ကမ္ဘာဦးကျမ်း ၁၆
၅။ လူ့ဇာတိသား ဣသမေလ (အခန်း ၁၆–၁၇)
၁၆:၁–၆ ပြတ်တောက်ရပ်စဲခြင်းမရှိ၊ တစ်နွယ်ငင် တစ်ပင်လိုက်ပါတတ်သော အပြစ်ဒုစရိုက် အကြောင်း တွေ့ရသည်။ စာရာသည် သားရမည့်အကြောင်း ဘုရားသခင်၏ ကတိတော်ကို မစောင့်နိုင်ဘဲ သူ့ယောက်ျား အာဗြဟံအား ကျွန်မ ဟာဂရ နှင့် အတူတူအိပ်ခိုင်းသည်။ အဲဂုတ္တုပြည်မှ ပါလာသော ဝိညာဉ်ဆိုး ဖြစ်သည်။ ဘုရားသခင်သည် တရားတော်နှင့် အညီ လက်ထပ်ထိမ်းမြားခြင်းမပြုသော အိမ်ထောင်စုအား မရှုတ်ချသော်လည်း အသိအမှတ်မပြု။ ဟာဂရ ကိုယ်လေးလက်ဝန် ရှိလာသောအခါ သားမမွေးနိုင်သော အမြုံမ အဖြစ် သူ့ သခင်မကိုသရော်သည်။ သို့နှင့် စာရာသည် အာဗြဟံအား ဖျောင်းဖျပြီး ကျွန်မ ဟာဂရကို အိမ်မှ နှင်ချ မောင်းထုတ်ခိုင်းသည်။ ဤအဖြစ်အပျက်သည် ကျေးဇူးတော်နှင့် ပညတ်တရား ကွာခြားချက် ဖြစ်သည်။ မည်သို့မျှ ပေါင်းစပ်၍ မရနိုင် (ဂလာ ၄:၂၁-၃၁)။ အချို့ ကျမ်းတတ် ပုဂ္ဂိုလ်များက ဤကဲ့သို့ အိမ်မှ နှင်ချမောင်းထုတ်ခြင်းသည် ခရစ်ယာန်အကျင့်နှင့် မညီဟု ဝေဖန်ကြသည်။
၁၆:၇–၁၅ အဲဂုတ္တပြည်သွားလမ်း ရှရ အရပ်တွင် ကန္တာရထဲ၌ ဟာဂရ ဆင်းရဲဒုက္ခ ရောက်နေစဉ် ဘုရားသခင်၏ ကောင်းကင်တမန်ပေါ်လာသည်။ ထိုသူသည် သခင်ခရစ်တော်ဖြစ်သည်ဟု Christophany ဝါဒီများက ဆိုကြသည်။ (တရား ၆ တွင် ရှင်းပြသည့် ဘုရားသခင်၏ ကောင်းကင်တမန်များ အကြောင်းကို ကြည့်ပါ)။ ကောင်းကင်တမန်က ဟာဂရအား သခင်မ စာရာထံသွား၍ ဝန်ချတောင်းပန်ဖို့ တိုက်တွန်းသည်။ သူမ၏ သားကိုလည်း လူမျိုးကြီး၏ ဖခင်ဖြစ်စေဖို့ ကတိပြုခဲ့သည်။ ထိုကတိတော်သည် ပြည့်စုံကြောင်း အာရပ်လူမျိုးကို ကြည့်ရှုခြင်းဖြင့် နားလည်နိုင်သည်။ “ပြန်သွား၍ ဝန်ချတောင်းပန်“ ဟူသော စကားရပ်သည် လူတိုင်း၏ ဘဝတစ်ဆစ်ချိုးကွေ့၊ ဘုရားသခင်ထံတော်သို့ ဦးလည်မော့ခြင်းဖြစ်သည်။
အပိုဒ်ငယ်(၁၃)တွင် ပါရှိသော ဟာဂရ၏ စကားကို ဖတ်ကြည့်ပါ။ ငါ့ကို မြင်တော်မူသောသူအား ဤအရပ်၌ ငါမြင်ဖူးသည်။ “ထိုကောင်းကင်တမန်ပြသော ရေတွင်းကိုလည်း “Beer lahai Roi” နာမည်တွင်သည်။ (အဓိပ္ပါယ်မှာ စကားပြေဖြင့် ပြောရလျှင် အကျွန်ုပ်တွေ့မြင်၍ အသက်ဆက်ပေးသော နေရာ)၁၄ ဖြစ်သည်။
၁၆:၁၆ ဟာဂရက ဣသမေလမွေးဖွားချိန်တွင် အာဗြဟံသည် အသက်(၈၆) နှစ်ရှိသည် ဣသမေလ၏ အဓိပ္ပါယ်မှာ ‘ဘုရားသခင်က နားညောင်းသည်’ ဖြစ်သည်။ ဤနေရာတွင် ဟာဂရသည် ပညတ်တရား အသွင်ဆောင်၍ စာရာသည် ကျေးဇူးတော် ဆောင်သည် (ဂလာ ၄ ကိုကြည့်)။