကြောင်းကို ကြေးမုံပြင်အဖြစ်ခံယူစေချင်သည်။ ဣသရေလလူမျိုးထက် မိမိကိုယ်ကို ချင့်ချိန်နိုင်လျှင် ဘုရားသခင်ထံမှ အခွင့်အရေးပိုမိုရရှိနိုင်ပါသည်။ ကရာနီချစ်ခြင်းမေတ္တာနားလည်ခံယူသူများသည် ဘုရားသခင်ကိုစောဒကမတက်ကြ မပုန်ကန်ကြပါ။ ကျေးဇူး မကန်းကြပါ။ ဣသရေလများကဲ့သို့ ဘုရားသခင်ကိုပုန်ကန်ခြားနားခြင်းမပြုမိအောင် သတိထားကြရမည်။ ဘုရားသခင်၏စကားကို လိုက်နာဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့ကြသည်။ ဘုရားသခင်၏ကျေးဇူးတော် အစဉ်အမြဲခံစားရပါ လျက် တခါတလေအဆင်မပြေသည့်အခိုက်တွင်ငြီးတွားကြသည်။
ဘုရားသခင်၏ သည်းခံခွင့်လွှတ်ခြင်းသည် အတိုင်းအဆမရှိရှည်လျားပါသည်။ ခါးသီးသော အတွေ့အကြုံရင်ဆိုင်သည့်အခါ စိတ်ပျက်ဖောက်ပြန်တတ်ကြသည်။ ကျေးဇူးတော်နားလည်လျှင် ကိုယ်တော်၏အုပ်စိုးမှုကို ၀န်ခံရသည်။ ကိုယ်တော်အပေါ်သို့ သစ္စာမရှိ ဖောက်ပြန်လျှင် တခြားသော ဘုရားရှာဖွေရာရောက်ပါသည်။ ကောင်းချီးမင်္ဂလာဆုံးရှုံးသွားမည်။ ထာ၀ရဘုရားသခင်ထက် ကောင်းမြတ်သော ဘုရားသခင်မရှိ။