တရားဟောရာကျမ်း ၇

() ရုပ်တုကိုးကွယ်သူများဆက်ဆံမှုသတိပေးချက် (အခန်း၇)

          : ဣသရေလတို့က ကတိတော်မြေသို့ ဝင်ရောက် အခြေချနေထိုင်သောအခါ ဒေသခံ ခါနပြည်သားများနှင့် ပေါင်းသင်းဆက်ဆံရေးအလျဉ်း မပြုလုပ်ရ။ ထိုဒေသခံဟိတ္တိ၊ ဂိရဂါရှိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိနှင့် ယေဗုသိလူမျိုး ခုနစ်ပါးကို မောင်းထုတ်ပစ်ရမည်။ ထိုလူမျိုးများသည် ဘုရားတရားမသိ။ တစ်ဖက်ကမ်းခတ်ဆိုးညစ်သူများဖြစ်သည်။ ထိုသူများကို မောင်းထုတ်ရုံမျှသာမက သူတို့နှင့်ပတ်သက်သော ရုပ်တု၊ ဆင်းတု ဘုရားတုများကိုလည်းအစအနမကျန်အောင် ဖျက်ဆီးပစ်ရမည်။ အပိုဒ်ငယ် ၂နှင့်၃ သည် ဣသရေလလူနှင့် ဒေသခံလူများ အိမ်ထောင်ပြု သွေးနှောခြင်းမရှိအောင် တားမြစ်ပိတ်ပင်သည့်အကြောင်း ဆက်နွယ်သည်။ တစ်ခုနှင့်တစ်ခုအပြန်အလန် ကျိုးကြောင်းဆက်နွယ်သည်။ လူမျိုးသာမက ရုပ်တုဘုရားတုများပါ ရှင်းထုတ်ခြင်းနှင့် သွေးနှောထိမ်းမြားခြင်း ကင်းစေဖို့ဖြစ်သည်။

:၁၁ ဘုရားသခင်က ကိုယ်တော်၌ မှီတင်းခိုလှုံဖို့ရန် ဣသရေလလူမျိုးအား သီးသန့် ရွေးချယ်ထားပါသည်။ အခြားသောလူမျိုးများကဲ့သို့ ဘုရားမသိ တရားမရှိ ပစ်စလက်ခတ်မနေစေလို။ ထိုသို့ ရွေးချယ်ရခြင်းအကြောင်းရင်းသည် လူဦးရေများပြား၍ မဟုတ်။ လူမျိုးများအလယ်တွင် အနည်းဆုံး ဖြစ်သောကြောင့် ရွေးချယ်ရခြင်းဖြစ်ပါသည်။ ခပ်ရှင်းရှင်းပြောရလျှင် ချစ်သောကြောင့် ရွေးချယ်သည်။ သို့ကြောင့် သူချစ်သည့်အတိုင်း ရွေးချယ်တော်မူသော လူမျိုးကလည်း ဘုရားရှင်ကို ချစ်သောအားဖြင့် နာခံခြင်းရှိစေချင်သည်။ မျိုးရိုးစဉ်ဆက်တစ်ထောင်ဆိုသည်မှာ ရာသက်ပန်ဟု ဆိုလိုသည်။ ဒေသခံ ခါနန်ပြည်သားများသည် အကျင့်စရိုက်မကောင်းသောကြောင့် ဘုရားရှင်က မချစ်၊ ဣသရေလလူမျိုးသည်လည်း အကျင့်ကောင်းသောကြောင့် ချစ်သည်မဟုတ်။ သို့သော် ချစ်သောကြောင့် အကျင့်ကောင်းရှိစေချင်သည်။ ဣသရေလဘိုးဘေးများသို့ ပြုထားသောကတိတော်စောင့်ထိန်းစေချင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် အချုပ်အချာအာဏာအတိုင်းအတာကို မည်သည့်လူသားက တိုင်းဆနိုင်မည်နည်း။

:၁၂၂၆ စကားတော်နာခံခြင်းရှိကြလျှင် ဣသရေလတို့သည် ကတိတော်မြေ၌ နို့နှင့်ပျားရည် မြစ်ရေခပ်သောက်ကြရမည်။ သားသမီးရတနာပေါင်းများစွာထွန်းကားကြမည်။ ကောက်ပဲသီးနှံ ပြည့်လျှံဖြစ်ထွန်း၍ စည်ပင်သာယာကြမည်။ သိုးအုပ်၊ နွားအုပ်ကြီးများပိုင်ဆိုင်ကြမည်။ ရန်သူများကိုလည်း မှုစရာမလို အချိန်မရွေးအောင်ပွဲ ဆင်နိုင်ကြမည်(ငယ် ၁၂-၁၆)။ ရန်သူများ၏ ခြိမ်းခြောက်သံကြားလျှင်လည်း မစိုးရိမ်ရ။ ခွန်အားကြီးသော ဘုရားရှင်၏ ညာလက်ရုံးကို သတိရကြမည်။ အထူးသဖြင့် အဲဂုတ္တုပြည်မှ ကယ်ထုတ်ပုံကို ဆင်ခြင်အောက်မေ့ရမည် (ငယ် ၁၇-၁၉)။ အတိတ်သမိုင်းကာလတလျှောက်မှာ စောင့်ထိန်းလာခဲ့ သကဲ့သို့ ရန်သူများကို အောင်မြင်နိုင်သော ပျားပတူအုံ စေလွှတ်ပေးမည်။ ပျားပတူအုံဆိုသည်မှာ ရန်သူကို အောင်နိုင်ခြင်းက တန်ခိုးအစွမ်းဖြစ်သည် (ငယ် ၂၀-၂၄)။ တောသားရဲမည်သော ဣသရေလ၏ ရန်သူများကို ဘုရားရှင်က တမဟုတ်ချင်း ဖျက်ဆီးပစ်မည်မဟုတ်သော်လည်း တရွေ့ရွေ့လုံးပါးပါးစေမည် (ငယ် ၂၂)။ (ကြီးပွားတိုးတက်သော မြို့ပြပြည်ရွာများသည် စည်းစနစ်တကျတိုးတက်စည်ပင်သော်လည်း မကောင်းစားသော အရပ်ဒေသသည် စိုက်ပျိုးသောသီးနှံများက အဖျက်ပိုးကြသည်။ မွေးမြူထားသောတိရစ္ဆာန်များကလည်း မပွား၊ သမင်မွေးရင်း ကျားစားရင်း လျော့နည်းကြသည်)။ ဒေသခံလူများ ချက်ချင်းမဖယ်ရှင်းသည့် အခြားအကြောင်းရင်းကို(သူကြီး ၂:၁၁-၂၃)တွင် တွေ့ရသည်။ ဘုရားသခင်က ဣသရေလတို့၏ ယုံကြည်နာခံမှုဆန်းစစ်ခြင်း ကရိယာအဖြစ် အသုံးပြုသည်။ ထိုသူများ၏ ရွှေ၊ ငွေဖြင့်သွန်းလုပ်သောရုပ်တုများကို ဖျက်ဆီးခိုင်းခြင်းဖြင့် ဣသရေလတို့အား ဆန်းစစ်သည် (ငယ်၂၅၊၂၆)။  ဣသရေလတို့၏ အဓိကရန်သူမှာ ခါနန်လူများမဟုတ်။ ခါနန်လူများ၏ စိတ်ဓာတ်ကို ထိန်းချုပ်သော ဘုရားတုများဖြစ်သည်။ ခန္ဓာကိုယ်စစ်ပွဲထက် ဝိညာဉ်ရေးရာတိုက်ပွဲ အောင်မြင်ရသည်။

Previous Article
Next Article