ထွက်မြောက်ရာကျမ်း ၇
၇:၁–၅ အခန်းကြီး(၆) တွင် မောရှေသည် ဖာရောမင်းထံသို့ ဝင်ရောက်ခစားခြင်းဖြင့် အဆုံးသတ်ထားသည်။ ဖာရောမင်းရှေ့သို့ မောရှေ ရောက်ရှိခြင်းသည် ဘုရားသခင်၏ ကိုယ်စားလှယ်တော် အဖြစ်ဖြင့် ခစားခြင်းဖြစ်သည်။ မောရှေက ဆိုလိုရင်းအဓိပ္ပါယ်ကို အာရုန်သို့ ပြောပြ၍ အာရုန်က ချောမောပြေပြစ်အောင် ပြောဆိုပေးသည်။ ဖာရောမင်းက သဘောမတူလက်မခံသော်လည်း ဘုရားသခင်၏ စကားတော်ကို မည်သူငြင်းဆန်နိုင်မည်နည်း။
၇:၆ အာရုန်သည် အသက်(၈၃)နှစ် ရှိ၍ မောရှေသည် အသက်(၈၀)အရွယ်ရှိနေကြသည်။ ဘဝအတွေ့အကြုံရင့်ကျက်ပြီး၊ သမ္မာစစ် သမ္မာတရားမှန် သိရှိသောအခါမှ အမှုတော်ထမ်းဆောင်သူများဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း သက်ကြီးရွယ်အိုများကို ဘုရားသခင်က အသုံးပြုပါသည်။ ဘဝနေညိုစောင်း၍ ဇရာအိုမင်းဘဝဟု အားငယ်စရာ မရှိပါ။
(ခ) ဒုတိယအကြိမ်တွေ့ဆုံခြင်း (၇:၇-၇း၁၃)
၇:၇–၁၃ ဖာရောမင်းအကြပ်အတည်းဒုက္ခတွေ့ပြီ။ မောရှေ၏တောင်ဝှေး မြွေဖြစ်သွားသည့် အတိုင်းဖာရောမင်း နတ်ဆရာများ၏ တောင်ဝှေးများလည်း မြွေဖြစ်သွားကြသော်လည်း မောရှေမြွေက ကိုက်စားမြိုချကုန်သည်။ ဖာရော၏မျက်လှည့်ဆရာများသည် စာတန်ထံမှ တန်ခိုးရရှိခြင်း ဖြစ်သည်။ ၂တိ ၃:၈ တွင်အဲဂုတ္တုပြည်သားများသည် ယန္နေနှင့် ယံဗြေနတ်ဆိုးထံမှ တန်ခိုးရယူကြသည်ဟု ဆိုသည်။ ဖာရောမင်းခေါင်းမာပုံကို ဘုရားရှင်သိသည်။ သို့သော် ဘုရားရှင်သည် အာဏာရှင်စနစ်မကျင့်သုံး။ ဖာရောမင်းအား စိတ်ဓာတ်ပျော့ပျောင်းစေလိုသည်။ ထို့ကြောင့်စိတ်နှလုံးပျော့ပြောင်းစေရန် ကပ်ဆိုးကြီးများဖြင့် ဆုံးမသွန်သင်သည်။
၅။ ပထမအကြိမ်ကပ်ဆိုး(၉)ပါး (၇:၁၄–၁၀:၂၉)
(က) ပထမကပ်ဆိုး၊နိုင်းလ်မြစ်သွေးနီရေဖြစ်ခြင်း (၇:၁၄–၂၅)
၇:၁၄–၁၈ ဘုရားသခင်သည် မောရှေကိုဖာရောမင်းအား ရေဆိပ်တွင် ရင်ဆိုင်ခိုင်းသည်။ ရေဆိပ်သို့ ဖာရောမင်း ကြွရောက်မလာမှီ မောရှေသည် ရေဆိပ်သို့ ရောက်နှင့်သည်။ (မြစ်ထဲတွင်ရေချိုးရန် သွားဟန်ရှိသည်)။ ဖာရောမင်းက မောရှေအား အလျှော့မပေးသောအခါ မောရှေသည် ဖာရောမင်းစိတ်လျော့လာစေရန် တောင်ဝှေးဖြင့် နိုင်းလ်မြစ်ရေပြင်အား ရိုက်ခတ်ရာ မြစ်ရေတပြင်လုံး သွေးဖြစ်သွားသည်။ ရေထဲရှိငါးများသည်လည်း သေကြေကြပြီး မြစ်ဝှမ်းတစ်ခုလုံး ပုပ်စော်နံကုန်သည်။
၇:၁၉–၂၅ မောရှေနှင့် အာရုန်သည် ဘုရားသခင်၏ အမိန့်တော်အတိုင်း လက်ဆန့်တန်းကြသောအခါ အုန်းမှုတ်ခွက်နှင့် နွားခြေရာခွက် ရေများပါမကျန်၊ အဲဂုတ္တုပြည်တလျှောက်လုံးရှိ ရေများသည် သွေးနီရဲရဲဖြစ်ကုန်သည်။ ရေထဲရှိ ငါးများသည်လည်း သေကြေပျက်စီးကြသည်။ နိုင်းလ်မြစ်ရေတပြင်လုံး (၇)ရက်တိတိ သွေးရေဖြစ်၍ သောက်သုံးမရသဖြင့် ရေတွင်းတူးကြသည်။ သို့သော် ဖာရောမင်းသည် မောရှေ၏ တောင်းဆိုချက်အား လိုက်လျောခြင်းမပြု။ ခေါင်းမာနေဆဲ။