ဆာလံကျမ်း ၅၆
ဆာ ၅၆ ဘုရားသခင်သည်ငါ့အတွက်
ဒါဝိဒ်မင်းသည်ဂါသပြည်ဖိလိတ္တိလူများအကြားတွင် ခိုလှုံရာရှာဖွေနေသည် (၁ရာ ၂၁:၁၀.၁၅၊ ၂၇:၄၊ ၂၉:၂.၁၁)။ ရှောလုဘုရင်က လိုက်လံတိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုသို့ အသက်ကိုဖက်ဖြင့်ထုတ်၍ ကြောက်ရွံ့ခြင်းလှိုင်းထမ်းပိုး ထန်ချိန်တွင်ယုံကြည်ခြင်းက မျှော်လင့်ခြင်း ခွန်အားပေးလာသည်။
၅၆:၁.၁၂ အမဲလိုက်ခွေးပမာ ထပ်ချပ်မကွာလိုက်လာကြသော ရန်သူများ၏ဘေးရန်မှ ကွယ်ကာလုံခြုံပေးရန် ဦးစွာဘုရားသခင်ထံဆုတောင်းသည်။ ရန်သူများကတနေကုန်တနေခင်း ဘေးရန်(၃)မျိုးပေးနေကြသည်။
အကျွန်ုပ်ကို နှိပ်စက်ကြသည် (ငယ် ၁) လိုက်စားအံ့သောငှာ…ရန်တိုက်ကြ၏ (ငယ် ၂) ငါ့စကားကိုအလွဲယူကြ၏ (ငယ် ၅)
ရန်သူများက မနေမနားထပ်ချပ်လိုက်တိုက်ကသည်။ မဟုတ်မမှန်စွပ်စွဲကြသည်။ ပြဿနာ မီးခွက်ထွန်းရှာကြသည်။ လိုက်လံချောင်းမြောင်းကြသည် (ငယ် ၂၊၅၊၆)။ အားလုံးခြုံကြည့်လိုက် လျှင်သေကြောင်းကြံစည်ကြသည်။
၅၆:၃ “အကျွန်ုပ်သည် ကြောက်ရွံ့သောအခါကိုယ်တော်ကို ခိုလှုံပါသည်။” ထိုစကားကို Delitzsch က”ဒုက္ခသည်များ၏ခိုလှုံရာ” ဟုဆိုသည်။ ဘုရားသခင်၏ကတိတော်၌ တည်မှီခြင်း ဖြစ်သည်။ ကိုယ်တော်သည် ရှိရှိသမျှရန်သူထက် ခွန်အားပိုကြီးသည်။ ရန်သူများ ဘေးရန်မှ ကွယ်ကာမည့် ကတိတော်ပေးထားသည်။ ကိုယ်တော်ပေးသော လုံခြုံရေးကို မည်သူမှ မထိုးဖောက် မကျူးကျော်နိုင်ပါ။ ထို့ကြောင့်လည်း ယုံမှားသံသယမရှိဘဲ၊ ကိုယ်တော်ကို ကိုးစားရသည်။
၅၆:၄–၆ သို့ဖြစ်လျှင် လူတွေက အကျွန်ုပ်ကိုဘာလုပ်နိုင်ကြတော့မည်နည်း။ လူတွေက အမျိုးမျိုးလုပ်နိုင်ပါသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဒဏက်ရာအနာတရဖြစ်စေခြင်း၊ ချိနဲ့စေခြင်း၊ ပစ်ခတ်ခြင်း၊ သတ်ပစ်ခြင်းအစရှိသဖြင့် လုပ်နိုင်ကြပါသည်။ သို့သော်လည်း ဘုရားသင်၏ သားသမီးများသည် လူ့ကံမဆုံးမီး မသေနိုင်။ ထိုကဲ့သို့ပင် ဒါဝိဒ်သည် သူ့ကိစ္စဝိစ္စမပြီးခင် မသေဟု ခံယူထားသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ သခင်ယေရှုကိုယ်တိုင် ဤသို့ဆိုထားသည်-
ကိုယ်ခန္ဓာကိုသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲသို့ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။ (မ ၁၀:၂၈)
၅၆:၇ ရန်သူများ၏ မတော်မတရားမှုကို လျှောက်လဲပြီးနောက် ဒါဝိဒ်သည် ဘုရားသခင် ထံသို့ဆုတောင်းသည်။ ထိုလိမ်လည်လှည့်ဖျားသူများကို အမျက်တော် သင့်၍ဖျက်ဆီးပစ်ပါ။
၅၆:၈ ဘုရားသခင်က လူတဦးချင်းအပေါ် ဂရုစိုက်သည့်အကြောင်း ဖြစ်သည်။ လူတို့၏ လှည့်လည်သွားလာမှု တနည်းအားဖြင့် ညဉ့်အချိန်တိုင်အောင် သမုဒ္ဒရာဝမ်းတထွာအတွက် ရှာဖွေပင်ပန်းမှုများကို ဂရုစိုက်သည်။ ကြေကွဲမှုကြောင့် ကျသောမျက်ရည်များကို ပုလင်းထဲတွင် သိမ်းဆည်းထား ပေးသည်။ ထိုအပြုအမှုသည် ရှေးဦးလူသားများအကျင့်ဖြစ်သည်။ ဥပမာအားဖြင့် ဆွေမျိုးရင်းခြာများ မိတ်ဆွေများ ကွယ်လွန်သွားသည့်အခါ အောက်မေ့သတိရ၍ လွမ်းဆွတ်တိုင်း ပုလင်းထဲတွင် အမှတ်တရပစ္စည်းသိမ်းဆည်းထားလေ့ရှိသည်။ ထိုအဖြစ်အပျက်အတိုင်းပင် ဘုရားသခင်က စာအုပ်ထဲတွင် ကျွန်ုပ်တို့၏ မျက်ရည်စများကို သိမ်းဆည်းထားပေးသည်။ ထိုကဲ့သို့ပင် သခင်ယေရှုက ဦးခေါင်းပေါ်မှ ဆံခြည်မျှင်တချောင်းမှစ၍ ရေတွက်ထားကြောင်း သွန်သင်သည်။
၅၆:၉ ဆုတောင်းသည့်အတိုင်း ဘုရားသခင်က ရန်သူများကို လန်ကျစေမည်ဟု ဒါဝိဒ် ယုံကြည်သည်။ ယုံကြည်သူများသည်လည်း ထိုအတိုင်း ဆုတောင်းခြင်း၏အဖြေရရှိကြသည်။ ဘုရားသခင်သည် ငါတို့ဘက်မှာရှိနေလျှင် ဆန့်ကျင်ဘက်အရပ်၌ မည်သူရှိနိုင်မည်လဲ (ရော ၈:၃၁)။
လူ့ဘဝမှာ အဓိကမေးခွန်းတစ်ခုသာရှိသည်။ အခြားအရာများသည် ဆန်ကွဲသာဖြစ်သည်။ ထိုစကားမျာ “ဘုရားသခင်သည် ငါတို့အတွက်ဟုတ်ပါသလား” ဟူသောမေးခွန်းဖြစ်သည်။ ဒါဝိဒ် သည် ဘုရားသခင်ကိုယုံကြည်စိတ်ချသည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားသူသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိ (Daily Notes of the Scripture Union)။
၅၆:၁၀–၁၁ ဤအပိုဒ်သည် ၂ခုသည် အပိုဒ်ငယ် ၄ ကို တဖန်ပြန်ကျော့သည်။ သို့သော်လည်း ဘုရားသခင်၏ နာမတော်ကို တမျိုးတဘာသာစီသုံးထားသည်။
ဘုရားသခင် (Elohim) ကို အမှီပြု၍နှုတ်ကပတ်တော်၌ ဝါကြွားမည်။
ငါသည် ဘုရားသခင် (Jehovah) ကိုခိုလှုံသည် ဖြစ်၍ ကြောက်စရာမရှိ။
လူသည်ငါ့ကို ဘာလုပ်နိုင်သနည်း
ဆာလံဆရာက ဘုန်းတန်ခိုးကြီးများသော ဘုရားရှင်၏ ကတိတော်၊ ကတိတော်တည်သော အရှင်သခင်၊ ဘေးရန်လုံခြုံမှုပေးသောသခင်ကို ယုံကြည်စိတ်ချသည်။ မည်သည့်လူကမှ သူ့ကို ဘေးဒုက္ခမပြုနိုင်ဟု ခံယူသည်။
၅၆:၁၂–၁၃ မျက်မှောက်ကာလသည် တွေ့ကြုံသည့်အတိုင်းအနာဂတ်ကာလတွင်လည်း ဘုရားသခင်၏ကတိတော် တည်မြဲမည်ဟုတထစ်ချယုံကြည်သည်။ ရန်သူ့နယ်မြေထဲတွင်ကျရောက် နေသော်လည်းဘုရားသခင်၏ကယ်တင်ခြင်းယုံကြည်စိတ်ချရသောကြောင့် ပျော်ရွှင်ဝမ်းမြောက် နေသည်။ အသက်ကိုကွယ်ကာပေးခဲ့သည်။ ခလုတ်မထိဆူးမငြိဘဲလျှောက်လှမ်းလျှောက်လှမ်းနိုင် ရန် ခြေလှမ်းတိုင်းကိုစောင့်ရှောက်ခြင်းပေးမည်။ ဘုရားသခင်၏အလင်းထဲ၌ လျှောက်လှမ်းမြဲ လျှောက်လှမ်းနေမည်။