ထွက်မြောက်ရာကျမ်း ၁၉
၉။ ပညတ်တော်ပေးခြင်း (အခန်း ၁၉–၂၄)
(က) ဗျာဒိတ်တော်အတွက် ပြင်ဆင်ချိန် (အခန်း ၁၉)
၁၉:၁–၉ ဣသရေလလူများသည် သိနာအရပ်သို့ ရောက်ရှိကြသည်။ ဤကျမ်း၏ အဓိက မဏ္ဍိုင်၊ ဝတ်ပြုရာကျမ်းနှင့် တောလည်ရာကျမ်း၏ ပထမပိုင်းအခန်းကြီး (၉)ခုတို့၏ ဗဟိုပြုရာနေရာလည်းဖြစ်သည်။
အာဒံလက်ထက်မှစ၍ ယခုကာလတိုင်အောင် ဘုရားသခင်က တိုက်ရိုက်ညွှန်ကြားသည့် ပညတ်ချက်များ မပေါ်ပေါက်စဖူး။ ယခင်ကာလတွင် ဘုရားသခင်နှင့် လူများသည် ကျေးဇူးတော်တရားဖြင့် ဆက်ဆံကြသည်။ ယခုချို့ယွင်းချက်ချန်ထား၍ ပညတ်တရားကမ်းလှမ်းသည်။ သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်ဟု ဆိုသည်။ အကယ်၍ နားထောင်လျှင် ဟု စကားပလ္လင်ခံထားသည်။ ချို့ယွင်းချက် ထားရှိသည်။ နားထောင်လျှင်ကောင်းကြီးခံစားကြမည်။ လူများသည် ပင်ကိုယ်အားဖြင့် အပြစ်ဒုစရိုက်သားများ ဖြစ်၍ ကယ်တင်သူ လိုအပ်ကြောင်း မသိနားမလည်ကြသဖြင့် မျက်စိမှတ် လက်ခံသဘောတူခဲ့ကြသည်။ ထိုအကြောင်းကို D.L.Moody က ဤသို့ဆိုသည်။
လူတွေလုပ်ဆောင်ရမည့်အချက်များကို ဘုရားသခင်က အကုန်အစင် ပြောပြီးပြီ။ သို့သော် မိမိကိုယ်ကို မော်ကြွားလျက် မိုက်ရူးရဲ ဆန်ကြသည်။ ရွှေနွားရုပ်၊ ကိုးကွယ်ကြသည်။ အရေးမပါအရာမရောက်သော အစီအစဉ်များ ချမှတ်ကြသည်။ ကျမ်းစာကို မထီမဲ့မြင်ပြုသော အမိန့်။ လမ်းညွှန်ချက်ထုတ်ပြန်ကြသည်။ ဧဝံဂေလိဆရာများကို ခဲပေါက်မောင်းထုတ်ကြသည်။ ခရစ်တော်ဘုရားကိုလည်း ကားတိုင်ပို့ခဲ့ကြပြီ။ လူ၏ ကတိမတည်ခြင်း၊ သစ္စာပျက်ခြင်းသည် အထင်အရှားရှိနေပြီ။၁၇
ခေတ်ကာလအပိုင်းအခြား
ဘုရားသခင်နှင့် လူအထူးသဖြင့် ရွေးချယ်ထားသော လူမျိုးတော်အကြားတွင် ကြီးမားသောအဆက်အသွယ်ပြတ်တောက်မှုဤနေရာတွင် တွေ့ရသည်။ ဘုရားသခင် နှင့်လူသားများ ဆက်နွယ် ဆက်ဆံရေးသည် ခေတ်ကာလအပိုင်းအခြားအလိုက်သော်လည်းကောင်း၊ စီမံခန့်ခွဲ ရေးအရသော်လည်းကောင်း အလှည့်အပြောင်းရှိသည်။
Augustina က “ထူးခြားသော ခေတ်ကာလပြောင်းလဲခြင်းနှင့် သမိုင်းကျမ်းစာ၏ သဟဇာတဆက်နွယ်မှု” ဟုဆိုသည်။ ဘုရားသခင်သည် လူ့သမိုင်းကြောင်းကို ခေတ်ကာလအလိုက် ပြောင်းလဲစေသည်။ (ဟေဗြဲ ၁:၂ RV Margin)ဟု ဆိုသည်။ ထိုခေတ်ကာလအပိုင်းအခြားသည် ရှည်သည့် ခေတ်က ရှည်၍ တိုသည့်ခေတ်ကတိုသည်။ သို့သော် ဘုရားသခင်နှင့် ဆက်နွယ်သည့်ပုံစံကို ပိုင်းခြားဖော်ပြလိုခြင်း ဖြစ်သည်။
နည်းဗျူဟာ ပြောင်လဲသော်လည်း ဘုရားသခင်ကိုယ်တိုင်မူကား ပြောင်းလဲခြင်းမရှိ။ မတူညီသော အချိန်အသီးသီးတွင် နည်းဗျူဟာ အမျိုးမျိုး ကျင့်သုံးသည်။ ဘုရားသခင်လူများ၏ စီမံအုပ်ချုပ်ပုံကို လိုက်၍ ဤခေတ်ကာလကို ပိုင်းခြားသတ်မှတ်သည်။ ထိုခေတ်ကာလအပိုင်းအခြားသတ်မှတ်ခြင်းသည် ခေတ်စနစ်ကာလ အပိုင်းအခြားတွင် မမူတည်ပါ။ စီမံအုပ်ချုပ်မှု၊ အစေခံခြင်းအမှု၊ စည်းမျဉ်းနိယာမ၊ စီးပွားရေးစနစ် (Economy ဟူသော စကားလုံးသည် ဂရိဝေါဟာရ oikonomia ဖြစ်၍ စီမံခန့်ခွဲခြင်း၊ စီးပွားရေးစနစ်ဟု အနက်ရသည်)တို့ကို လိုက်၍ ခေါ်ဝေါ်သည်။ သို့သော် ခေတ်ကာလကို နှစ်၊ လ အချိန်မပါဘဲနှင့် ရေတွက်၍ မရနိုင်။ ဥပမာအားဖြင့် အမေရိကန်အစိုးရ သမိုင်းကြောင်းကို ပြောရလျှင် ကနေဒီအုပ်ချုပ်ရေး စနစ် သို့မဟုတ် ဘို့ရှ် အုပ်ချုပ်ရေးစနစ်ဟု ဆိုကြမည်။ ထိုအုပ်ချုပ်ရေးစနစ်သည် အဆိုပါ သမ္မတလုပ်သက်ကာလကို ရည်ညွှန်းပါသည်။ အရေးကြီးဆုံးအချက်မှာ နိုင်ငံရေးပေါ်လစီဖြစ်သည်။ ထိုသမ္မတလက်ထက်တွင် ပေါ်လစီသည် အခရာဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်နှင့်လူများ ၏ဆက်ဆံရေးသည် ပုံသေကားချပ်မရှိဘဲ၊ လူ့သမိုင်းကြောင်း တစ်လျှောက်မှာ ခေတ်ကာလနှင့် အညီ ပြောင်းလဲနေပါသည်။ အိမ်ထောင်စုတစ်ခု၏ ပြောင်းလဲမှုနှင့် ဥပမာပေးကြပါစို့။ အိမ်ထောင်တစ်ခုတွင် အကြင်လင်မယားနှစ်ဦးတည်းသာရှိနေသာအချိန်တွင် စေ့စပ်သေချာသော လုပ်ငန်းစဉ်အတိုင်း လှုပ်ရှားသွားလာ လုပ်ကိုင်ကြသည်။ သို့သော် သားသမီးရလာသောအခါ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာသည်။ သားသမီးများ အရွယ်ရောက်ကြီးပြင်းလာသောအခါ အသက်အရွယ် အသီးသီး လှုပ်ရှား လုပ်ကိုင်ကြရပြန်သည်။ ထိုကဲ့သို့ဖြင့် ဘုရားသခင်နှင့် လူသားများအကြားတွင်လည်း အလှည့်အပြောင်းရှိသည် (ဂလာ ၄:၁-၅)
ဥပမာအားဖြင့် ကာဣနသည် သူ့ညီ အာဗေလကို သတ်ဖြတ်သည့်အခါ ဘုရားသခင်က အမှတ်အသား တစ်ခုခု ပေးလိုက်သောကြောင့် သူ့အား တစ်စုံတစ်ယောက်ကမှ တဖန်မသတ်ရ (က ၄:၁၅)။ ထို့နောက် ကမ္ဘာကြီးအား ရေလွှမ်းမိုး သန့်စင်ဆေးကြောပြီးနောက်ပိုင်းတွင် “အကြင်သူသည် လူ၏ အသွေးကိုသွန်း၏။ ထိုသူ၏ အသွေးကို လူလက်ဖြင့်သုပ်ရမည်” (က ၉:၆)ဟု ဆိုပြန်သည်။ ဤနေရာတွင် ခေတ်ကာလ အပိုင်းအခြားအရ တိုးတက်ပြောင်းလဲလာကြောင်း တွေ့ရသည်။
ဆာ ၁၃၇:၈-၉ တွင်လည်း အခြားဥပမာတွေ့ရသည်။ ဆာလံဆရာက ဗာဗုလုန်အတွက် ကျိန်ခြင်း အမင်္ဂလာ ခေါ်ပေးစဉ်တွင် “ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည် ငါတို့၌ ပြုသည့်အတိုင်း သင်၌ အပြစ်ကို ဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။ သင်၏သူငယ်ကို ကိုင်ယူ၍ ကျောက်ပေါ်မှာ ဆောင့်သောသူသည် မင်္ဂလာရှိ၏” ဟု ဆိုထားသည်။
သို့သော် များမကြာမီ ခရစ်တော်ဘုရားက “သင်တို့ရန်သူကိုချစ်လော့” သင်တို့ကို ကျိန်ဆဲသော လူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသော သူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက် ညှဉ်းဆဲသော သူတို့အဘို့ ဘုရားသခင်ထံ ဆုတောင်းပေးကြလော့” (မ ၅:၄၄)ဟု ဆိုပြန်သည်။
ပညတ်တရားအောက်တွင် ရှိစဉ်အခါက ဆာလံဆရာ၏စကားသည် ထိုက်တန်သင့်မြတ်သကဲ့သို့ ကျေးဇူးတော်အောက်မှာ ရှိနေသော ယုံကြည်သူများသည် မေတ္တာ၊ ကရုဏာနှင့်ပြည့်စုံကြရပေမည်။
ဝတ် ၁၁တွင် မစင်ကြယ်သော သတ္တဝါများ ကန့်သတ်ထားသော်လည်း မာ ၇:၁၉ တွင် သခင်ယေရှုက စားစရာအစာတိုင်းသည် စင်ကြယ်သည်ဟု ထပ်ပြောပြန်သည်။
ဇေ ၁၀:၃ တွင် ယုဒလူမျိုးများအား လူမျိုးခြား မိန်းမများကို ကွာရှင်းမောင်းထုတ်ခိုင်းသည်။ သို့သော် ဓမ္မသစ်ကျမ်းတွင်မူ မိန်းမကွာရှင်းခွင့်မပြု (၁ကော ၇:၁၂-၁၆)။
ပညတ်တရားခေတ်ကာလတွင် ယဇ်ပုရောဟိတ်များသာလျှင် ဘုရားသခင်ထံတော်သို့ ခစားဝင်ရောက်ခွင့် ရှိသည် (ဟေဗြဲ ၉:၇)။ ကျေးဇူးတော်ကာလတွင်မူ ယုံကြည်သူတိုင်းအဘဘုရားသခင်ထံတော်သို့ အချိန်နေရာမရွေး ဝင်ရောက်နိုင်သည် (ဟေဗြဲ ၁၀:၁၉-၂၂)။
ဤအပြောင်းအလဲများကို ကြည့်ခြင်းအားဖြင့် ခေတ်ကာလအပိုင်းအခြားအလိုက် ဘုရားသခင်နှင့် ဆက်ဆံရေးတိုးတက်ပြောင်းလဲမှုရှိသည်ဟု နားလည်ရသည်။
ခေတ်ကာလအပိုင်းအခြားအလိုက် အပြောင်းလဲမှုရှိသည်ကို ခရစ်ယာန်တိုင်းက လက်မခံကြပါ။ လုံးဝလက်မခံသူများရှိသကဲ့သို့၊ ခရစ်ယာန်အားလုံးက လက်မခံခြင်းလည်းမဟုတ်ပါ။
သို့သော် ထိုသို့ ခေတ်စနစ်ကာလအလိုက် ပြောင်းလဲပုံကို လေ့လာကြပါစို့။ ပထမဦးစွာ ပညတ်တရားနှင့် ကျေးဇူးတော် ရှင်းပြပါမည်။ ယော ၁:၁၇တွင် “ပညတ်တရားတော်ကို မောရှေလက်သို့ ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း” ဟု ဆိုသည်။ သမ္မာကျမ်းအဟောင်းနှင့် အသစ်ဟု ပိုင်းခြားခြင်းသည်ပင်လျှင် ပြောင်းလဲခြင်းနိယာမတရားဖြစ်သည်။ ထို့ထက် ထင်သာမြင်သာအောင် ပြောရလျှင် ယနေ့ခေတ်ကာလ ယုံကြည်သူများသည် တိရစ္ဆာန်ယဇ်ကောင် ပူဇော်စရာ မလိုတော့ပါ။ ဤအချက်(၂)ချက်ကို ကြည့်ခြင်းဖြင့် ဘုရားရှင်၏ အမိန့်တော်ကို သဘောပေါက်နားလည်နိုင်သည်။
သမ္မာကျမ်းစာနှစ်အုပ်အကြား တိုးတက်ပြောင်းလဲလာပုံကို အချို့ယုံကြည်သူများက သတိမထားမိကြ။
အထက်ဖော်ပြပါ အချက်(၂)ချက်ကို သဘောတူ လက်ခံလျှင် တတိယအချက်ကို ထပ်မံရှင်းပြပါမည်။ ဖန်ဆင်းခြင်းကာလကျော်လွန်ပြီ နှစ်ပေါင်းရာနှင့်ချီသည့်တိုင်အောင် ဤထွက်မြောက်ရာကျမ်း အခန်းကြီး(၁၉)ထိ ပညတ်တရား အပိုင်းအခြားကာလဖော်ပြခြင်း မရှိသေးပါ။ ထို့ကြောင့် ပညတ်တရား မပြဌာန်းမီကာလသည်လည်း ခေတ်ကာလတစ်ခု အဖြစ် ဆိုနိုင်သည် (ရော ၅:၁၄ ကိုလည်းကြည့်) (၃)ချက်ရှိသွားပြီ။
ထိုသုံးချက်ကို သဘောတူလျှင် နောက်တစ်ချက်တင်ပြပါဦးမည်။ သမ္မာကျမ်းစာက “နောင်ကပ်ကာလ၏ တန်ခိုး” (ဟေဗြဲ ၆:၅)ဟု ဆိုထားသည်။ ထိုကာလသည် ကမ္ဘာမြေပေါ်သို့ ခရစ်တော်ဘုရားပြန်လည်ကြွလာရောက် အုပ်စိုးမည့်ကာလဖြစ်သည်။ တစ်နည်းအားဖြင့် အနှစ်တစ်ထောင်အုပ်စိုးခြင်းကာလ ဟု လူသိများသည်။
ရှင်ပေါလုကလည်း မျက်မှောက်ကာလနှင့် လာလတံ့သောကာလဟု ခွဲခြမ်းပိုင်းခြားကြသည်။ ဧဝံဂေလိသမ္မာတရားတည်းဟူသော အသင်းတော်နှင့် ဆက်စပ်ဖို့ လိုအပ်ကြောင်းကို (၁ကော် ၉:၁၇၊ ဧ ၃:၂၊ ကော ၁:၂၅)တွင် ပြောသည်။ ထိုစကားသည် ယခုမျက်မှောက်ကာလအကြောင်းဖြစ်သည်။ အနာဂတ်အကြောင်းနှင့်ပတ်သက်၍ ဧ ၁:၁၀တွင် “ထိုနက်နဲသော အရာဟူမူကား၊ ကာလအချိန် စေ့စုံခြင်း၏ သာသနာတွင်” ဟု ဆိုသည်။
ထို့ကြောင့် ယနေ့ ယုံကြည်သူများသည် ကမ္ဘာ့သမိုင်း၏ နောက်ဆုံးလူသားများ မဟုတ်ကြောင်း သိရှိရသည်။
Dr.C.I.Scofield က ထိုခေတ်ကာလအပိုင်းအခြားကို ဤသို့ ရေတွက်ကြသည်။
၁။ ခြောက်ပြစ်ကင်းစင်သည့်ကာလ (က ၁:၂၈)။ ဖန်ဆင်းခါစမှ အာဒံကျရှုံးသည့်အချိန်ထိ။
၂။ သိစိတ် သို့မဟုတ် အမှန်မြင်တတ်သည့်ကာလ (က ၃:၇)။ အာဒံကျရှုံးချိန်မှ ရေလွှမ်းမိုးခြင်းကာလထိ။
၃။ လူ့အစိုးရပေါ်ပေါက်ခြင်း (က ၁၈:၁၅)။ ရေလွှမ်းမိုးခြင်းပြီးဆုံးချိန်မှ ဘုရားသခင်က အာဗြဟံခေါ်သည့် အချိန်ထိ။
၄။ ကတိတော် (က ၁၂:၁) ။ အာဗြဟံခေါ်သည့်အချိန်မှ ကတိတော်ပေးသည့်ကာလထိ။
၅။ ပညတ်တရားတော် (ထွ ၁၉:၁)၊ ပညတ်တရားပေးသည့်နေ့ရက်မှ ပင်တေကုတ္တေနေ့ထိ။
၆။ အသင်းတော်ကာလ (တ ၂:၁)၊ ပင်တေကုတ္တေနေ့မှ အသင်းတော်ချီဆောင်ခြင်းနေ့ရက်ကာလထိ
၇။ နိုင်ငံတော်ကာလ (ဗျာ ၂၀:၄) ခရစ်တော်ဘုရား အနှစ်တစ်ထောင် အုပ်စိုးသည့်ကာလ။၁၈
ဤသို့ခေတ်ကာလ ပိုင်းခြားခြင်းကို စာဖတ်သူ၊ သဘောမတူ၊ ဘဝင်မကျလျှင်လည်း အရေးမကြီးပါ။ သင်ခန်းစာကို ထင်သာမြင်သာရှိနိုင်ပါသည်။ သို့သော် ပထမ(၃)ခုကိုမူ လက်ခံနိုင်လောက်ပါသည်။ ထိုအထဲတွင် ပညတ်တရားနှင့်ကျေးဇူးတော်ကာလ ခွဲခန့်ပိုင်းခြားခြင်းသည် အရေးကြီးသည်။ အခြားအချက်မှာမူ သမ္မာကျမ်းစာ လေ့လာရာတွင် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ သမ္မာကျမ်းစာပါသမျှသည် လူတိုင်း၏ အကျိုးအတွက်ဖြစ်သည် (၂တိ ၃:၁၆)။ သို့သော်လည်း စာဖတ်သူအား တည့်တည့်ချိန်တွယ်၍ ရေးသားခြင်းမဟုတ်။ ကျမ်းပိုဒ်တိုင်းသည် ခေတ်ကာလအခြေအနေ၊ ခေတ်လူများ၏ဘဝစပ်ဟပ်အောင် ရေးသားခြင်းဖြစ်၍ နှောင်းလူများက သင်ခန်းစာအဖြစ် ယူရသည်။ ဥပမာအားဖြင့် ဝတ် ၁၁ပါ တားမြစ်ချက်အစားအစာများသည် ယနေ့ခေတ်ကာလ ယုံကြည်သူများနှင့် မစပ်ဟပ်တော့ပါ။ မာ ၇:၁၈-၁၉ တွင် အသေအချာရှင်းပြထားပါသည်။ စိတ်မသတီ၊ ဝိညာဉ်အသိအနှောင့်အယှက်ဖြစ်သော အစားအစာများကိုသာလျှင် ရှောင်ကြဉ်ရမည် ဟု ဆိုသည်။
ဣသရေလလူမျိုးအား နာခံခြင်းရှိလျှင် စည်းစိမ်ချမ်းသာပေးမည်ဟု ဘုရားသခင်က ကတိတော်ပြုသည် (တရား ၂၈:၁-၆)။ ထိုစည်းစိမ်ချမ်းသာမှာ လောကရုပ်ဝတ္ထုပစ္စည်းကြွယ်ဝခြင်းဖြစ်သည်။ သို့သော် ယနေ့ကာလနှင့်မသက်ဆိုင်။ ဘုရားသခင်၏ စကား နားထောင်သူများအား လောကစည်းစိမ်ချမ်းသာပေးမည်ဟု ကတိတော်မရှိ။ လောကစည်းစိမ်ချမ်းသာခြင်းအစား ကောင်းကင်ဆိုင်ရာ ဝိညာဉ်ရေးရာ ချမ်းသာကြွယ်ဝမှုဖြစ်သည်။ (ဧ ၁:၃)။
ထိုကဲ့သို့ ခေတ်ကာလအခြေအနေအလိုက် အမျိုးမျိုးပြောင်းလဲနေသော်လည်း ပြောင်းလဲခြင်းမရှိသည့် တစ်ခုတည်းသောအရာမှာ ဧဝံဂေလိတရားဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိကြသကဲ့သို့ အစဉ်သဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ရရှိကြဦးမည်။ ခေတ်အဆက်ဆက် မပြောင်းလဲနိုင်သော နိယာမမှာ လက်ဝါးကပ်တိုင်ပေါ်တွင် ပြုခဲ့သော ခရစ်တော်၏ အမှုတော်ဖြစ်သည်။၁၉ ဓမ္မဟောင်းကာလတွင် ဘုရားသခင်နှင့် ဆက်စပ်ခြင်းကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရရှိကြသည်။ ဥပမာအားဖြင့် အာဗြဟံသည် မိုးကောင်းကင်ကြယ်များကဲ့သို့ များပြားသော လူတို့၏ ဖခင်ဖြစ်စေမည်ဟူသော ကတိတော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိသည် (က ၁၅:၅-၆)။ အာဗြဟံသည် နောင်နှစ်ပေါင်းများစွာတွင် ဖြစ်ပေါ်လာသော သခင်ယေရှု၏ ကရာနီအမှုတော်အကြောင်းကို လုံးဝမသိရှိပါ။ သို့သော် ဘုရားသခင်ကို သိရှိသည်။ ယုံကြည်သည်။ အာဗြဟံ၏ယုံကြည်ခြင်းသည် ကရာနီကုန်းပေါ်တွင် ခရစ်တော်ပြုခဲ့သော အမှုတော်၏တန်ဖိုး အဖြစ်သို့ ရောက်ရှိသွားသည်။
ဆရာကြီးတစ်ပါးကမူ ရှေးသန့်ရှင်းသူများသည် ယုံကြည်ခြင်း စိတ်ချသူများဖြစ်သည်ဟု မှတ်ချက်ချဖူးသည်။ နှစ်ပေါင်းများစွာကြာမှ သခင်ယေရှုအမှုတော်ပြည့်စုံသော်လည်း ထိုသူများ၏ ယုံကြည်ခြင်းအကြုံးဝင်သည် (ရော ၃:၂၅)။ ယနေ့ယုံကြည်သူများလည်း လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်က ခရစ်တော်ပြုခဲ့သော အမှုတော်တွင်အကြုံးဝင်ကြသည်။ သို့သော် ထိုယုံကြည်ခြင်းနှစ်ခုစလုံးသည် ဘုရားသခင်အား ယုံကြည်ခြင်း ဖြင့်ရသည်။
ပညတ်တရားအောက်၌ ရှိသူများသည် ပညတ်တရားကို အစုံအလင်စောင့်ထိန်းခြင်းဖြင့် သို့မဟုတ် ယဇ်ပူဇော်ခြင်းဖြင့် အမှန်တယ် ကယ်တင်ခြင်းရကြသလား။ ပညတ်တရားသည် အပြစ်ကို ဖော်ထုတ်ခြင်းသာ ဖော်ပြနိုင်သည်။ ကယ်ထုတ်ခြင်းမပြုနိုင်ပါ (ရော ၃:၂၀)။ ဆိတ်၊ သိုး၊ နွားအစရှိသော တိရစ္ဆာန်ယဇ်ကောင်များ၏ အသွေးကလည်း အပြစ်ကို မဆေးကြောနိုင်ပါ (ဟေဗြဲ ၁၀:၄)။ ဘုရားသခင်ကို ယုံကြည်ခြင်းနည်းလမ်းမှတပါး အပြစ်ဆေးကြောစရာနည်းလမ်းမရှိ (ရော ၅:၁ ကိုကြည့်)။
အရေးကြီး သတိထားရမည့်အချက်တစ်ခုရှိသည်။ မျက်မှောက်အသင်းတော်ကာလကို ကျေးဇူးတော်ကာလဟု ဆိုသောအခါ အတိတ်ကာလတွင် ဘုရားသခင်၏ ကျေးဇူးတော်မရှိခဲ့ဟု ဆိုလိုခြင်းမဟုတ်။ ပညတ်တရားတော်မှာ ရှိစဉ်ကာလထက်အသင်းတော်ကာလတွင် ကျေးဇူးတော် ပိုမိုထင်ရှားသည်ဟု ဆိုလိုသည်။
ထို့အပြင် ခေတ်ကာလသည် တုံးတိဖြတ်တောက်ခြင်းမဟုတ်ပါ။ ကာလတစ်ခုမှတစ်ခုသို့ ညင်သာစွာ ကူးပြောင်းပါသည်။ ထိုသို့ပြောင်းလဲပုံကို တမန်တော်ဝတ္ထုတွင် တွေ့မြင်နိုင်သည်။ ယခင်ရှိရင်းစွဲ အခြေအနေမှ အသင်းတော်ကာလသို့ ကူးပြောင်းလာသည်။ ထိုကာလသည် အသင်းတော် ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီးကာလထိ ရှိနေဦးမည်။ လူတို့၏ အပြစ်ဒုစရိုက်များပေါ်ထွင်ထင်ရှား၍ ယေရုရှလင် ဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ကြဦးမည်။
နောက်ဆုံးစကားမှာ ခေတ်ကာလအပိုင်းအခြား လေ့လာခြင်းသည် အငြင်းပွားရှုပ်ထွေးစရာရှိပါသည်။ အချို့အစွန်းရောက် ခရစ်ယာန်များက ရှင်ပေါ်လုထောင်ထဲမှ ရေးသားသည့်ဩဝါဒစာများမှစ၍ ယနေ့ခေတ်ကာလထိကို တစ်ခေတ်အဖြစ်သတ်မှတ်ချင်ကြသည်။ ပေတရု၏ဩဝါဒစာများ ကိုလည်း ပေါလု၏ ပေးစားများနှင့်မတူဟု သဘောထားကြသည် (ဂလာ ၁:၈ နှင့်ယှည်ဖတ်ပါ)။ ထိုသူများကို “ခေတ်ကာလလွန် ဝါဒီများ၊ Bullinger နောက်မြီးဆွဲများဟု အချို့က နာမည်ပေးကြသည်။ ထိုသို့ အစွန်းရောက်ခေတ်ကာလ ပိုင်းခြားခြင်းသည် လွန်လွန်းသည်။
၁၉:၁၀–၂၀ လူအပေါင်းတို့သည် ဘုရားသခင်အား ဖူးမြင်ကြရန် အသင့်ပြင်ဆင်ကြသည်။ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်ကြသည်။ အဝတ်အစားများကို လျှော်ဖတ်သန့်ရှင်းကြပြီ။ (၃)ရက်အတွင်း လင်မယားအတူတူ မအိပ်ကြ။ ထိုသို့ပြုလုပ်ခြင်းမှာ ဘုရားသခင်သည် သန့်ရှင်းစင်ကြယ်သော ဘုရားဖြစ်သောကြောင့် သန့်ရှင်းစွာ ချဉ်းကပ်ရသည်။ သိနာတောင်ပေါ်သို့မတက်ရန် တားမြစ်ပိတ်ပင်ထားသည်။ လူအသေကောင်သော်၎င်း၊ တိရစ္ဆာန်အသေကောင်သော်၎င်း၊ ကိုင်တွယ်ခြင်းမပြုရ။ ပရိသတ်သည် သိနာတောင်ခြေ မြှားတပစ်၊ ခဲတပစ် ဝေးရသောအရပ်မှာ စုရုံးကြသည်။ အာရုန်နှင့်မောရှေသာလျှင် ဆိတ်ချိုတံပိုးမှုတ်သံကြားသည့်အခါ သိနာတောင်သို့ ချဉ်းကပ်ရသည် (ငယ် ၂၄)။ နံနက်အချိန်၌ တောင်ပေါ်မှ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့် လူအပေါင်းတို့သည် တုန်လှုပ်ကြသည်။ ထိုသို့ လူအပေါင်းတုန်လှုပ်ခြင်းသည် ဘုရားသခင် ဖူးတွေ့မြင်ခြင်း လက္ခဏာဖြစ်၍ ပညတ်တော်တရားပေးမည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။