တောလည်ရာကျမ်း ၁၀
၁၀:၁–၁၀ မောရှေက ငွေတံပိုးနှစ်ခု လုပ်ခိုင်းထားသည်။ (က) ပရိသတ်စည်းဝေးရာတဲတွင် စုဝေးကြဖို့ (ငယ် ၃-၇)၊ (ခ) ချီတက်ကြမည့် အချက်ပေးသံ၊ (ဂ) ခေါင်းဆောင်များစုဝေးဖို့ (တံပိုးတစ်လက်မှုတ်) (ငယ် ၄) (ဃ) စစ်ခရာသံအချက်ပေးဖို့ (ငယ် ၉)၊ (င) ပွဲတော်နေ့ရက်ကဲ့သို့သော အထူးနေ့ရက်များအတွက် အချက်ပေးဖို့ (ငယ် ၁၀) အသုံးပြုသည်။
တံပိုးကို ထိုကဲ့သို့ အဓိပ္ပါယ်အမျိုးမျိုး ပေါ်လွင်အောင်သုံးကြသည်။ အပိုဒ်ငယ်(၅)အချက်ပေးသံသည် ချီတက်ဖို့ အချက်ပေးသံဖြစ်သည်။ ထိုအချက်ပေးသံကြားလျှင် တဲတော်အရှေ့ဘက်တွင် တပ်ချနေသောအဖွဲ့က ဦးစွာ ချီတက်ရသည်။ ဒုတိယချီတက်တံပိုးမှုတ်သံကြားလျှင် တောင်ဘက်အရပ်တွင် တပ်ချသောအဖွဲ့က လိုက်ရသည်။ ထို့နောက် အစဉ်အတိုင်း အနောက်ဖက်အရပ်၊ မြောက်ဘက်အရပ်မှ အဖွဲ့များ လိုက်ကြသည်။ တံပိုးကို ကန္တာရတော်ထဲတွင်သာ မှုတ်ရသည်မဟုတ်။ နေရပ်ဌာနေတွင် အခြေချသော အခါတွင်လည်း သုံးရသည် (ငယ်၉)။ နေရပ်ဌာနေ ဆိုသည်မှာ ဘုရားသခင်က အာဗြဟံသို့ပြုထားသောကတိတော်မြေဖြစ်သည်။ အာဗြံဟံ၏ သားစဉ်မြေးဆက်များလက်ထဲသို့ အပ်နှံပေးမည်။ သို့သော်လည်း နာခံခြင်းမရှိ၊ ယု့ကြည်ခြင်း နောက်ကျသောကြောင့် နှစ်ပေါင်း(၄၀)ကြာရှည်သည်။
၂။ သိနာတောင်မှ မောဘလွင်ပြင်ဆီသို့ (၁၀း၁၁-၂၂း၁)
(က) သိနာတောင်မှ ထွက်ခွာခြင်း (၁၀:၁၁–၃၆)
၁၀:၁၁ ဤကျမ်းပိုဒ်မှစ၍ ဣသရေလတို့၏ ဘဝခရီးတဆစ်ချိုးကွေ့ဖြစ်သည်။ ယခင်ကျမ်းပိုဒ်ထိ သိနာတောင်ခြေတွင် စခန်းချကြရာမှ ယခုအခါ ယခုအခါ သိနာတောင်မှ မောဘလွင်ပြင်ဆီသို့ ခရီးရှည်စတင်ချီတက်ရတော့မည်။ ထိုမှတစ်ဆင့်ကတိတော်မြေသို့ကြွမြန်းကြရမည်။ခရီးစဉ်တလျှောက်လုံးတွင် နှစ်ပေါင်း(၄၀)ခန့်ကြာညောင်းသည်။ ဒုတိယအကြိမ် ပဿခါပွဲ ကျင်းပခါနီးသောကြောင့် ထိုလ(၂၀)ရက်နေ့တိုင်အောင် ခရီးမစဖြစ်သေး။ (ကော ၉:၁၀-၁၁ ကိုကြည့်)
၁၀:၁၂–၁၃ ပထမခရီးတထောက်မှာ သိနာတောင်မှ ပါရန်တောဖြစ်သည်။ ထိုအရပ်သို့ ခြေမချကြမီ တိဗိရု၊ ကိဗြော၊ ဟာတာဗ နှင့် ဟောဇေရော့တောများတွင်လည်း ကွန်းခိုနားခဲ့ကြသေးသည်။ ထိုသို့ ရပ်နားလိုက်၊ သွားလိုက်ဖြင့် ပါရန်တောသို့ (တော ၁၂:၁၆) ရောက်ရှိခဲ့ကြသည်။
၁၀:၁၄–၂၈ လူမျိုးစုအလိုက် စစ်ကြောင်းဖွဲ့ချီတက်ကြသည်။ လူမျိုးစုခေါင်းဆောင်များကမိမိလူမျိုးအလိုက် ဦးစီးဦးဆောင်၍ ကွပ်ကဲကြသည်။ အခန်း ၂:၁၇ တွင် လေဝိအမျိုးသားများ ဂဒ်လူမျိုးတို့၏နောက်ဧဖရိမ်တို့၏ အရှေ့၌ချီတက်သည်မှာ ချို့ယွင်းချက်တစ်ခုဖြစ်သည်။ အခန်း(၂)လူမျိုးစဉ်အတိုင်း ချီတက်ကြသည်။ ၁၀:၁၇ အရ ဂေရှုဘုံနှင့် မောရာကို အမျိုးများသည် ဇေဗုလုန်လူမျိုး၏ နောက်တွင်၎င်း ကောဟတ်အမျိုးသည် ဂဒ်လူမျိုး၏ နောက်တွင်၎င်း လိုက်ပါကြသည်။ ဂေရှုရုံနှင့် မေရာရိအမျိုးများသည် ရှေ့ပိုင်းမှာ သွားခြင်းဖြင့် တပ်စခန်းချရာတွင် တဲဆောက်ဖို့ ကြိုတင်ပြင်ဆင်ချိန်ရကြမည်။ ကောဟတ်အမျိုးတို့ရောက်လာသောအခါ တဲတော်ပစ္စည်းအသုံးအဆောင်များ တစ်ခါတည်း ခင်းကျင်းနိုင်ပေမည်။
၁၀:၂၉–၃၂ မောရှေ၏ ယောက်ဖသည် ဟောဗပ်ဖြစ်သည်။ ဟောဗတ်၏ဖခင် ရာကုလ(ရွေလ သို့မဟုတ် ယေသရောဟုလည်းခေါ်သည်) သည် မောရှေ၏ ယောက္ခမ ဖြစ်သည်။ မောရှေက ဟောဗပ်အား ခရီးဖော်အဖြစ် ဖိတ်ခေါ်ခြင်းကို ထောက်လျှင် ဟောဗပ်သည် တောကျွမ်းပုံရသည်။ “သင်သည် ငါတို့မျက်စိဖြစ်ရပါ၏” ဟူသော ကျမ်းပိုဒ်ကိုကြည့်၍ အချို့ကျမ်းစာပညာရှင်များက ဘုရားသခင်က လိုက်ပါမည်ဟု ဆိုပါလျက်နှင့် ဘုရားကို အားမကိုးဘဲ လူကို အားကိုးခြင်းသည် မောရှေ၏ ယုံကြည်မှု အားနည်းချက်ဖြစ်သည်ဟု ထောက်ပြကြသည်။
Kurtz ကမူ တစ်မျိုးရှုမြင်သည်။
မိုးတိမ်တိုင်သည် စခန်းချနေရာနှင့် လမ်းကြောင်းခရီးတလျှောက်တွင် ယေဘူယျလိုက်ပါ စောင့်ရှာက်ခြင်း ဖြစ်သည်။ လူ့အတွေးအမြော်အားဖြင့်လည်း ချီတက်ခြင်းမဟုတ်ပါ။ ခရီးစဉ်တလျှောက်တွင် အဓိကလိုအပ်သည်မှာ ရေ ၊ လွင်ပြင်၊ ခိုနားရာနှင့် ထင်းမီးလောင်စာများဖြစ်သည်။ ထိုကိစ္စများအတွက် ဟောဗပ်တွင် အတွေ့အကြုံကောင်း ရှိသည်။ အမှန်တကယ် အသုံးဝင်သော အထောက်အကူဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားကောင်းကြီးပေးမည့် လူ့လုံ့လဝီရိယ စိုက်ထူခြင်းဖြစ်သည်။၆
၁၀:၃၃–၃၄ ပဋိညာဉ်သေတ္တာကို သန့်ရှင်းသောဌာနတော်နှင့်အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်ခြားထားသော ကုလားကာဖြင့် ဖုံးအုပ်ထား(၄:၅)၍ ကောဟတ်လူမျိုးများက တာဝန်ယူ စောင့်ရှောက်သယ်ထမ်းရသည်။ သိနာတောင်ဖြတ်၍ (၃)ရက်ကြာသောအခါ Kadesh Barnea အရပ်သို့ ရောက်ကြသည်။ ဘုန်းတန်ခိုးတော် မိုးတိမ်သည် ရပ်နေသဖြင့် ထိုနေရာတွင် စခန်းချရပ်နားကြသည်။
၁၀:၃၅–၃၆ ဟောဗပ်သည် မောရှေတို့ကို အမှန်တကယ်လိုက်ပါခြင်း ရှိမရှိ အတတ်မပြောနိုင်ပါ။ သို့သော် သူကြီး ၁:၁၆ နှင့် ၄:၁၁ တို့တွင် သူ၏သားစဉ်မြေးဆက်စာရင်းကို ဣသရေလလူမျိုးအကြား၌ တွေ့ရသည်။ နံနက်မိုးလင်း၍ ပဋိညာဉ်သေတ္တာစတင်ထမ်းသယ် သောအခါ မောရှေက ဘုရားသခင်ထံတွင် အောင်မြင်စေကြောင်း ဆုတောင်းလေ့ရှိသည်။ ညနေစောင်း၍ စခန်းချရပ်နားသောအခါ ဣသရေလ အမျိုးထံသို့ ပြန်လာရန် ဘုရားသခင်အား ဆုတောင်းရသည်။