ဓမ္မရာဇဝင်ဒုတိယစောင် ၁၇
၁၇:၁–၄ ပထမအကြံပေးချက် အောင်မြင်သောအခါ အဟိသောဖေလသည် နောက်တဆင့် လှမ်းတက်သည်။ ဒါဝိဒ်၏ ဦးခေါင်းကို ယေရုရှလင် သို့ ပြန်လည်ယူဆောင်လာဖို့ရန် အဗရှလုံ အားစစ်သား နှစ်သောင်းပြင်ဆင်ရန် အကြံပြုသည်။
၁၇:၅–၁၄ ထိုအကြံပေးချက်ကို အဗရှလုံက ဝမ်းသာစွာလက်ခံသည်။ သို့သော်ချက်ချင်းထမလုပ်ဘဲ လိုအပ်သော အချက်အလက်ပြည့်စုံဖို့ ဟုရှဲကို ထပ်မံမေးမြန်းခြင်းသည် ဟုရှဲအတွက်အကွက်ကောင်း ဖြစ်သည်။ ဤအချိန်အခါမျိုးတွင် အဟိသောဖေလ၏ အကြံပြုချက် အကောင်ထည်ဖေါ်ရန်မသင့်တော် ဟု ကန့်ကွက်သည်။ ဒါဝိဒ်တို့အဖွဲ့သည် ကျားနာခဲခဲနေချိန် ဖြစ်၍ သဲကြီးမဲကြီး ပြန်လည်တိုက်ခိုက်နိုင်သည်။ ထို့အပြင် ဒါဝိဒ်သည် ပါးနပ်သူဖြစ်သောကြောင့် တပ်ဖွဲ့များနှင့်အတူ ရောရောနှောနှော နေမည်မဟုတ်။ တနေရာတွင် ပုန်းအောင်းနေပေမည်။ အကယ်၍ ပထမတိုက်ပွဲတွင် ဒါဝိဒ်အား မဖမ်းမိပါက အဗရှလုံအကြံ ပျက်စီးသွားနိုင်သည်ဟု အချက်ကျကျသုံးသပ်ပြသည်။ ဟုရှဲ၏အကြံပြုချက်သည် အဗရှလုံ၏ စစ်ရေး စီမံသုံးသပ်ပြခြင်းဖြစ်သည်။ အဗရှလုံ၏ သေတွင်းတူးပေးခြင်းလည်း ဖြစ်သည်။ ထို့ထက် ဣသရေလတပ် တစ်ခုလုံးကို အဗရှလုံကိုယ်တိုင် ဦးဆောင်၍ မိုးမှောက်မြေလှန်စစ်ဆင်လျှင် ဒါဝိဒ်လွတ်နိုင်မည် မဟုတ်ဟု အကြုံပြုသည်။ အဗရှလုံသည် အဟိသောဖေလ၏ အကြံပြုချက်ကို ဘေးဖယ်၍ ဟုရှဲအကြံအတိုင်း စီရင်သည်။ ဒါဝိဒ်အတွက်မူ ဘုရားသခင်အား ချီးမွမ်းစရာဖြစ်သည် (၁၅:၃၁)။
၁၇:၁၅–၁၇ ဟုရှဲသည် ထိုသတင်းကို ဇာဒုတ်နှင့် အဗျာသာ ယဇ်ပုရောဟိတ်များသို့ ပြောပြသည်။ ယဇ်ပုရောဟိတ်များလည်း လူသူမရိပ်မိအောင် မိန်းမတယောက်အား မြို့ပြင်အရပ်ကာလရှိ သူတို့သားများသို့ တဆင့်ပြောခိုင်းပြီး၊ ဒါဝိဒ်တို့အဖွဲ့အား ယော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကူးစေကြသည်။
၁၇:၁၈–၂၂ သို့သော် အရေးအကြောင်း ဒိန်းဒေါင်းဖျက် သကဲ့သို့ ထိုသို့လျှိုဝှက်စွာ ဆက်သွယ်တွေ့ဆုံကြပုံကို လူငယ်တစ်ယောက် က တွေ့မြင်သဖြင့် အဗရှလုံ သို့သတင်းပို့သည်။ ယဇ်ပုရောဟိတ်များ၏ ရေတွင်းပျက်တွင် ပုန်းခိုနေရသည်။ လာရောက်ရှာဖွေသူများ လွန်မြောက်မှ ဒါဝိဒ်ထံသို့ အသော့နှင်သတင်း ပို့ကြသည်။ ဒါဝိဒ်တို့ အဖွဲ့သည်လည်း ကြားလျှင်ကြားချင်း အဗရှလုံ၏ ဘေးရန်မှလွတ်မြောက်အောင် ယော်ဒန်မြစ်တဘက်ကမ်းသို့ တညဉ့်လုံး ကူးကြသည်။ နောက်တနေ့သော် ဒါဝိဒ်သည် ဂိလဒ်ပြည် မဟာနိမ် သို့ ချီတက်ကြသည်။
၁၇:၂၃ အဟိသောဖေလသည် သူ၏ အကြံပေးချက်အရာမရောက်၊ ဒါဝိဒ်ကိုလည်း ကလဲ့စားမချေနိုင်သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ဇာတိရပ်ရွာ သို့ပြန်လာ၍ ကြိုးဆွဲချသေသည်။ သူ့ဘဝတသက်တာသည် အသက်ရှင်စဉ်တွင်၎င်း၊ သေသည့်အခါ၎င်း ယုဒရှကာရုတ်နှင့် တပုံစံတည်းဖြစ်သည်။
(ဆ) အဗရှလုံသေ၍ ဒါဝိဒ်ငိုခြင်း (၁၇:၁၄–၁၉:၈)
၁၇:၂၄–၂၆ အဗရှလုံ သည် အာမသ အား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခေါင်းဆောင်စေလျှက် ဒါဝိဒ်မင်းနောက်သို့ လိုက်ကြသည်။ ယော်ဒန်မြစ်ကို ကူးကြသည်။ အာမသ၏ ဖခင်သည် ဣသရေလနွယ်ဖွား (၅ရာ ၂:၁၇) ဖြစ်၍ ယုဒဘာသာ သက်ဝင်ယုံကြည်သူ ဖြစ်သည်။ ဒါဝိဒ်၏တူ ယွာဘ၏ တစ်ဝမ်းကွဲတော်စပ်သည်။
၁၇:၂၇–၂၉ မဟာနိမ်တွင် ဒါဝိဒ်ရှိနေစဉ် ငတ်မွတ်နေသော ဒါဝိဒ်၏လူများအား ရှောဘိ၊ မာခိရ၊ ဗာဇိလဲ တို့သုံးဦးက ထောက်ပံ့ကြသည်။
ရှောဘိသည် အမ္မုန်နန်းကျဘုရင် နာဟတ်၏ သားဖြစ်သည်။ သူ့အစ်ကို ဟာနန်သည် ဒါဝိဒ်မင်း၏ ကောင်းကြီးပေးခြင်းကို ငြင်းပယ်သူ (အခန်း ၁၀) ဖြစ်သည်။ သို့သော် ရှောဘိသည် ပါရမီ ဓါတ်ခံကြောင့် အခြားယုဒများထက် ဣသရေလ ရှင်ဘုရင်အား ဂရုစိုက်စောင့်ရှောက်သည်။ ထိုကဲ့သို့ပင် သခင်ယေရှုကိုလည်း ဘုရားလူဣသရေလ လူများထက် လက်ခံကြိုဆိုသော် တပါးအမျိုးသား အချို့ရှိကြပါသည် (ယော ၁:၁၁)။
မာခိရသည် မေဖိဗောရှက်အား နှစ်လရှည်ကြာစောင့်ထိန်းသူဖြစ်သည်။ ဒါဝိဒ်မင်းက ယေရုရှလင်မြို့မမပေါ်မချင်း ကျွေးမွေးစောင့်ရှောက်ခဲ့သည် (၉:၃-၅)။ ဒုက္ခိတမင်းမျိုးမင်းနွယ် ဖြစ်ရသည်က တကြောင်း။ နန်းမစံထိုက်သောကြောင့်၎င်း သနားချစ်ခင်သည်။ ခွန်အားချိနဲ့သောသူကို ကူညီထောက်မခြင်းသည် ယေရှုခရစ်တော်အား ကူညီခြင်းဖြစ်၍ အဆပေါင်းများစွာသော ကောင်းကြီးမင်္ဂလာ ပြန်လည်ခံစားရာ ဖြစ်သည်။
ဗာဇိလဲ သည် မဟာနိမ်တွင် ဒါဝိဒ်ရှိနေခိုက် လိုလေသေးမရှိအောင် ထောက်ပံ့ကူညီသည်။ လူချမ်းသာ ဖြစ်သောကြောင့် တပည့်ကျေးကျွန်များဖြင့် ဒါဝိဒ်မင်းအား ကူညီသည် (၁၉:၃၁-၃၉)။ ဒါဝိဒ်မင်း နတ်ရွာစံခါနီးတွင် သားတော် ရှောလမုန်အား ဗာဇိလဲ၏သားများ မြှောက်စားရန် သေတမ်းစကားမှာခဲ့သည် (၃ရာ ၂:၇)။ သခင်ယေရှုသည်လည်း လူ့အားကူညီမစသူများကိုမမေ့။ နိုင်ငံတော်တည်ထောင်သောအခါ နေရာကောင်းပြန်ပေးမည်။