ထွက်မြောက်ရာကျမ်း ၂၂
၃။ ခိုးမှုနှင့် သူတစ်ပါးပစ္စည်းဖျက်ဆီးခြင်း (၂၂:၁–၆)
၂၂:၁–၆ သူခိုးသည် ခိုးယူမှုအတွက် လုံးဝတာဝန်ရှိသည်။ သို့သော် ခိုးယူသည့် ပမာဏ အပေါ်တွင် တန်ဖိုးဖြတ်ရသည်။ အကယ်၍ ညမှောင်မိုက်ထဲမှာ ခိုးယူနေစဉ် အသက်ခံရလျှင် အမေးအမြန်းမရှိ။ သို့သော် နေ့ခင်းကြောင်တောင် တွင် ခိုးယူနေစဉ်မူ သူခိုးအား သတ်ပိုင်ခွင့်မရှိ။ အပိုဒ်ငယ်(၁)ပါ သူခိုးသည် မူလပုံမှန်အတိုင်း ပြန်လျော်၍မရ။ အရောင်းခံရသောကျွန်ကဲ့သို့ဖြစ်သည်။ ခိုးရာပါ တိရစ္ဆာန်ဖမ်းမိလျှင် ရှစ်ဆယ်တန်ဘိုး ပေးလျော်ရမည်။ မိမိတိရစ္ဆာန်က သူတစ်ပါးစိုက်ခင်းဖျက်စီး စားသော်လျှင် မိမိလယ်ကွက်၏ အကောင်းဆုံးအကွက်ပမာဏကို ပေးလျှော်ရမည်။ နမော်နမဲ့မီးကြောင့် သူတစ်ပါးပစ္စည်း ပျက်စီးလျှင် အရင်းအတိုင်းပြန်လျှော်ပေးရသည်။
၄။ မရိုးမဖြောင့်ခြင်း (၂၂:၇–၁၅)
၂၂:၇–၁၃ အပိုဒ်ငယ် ၇-၉ သည် ငွေ သို့မဟုတ်ပစ္စည်းတစ်ခုခုအား ယုံကြည်စိတ်ချစွာ အပ်နှံစဉ် သူခိုးခိုးယူမှုဖြစ်သည်။ ထိုသို့ ခိုးယူခြင်းခံရလျှင် နှစ်ဆပြန်လျော်ရမည်။ အကယ်၍ သူခိုး ပြန်မဖမ်းမိလျှင် ထိုသို့ အပ်နှံခြင်း မှန်ကန်မှု ရှိ မရှိ စီရင်ဆုံးဖြတ်ခြင်းခံရမည်။ ထိုသို့စစ်ဆေးပြီးနောက် မှန်ကန်လျှင် နှစ်ဆပေးလျော်ရမည်။ မိမိပျောက်ဆုံးသော တိရစ္ဆာန်အား သူတစ်ပါးလက်ထဲ၌ တွေ့ရှိလျှင် တရားရုံး၌ စစ်ဆေးခြင်းခံရမည်။ တရားပြိုင်တရားလိုအား နှစ်ဆအလျော်ပေးရမည်။ ယုံကြည်စိတ်ချ တိရစ္ဆာန်အပ်နှံ၍ သူတစ်ပါးခိုးယူလျှင် သို့မဟုတ် ပျောက်ဆုံးသွားလျှင် နှစ်ဦးသဘောတူ အလျော်အစားမရှိစေရ။ သက်သေအထောက်အထား အခိုင်အလုံ မရှိသောကြောင့် မည်သူ့တွင်မှ တာဝန်မရှိ။
၂၂:၁၄–၁၅ တိရစ္ဆာန်ငှါးရမ်းအသုံးပြု၍ ထိုခိုက်ဒဏ်ရာရစေလျှင် သို့မဟုတ် သေသွားလျှင် ပိုင်ရှင်အား ပြေလည်ရာပြေလည်ကြောင်း လျော်ကြေး ပေးရမည်။ သို့သော်လည်း ထိုသို့ကံမကောင်း အကြောင်းမလှစဉ်တွင် ပိုင်ရှင်လည်း ရှိနေလျှင် အလျော်အစားပေးစရာမလို။ အခကြေးငွေပေး၍ ငှါးရမ်းခြင်းဖြစ်လျှင် ငှါးရမ်းခကိုမူကား အကြေအလည်ပေးဆပ်ရမည်။
၅။ သွေးဆောင်ခြင်း (၂၂:၁၆–၁၇)
၂၂:၁၆–၁၇ စေ့စပ်ကြောင်းလမ်းခြင်းမပြုသေးသော ပျိုကညာအား ဖျားယောင်းသွေးဆောင် ပေါင်းသင်းလျှင် နစ်နာကြေးပေးလျော်ပြီး၊ တရားဝင်လက်ထပ်ပေါင်းသင်းရမည်။ အကယ်၍ မိဘများက ငြင်းပယ်လျှင် တောင်းဆိုသည်အတိုင်း သတို့သမီးတန်ဘိုးပေးလျှော်ရမည်။ ထိုသို့ပေးလျှော်ပြီးလျှင် ပုံမှန် အနေအထားပြန်ရောက်သွားကြပြီ။
၆။ နယ်ဘက်ပြစ်မှုနှင့်ဘာသာရေးပြစ်မှု (၂၂:၁၈–၂၃:၁၉)
၂၂:၁၈–၂၀ အဓိကအပြစ်ကြီး(၃)ခု ဖြစ်သော စုန်းအတတ်ပညာဖြင့် ပြုစားခြင်း၊ တိရစ္ဆာန်များနှင့် ကာမဆက်ဆံခြင်း၊ ရုပ်တု၊ ဆင်းတု၊ ဘုရားတု ကိုးကွယ်ခြင်းတို့ကို ကြပ်တည်းစွာ တားမြစ်သည်။
၂၂:၂၁–၂၄ ယုဒလူများသည် တစ်စိမ်းနယ်မြေတွင် နှစ်ပေါင်းကြာရှည် ကျွန်ခံခဲ့ပြီဖြစ်သောကြောင့် မိမိနေရပ်ဒေသသို့ ရောက်ရှိလာသော ဧည့်သည်များကို ကိုယ်ချင်းစာနာတတ်ရမည်။ အထူးသဖြင့် ခိုကိုးရာမဲ့ မုဆိုးမများနှင့်အမိမဲ့သား ရေနည်းငါးများကို ကရုဏာထားသင့်သည်။ ဘုရားသခင်က လူများအား အဓိက ဖြန်ဖြေရန် စီမံခန့်ခွဲသော်လည်း လူများအချင်းချင်း ပဋိပက္ခဖြစ်လျှင်မူ ဘုရားသခင်ကိုယ်တိုင် စီရင်မည်။ ခိုကိုးရာမဲ့ အနိုင်ကျင့်ခံသူများဘက်မှ ရပ်တည်မည်။ မုဆိုးမများနှင့် မိဘမဲ့ကလေးများကို ယုံကြည်သူများကဲ့သို့ တန်းတူသဘောထား၍ စောင့်ရှောက်သည်။
၂၂:၂၅–၂၇ ဣသရေလအမျိုးသားအချင်းချင်း ငွေချေးလျှင် အတိုးမယူရ။ သို့သော် တစ်ပါးအမျိုးသား အပေါ်တွင်မူ ခွင့်ပြုသည် (တရား ၂၃:၂၀)။ မရှိဆင်းရဲသားများက အဝတ်အထည်၊ ညအိပ်စောင်ပေါင်နှံလျှင် နေ့ပြန်တိုးပေးရမည်။ သို့မဟုတ်လျှင် ညအိပ်စရာမရှိနေရမည်။
၂၂:၂၈–၃၁ ဘုရားသခင်နှင့် အုပ်စိုးသူမင်းအား အာခံကျိန်ဆဲခြင်းမပြုရ။ (တ ၂၃:၅ နှင့် ယှဉ်ဖတ်)။ သားဦး၊ အဦးဆုံးမွေးသော တိရစ္ဆာန်နှင့် ကောက်ဦးသီးနှံများကို ဘုရားသခင်ထံဆက်သပေးလှူရသည်။ ပထမဦးဆုံး မွေးသော တိရစ္ဆာန်ကို ရှစ်ရက် မြောက်သောနေ့၌ ပေးလှူရမည်။ သားရဲကိုက်စားသော တိရစ္ဆာန်အသားကို မစားရ။ ထိုတိရစ္ဆာန်သည် အသွေးသွန်းခြင်းမရှိသောကြောင့် မစင်ကြယ်(ဝတ် ၁၇)။ အသွေးထဲတွင် ရောဂါပိုးမွှားခိုအောင်းသည် ဖြစ်၍ ထိုတိရစ္ဆာန်သည် အသွေးသွန်းမထားသောကြောင့် ရောဂါပိုးမွှား ကိန်းအောင်တွယ်ကပ်နိုင်သည်။ ထိုအသားကို စားသုံးခြင်းဖြင့် လူသို့ကူးစက်နိုင်သည်။