ရှင်ပေတရုသြဝါဒစာပဌမစောင် ၂
၂:၁ အဘယ်ကြောင့်ဆိုသော် အသစ်တဖန်မွေးဖွားသူများသည် ဘုရားသခင်နှင့်ဆိုင်သော အသက်တာရရှိကြရကား မလိုလားအပ်သောအောက်ပါအကျင့် လက္ခဏများ လုံးဝကင်းရှင်းရသည်။
မစ္ဆေရစိတ်ပြောဆိုခြင်း၊ အခြားသူများအား မလိုမုန်းတား မကောင်းကြံစည်ခြင်း ဖြစ်သည်။ မစ္ဆေရစိတ်သည် ဖီလာဆန့်ကျင် ကန့်လန့်ဘုကလန့် ဖြစ်စေသည်။ ငြူစူသည်။ အညှိုးထားလျက် လက်တုံ့ပြန် ကလဲ့စားချေတတ်သည်။ သူတစ်ပါးကိုဒုက္ခပေးသည်။ တခါက George Washington Carver သည် အသားမဲဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့်ငြင်းပယ်ခြင်းခံရသည်။ နောင်တွင် ထိုတက္ကသိုလ်နာမည်အား မေးမြန်းသောအခါ “မသိချင်ကြပါနှင့်။ အဲ့ဒီအရာတွေအသုံးမဝင် တော့ပါဘူး” ဟုပြန်လည်ဖြေကြားသည်။ သူ့တွင်မစ္ဆေရစိတ် ကင်းကြောင်းကို ဖော်ပြသည်။
လှည့်ဖြားခြင်း – မရိုးသားခြင်းနှင့် ကောက်ကျစ်စဉ်းလဲခြင်း ဖြစ်သည်။ ဝင်ငွေခွန် တိမ်းရှောင်ခြင်း၊ စာမေးပွဲတွင် ခိုးချခြင်း၊ အသက်လိမ်ခြင်း၊ လာတ်ပေးလာဘ်ယူ၊ မျက်နှာလိုမျက်နှာရလုပ်ခြင်း စသည့်အရာများ ပါသည်။
ကြောင်သူတော် – မရိုးသား ဟန်ဆောင်ခြင်းသည် ရှက်စရာ ဖြစ်သည်။ ဟန်ဆောင်ခြင်း သည်အစစ်အမှန် မဟုတ်သောအရာကို အဟုတ်အမှန်သကဲ့သို့ သရုပ်ဆောင်ခြင်း ဖြစ်သည်။ သူ့အိမ်တွင် စစ်ပွဲဖြစ်နေသည်ကို ပျော်ရွှင်ပွဲ ကျင်းပနေသကဲ့ ဟန်ဆောင်တတ်သည်။ အားလပ်ရက်များတွင် ဇာတိသွေးဇာတိမာန် သောင်းကျန်းနေသော်လည်း တနင်္ဂနွေနေ့ ဘုရားကျောင်းတွင်မူ သူတော်စင်ကဲ့သို့ ပြုမူနေထိုင်တတ်သည်။ မည်သို့ပင် ဟန်ဆောင်ကောင်းစေကာမူ ဗီဇသည် ဗီဇဖြစ် ပါသည်။
မနာလိုမုန်းထားရှိခြင်း – သူတပါးကောင်းစားခြင်းကို မရှုစိမ့်ခြင်း ဖြစ်သည်။ အကြား၊ အမြင်ဖြင့် သူတပါးအောင်မြင်မှုအား စိတ်မချမ်းမသာ ဖြစ်နေခြင်းမျိုး ဖြစ်သည်။ ပိလတ်မင်းသည် ထိုမနာလိုမုန်းထားစိတ်ကြောင့် ခရစ်တော်အား သေစေသည်။ အမျိုးသမီးများသည် သူတို့ထက်သာသော အိုးအိမ်ခြံ၊ အဝတ်အစားနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပိုင်ဆိုင်သူကို မနာလိုဘဲ မျက်မုန်းကျိုးတတ်ကြသည်။ အမျိုးသားများသည် မိတ်ဆွေများ၏ ကားသစ်၊ စက်လှေဘုတ်များကို ချီးမွမ်းကြသော်လည်း စိတ်ထဲမျာ “နေနှင့်ဦးပေါ့ကွာ၊ မင်းထက်သာအောင် လုပ်ပြမည်” ဟု ကြုံးဝါးတတ်ကြသည်။
ဖရုသဝါစာ – စကားဆိုသည်မှာ မကြားဝံ့မနာသော ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆို ယိုးစွပ်ခြင်း မျိုးဖြစ်သည်။ ဂုဏ်သိက္ခာညှိုးနွမ်းထိပါးအောင် ပြောဆိုခြင်းသည် အမြင်မကြည်လင်ခြင်း ဖြစ်သည်။ ကုသိုလ်တစ်ပဲငရဲ တစ်ပိဿစကားမျိုး ဖြစ်သည်။ “သူကတော့ ချစ်စရာလေးပါလဲ၊ ဒါပေမယ့် ဟိုကိစ္စကတော့ အရှုပ်ဆိုးလွန်းတာပေါ့ကွာ” ဆိုသောစကားမျိုးဖြင့် အမြီးလှန်ချိုး တတ်ကြသည်။ နောက်တစ်မျိုးကား “ဆုတောင်းပေးဖို့ ပြောတာနော် သူများကိုတော့ မပြောပြနဲ့” ဟုပြောတတ်ကြသည်။ ထိုသို့ဖြင့် စကားနောက်တရား ပါသွားတတ်ပါသည်။
ဤအပြစ်များသည် သင့်အိမ်နီးနားခြင်းအား ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တော်ကို ဆန့်ကျင်ချိုးဖောက်ခြင်း ဖြစ်သည်။ ဤသွန်သင်ချက်များသည် အသေးအဖွဲဆိုသော်လည်း လက်တွေ့ အသက်တာတွင် အမှန်တကယ်လိုအပ်ချက်ဖြစ်သည်။
၂:၂ ဒုတိယသွန်သင်တိုက်တွန်းချက်မှာ အသစ်တဖန်မွေးဖွားသူသည် နှုတ်ကပတ်တော် ဝိညာဉ်နို့ကို မွေးစခလေးငယ်ကဲ့သို့ ဆာလောင်ငတ်မွတ်ရမည့် အကြောင်းဖြစ်သည်။ ယခင်ကျမ်းပိုဒ် များအတိုင်း အပြစ်ဒုစရိုက်သည် ဝိညာဉ်ရေးရာ ကြီးထွားမှု၏ အဟန့်အတား ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ကောင်းမှုကား မြေသြဇာကောင်းကဲ့သို့ အသီးအနှံဖွံ့ထွားစေသည်။
မွေးခါစကလေးဆိုရာတွင် စာဖတ်ပရိတ်သတ်အား ယုံကြည်ခါစရှိသူများဟု ဆိုလိုခြင်းမဟုတ်ပါ။ နှစ်ပေါင်းများစွာကတည်းက ကယ်တင်ခြင်း ရရှိပြီးသူများလည်း ဖြစ်နိုင်သည်။ သို့သော် အိုသည်ဖြစ်စေ၊ နုသည်ဖြစ်စေ၊ နှုတ်ကပတ်တော် နို့ဆာသကဲ့သို့ ဆာလောင်ရမည်ဟု ဆိုလိုသည်။ ကျန်းမာသော ခလေးသည် အငမ်းမရ မက်မက်မောမောစို့၍ တဂွတ်ဂွတ်မြိုချတတ်သည်။
နှုတ်ကပတ်တော်နို့စစ်စစ် သောက်သုံးခြင်းဖြင့် ယုံကြည်သူများ၏ ဝိညာဉ်ရေးရာကြီးထွား စေပါသည်။ ဝညာဉ်ရေးရာ ကြီးထွားခြင်း၏ အဆုံးစွန်သောရည်မှန်းချက်မှာ ဤဘဝအသက်တာတွင် သခင်ယေရှု ခရစ်တော်နှင့် ဆင်တူရန်ဖြစ်သည်။
၂:၃ တကယ်မြည်းစမ်းသူတိုင်း ဘုရားသခင်၏ကောင်းမြတ်ခြင်းကို နားလည်ကြသည်။ နှုတ်ကပတ်တော် နို့စစ်စစ်သောက်သုံးခြင်းသည် အဘယ်အကျိုး ဖြစ်ထွန်းသနည်း။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သံသယမရှိဘဲ၊ စိတ်ချယုံကြည်စွာ မြည်းစမ်းကြည့်ပါ (ဆာ ၃၄:၈)။ ကိုယ်တော်၏ ပူဇော်သက္ကာသည် နှုတ်ဖြင့်မြွတ်ဆိုမမှီနိုင်သော ကောင်းမြတ်ခြင်းနှင့်ကရုဏာတော် ဖြစ်သည် (တိ၃:၄)။ ကိုယ်တော်အားသာ၍သာ၍ ချီးမွမ်းဆက်ကပ်ချင်ပါမည်။ ကိုယ်တော်နှင့်နီးစပ်၍ ချိမြိန်သောအရသာက အထံတော်ပါးမှ ဝေးလွင့်မည့်အကြံကို ဘယ်သောအခါမှခွင့်မပြုနိုင်ပါ။
(ဃ) အိမ်တော်သစ်၊ ယဇ်ပုရောဟိတ်နှင့်အခွင့်ထူ (၂:၄–၁၀)
၂:၄ တိုက်တွန်းနှိုးဆော်ခြင်းမှ ယုံကြည်သူများအိမ်တော်သစ် (အသင်းတော်)နှင့် ယဇ်ပုရောဟိတ်သစ်အကြောင်းသို့ သင်ခန်းစာကူးပြောင်းသွားပါသည်။
ပညတ်တော်အသစ်၌ ကိုယ်တော်သည် ဗဟိုချက်မဖြစ်သောကြောင့် အထံတော်ပါးသို့ စုစည်းချဉ်းကပ်ရသည်။ ဤကျမ်းပိုဒ်တွင် အဆောက်အဦးနှင့် အိမ်ဆောက်ပစ္စည်းများဖြင့် ဥပမာပေး ထားသောကြောင့် သခင်ယေရှုအား အုတ်မြစ်ကျောက် အဖြစ်တင်စားခြင်းဖြစ်သည်။ ပထမဦးစွာ သိရှိရန်မှာ ကိုယ်တော်သည် မရွှေ့မပြောင်းနိုင်သော သာမန်ကျောက်တုံးကျောက်ခဲ မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်းခန့်ထားခြင်းဖြစ်သည် (ဟေဗြဲ ၇:၁၆)။
လူ့အနေဖြင့် လက်ခံခင်မှလက်ခံမည်။ လူတွေကကိုယ်တော်အား ငြင်းပယ်ခဲ့ကြသည်။ မိုက်မဲမှု၊ အတ္တလွန်ကဲမှု၊ လူ့ဘဝကိုအပျော် သဘောထားရှိမှု၊ မသိနားမလည်မှု၊ အမြင်ကျဉ်းမြောင်း တိုတောင်းမှုတို့ကြောင့်။ ဖန်ဆင်းရှင်နှင့် ကယ်တင်ရှင်အား လက်လှမ်းမမှီနိုင်ကြပါ။ ကမ္ဘာမြေတွင် ကိုယ်တော်အတွက်တဲကုပ် တစ်နေရာပင် မရှိသကဲ့သို့ ဘဝအသက်တာတွင်နေရာမပေးနိုင်ကြပါ။
လူ့ဘက်မှ ထိုစိတ်သဘောထား ရှိသော်လည်း ဘုရာသခင်ဘက်တွင်မူ သခင်ယေရှုသည် လက်ရွေးစင် အဖိုးထိုက်တန်အနဂ္ဃ ဖြစ်သည်။ ကိုယ်တော်သည် ရွေးချယ်ထားသောကျောက် မြတ်ဖြစ်သည်သာမက မရှိမဖြစ် လိုအပ်ချက်လည်း ဖြစ်သည်။ ကိုယ်တော်၏ တန်ဖိုးသည်လည်း ကြီးမားခေါင်ခိုက်သည်။ အနှိုင်းမဲ့ အဖိုးတန် ရတနာဖြစ်သည်။
အကယ်၍ ဘုရားသခင်၏ အိမ်တော်တွင် ပါဝင်လိုလျှင် ခရစ်တော်ထံသို့ ချဉ်းရမည်။ အိမ်ဆောက်ပစ္စည်းအဖြစ် အသုံးတော်ခံလိုပါက ရှိရင်းစွဲအတိုင်း လာရမည်။ ဘုရားသခင်သည် ဘုန်းတော်ရှားဖို့ရန် သင့်ကို အရေးတကြီးလိုအပ်နေသည်။
၂:၅ ဝိညာဉ်ရေးရာအိမ်တော်ကို ယုံကြည်သူများဖြင့် ခရစ်တော်၌ တည်ဆောက်သည်။ အသင်းတော်နှင့်အတူတူ ဖြစ်သည်။ အသင်းတော်ဆိုသည်မှာ ဓမ္မဟောင်းခေတ်ဗိမာန်တော်ဟုခေါ် ဆိုသောလောက၌ ဘုရားရှင်တော် ကိန်းဝပ်ရာနေရာဖြစ်သည် (၃ရော၆:၁၁-၁၃၊ဧ၂:၂၂)။ သို့သော် ဗိမာန်တော်သည် ကိုင်တွယ်နိုင်သော လှပသပ္ပါယ်သည့်ရုပ်ဝတ္ထုဖြစ်၍ အသက်မရှိ၊ ပျက်စီးနိုင်သော အရာဖြစ်သည်။ အသင်းတော်မူကား အသက်ရှင်သောကျောက်ဖြင့် တည်ထားသည်။
ဝိညာဉ်ရေးရာ အိမ်တော်နှင့် ပတ်သက်၍ စင်ကြယ်သည့်ယဇ်ပုရောဟိတ်သစ်အကြောင်းသို့ ကူးပြောင်းကြမည်။ ယုံကြည်သူများသည် အသင်းတော်တွင်အသက်ရှင်သော ကျောက်များသာမဟုတ်ပါ။ စင်ကြယ်သော ပုရောဟိတ်လည်း ဖြစ်ကြသည်။ မောရှေစီရင်ထုံးတွင် လေဝိအမျိုးသားများနှင့် အာရုန်မိသားစုသာလျှင် ယဇ်ပုရောဟိတ်လည်း ဖြစ်ကြသည်။ ဘုရားသခင် ကိန်းဝပ်ရာ အသန့်ရှင်းဆုံး ဌာနတော်ထဲသို့ ယဇ်ပုရောဟိတ်ကြီးသာလျှင် တနှစ်မှာတစ်ကြိမ် (ယွမ်ကာပူရ်း၊အပြစ်ဖြေရာနေ့) ဝင်ခွင့်ရှိပြီး အခြားယဇ်ပုရောဟိတ်များ ဝင်ရောက်ခွင့်မရှိပါ။
ခေတ်သစ်ကာလတွင်မူကား ယုံကြည်သူတိုင်းသည်ယဇ်ပုရောဟိတ်များဖြစ်၍ ကမ္ဘာမိုးမြေ အုပ်စိုးရာပလ္လင်တော်အခန်းသို့ နေ့ညဉ့်အချိန်မရွေး တံခါးမရှိ၊ဓါးမရှိဝင်ထွက်သွားလာနိုင်သည်။ ဝိညာဉ်ရေးရာ ဓမ္မယဇ်ပူဇော်သက္ကာ (တိရစ္ဆာန်၊ ကျေးငှက်၊ဘောဇဉ်စသည်ဖြင့် မောရှစီရင်ထုံးတွင် ပူဇော်သက္ကာခြင်းနှင့်တခြားစီ) ခြင်းဖြစ်သည်။ ဓမ္မသစ်ယဇ်ပူဇော်ခြင်းသည် အောက်ပါအတိုင်းဖြစ် ရသည်။
၁။ ခန္ဓာကိုယ်သည် ဘုရားသခင်လက်သင့်ခံဖွယ်သောအသက်ရှင်၍ စင်ကြယ်သည့် ယဇ်ဖြစ်ရသည်။ ထိုအမှုသည် ဓမ္မယဇ်ပူဇော်ခြင်းတစ်မျိုးဖြစ်သည် (ရော ၁၂:၁)။
၂။ ချီးမွမ်းခြင်း ယဇ်ဖြင့်ပူဇော်ခြင်း။ “ကျေးဇူးတော်ကိုဝန်ခံလျက် နှုတ်ခမ်းအသီးတည်း ဟူသောချီးမွမ်းခြင်းယဇ်” ဖြစ်သည် (ဟေဗြဲ ၁၃:၁၅)။
၃။ ကောင်းသောအမှုဖြင့် ပူဇော်ခြင်း၊ ကျေးဇူးပြုခြင်းကိုမမေ့လျှော့နှင့်။ — ဘုရားနှစ်သက် တော်မူသော အမှုဖြစ်သည်”(ဟေဗြဲ ၁၃:၁၆)။
၄။ ဥစ္စာစွန့်ကြဲခြင်းဖြင့်ပူဇော်ခြင်း။ “ဥစ္စာဝေမျှခြင်း ကိုမမေ့လျှော့နှင့်—ဘုရားသခင်နှစ်သက် တော်မူသောအမှုဖြစ်သည်” (ဟေဗြဲ ၁၃:၁၆)။
၅။ အမှုတော်ဖြင့်ပူဇော်ခြင်း။ ရှင်ပေါလု၏တပါးအမျိုးသားများသို့ သွန်သင်ခြင်းမျိုးအမှု တော် (ရော် ၁၅:၁၆)။
ဤပူဇော်သက္ကာများသည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်လက်သင့်ခံနိုင်သော ယဇ်ပူဖော်ခြင်း ဖြစ်သည်။ အောင်သွယ်တော်အားဖြင့် ဘုရားသခင်အားပထမဦးစွာတွေ့ရှိနိုင်ပြီး၊ ထိုသခင်အားဖြင့် ဘုရားသခင် လက်သင့်ခံနိုင်စရာဖြစ်သည်။ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ် ဆက်ကပ်သမျှသည် ပြည့်စုံခြင်းမရှိပါ။ အပြစ်အနံ့ အသက်စွဲညှိနေသည်။ ထို့ကြောင့် ဘုရားသခင် ထံတော်ပါးသို့မရောက်မီ သခင်ယေရှုကိုကျော်ဖြတ်ရသည်။ ကိုယ်တော်က အပြစ်အနံ့အသက်များကို ဖယ်ရှားပြီးမှသာလျှင် ဘုရားရှင်တော် လက်သင့်ခံနိုင်သောအရာ ဖြစ်သည်။
ဓမ္မဟောင်းမှ ယဇ်ပုရောဟိတ်ဆရာကြီးသည် ရွှေစင်သင်းကျစ်ကို HOLINESS TO THE LORD ဟုတံဆိပ်ပေါ်မှာ အက္ခရာတင်၍ပြာသောကြိုးနှင့် ဗောင်းရှေ့ ၌ချည် ထားရသည်။ (ထွ ၂၈:၃၆)။ ထိုသို့ဖြင့် ပူဇော်သက္ကာတွင်အပြစ်မပါရှိကြောင်း ဖော်ပြရသည် (ထွ ၂၈:၃၈)။ သို့ကြောင့် ကျွန်ုပ်တို့၏ အမြင့်ဆုံးသော ယဇ်ပူရောဟိတ် မင်းကြီးသည် လူ့အပြစ်ဒုစရိုက်နှင့်ကင်းစင်ရသည်။
ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်ရခြင်းသည် ပျော်ရွှင်ဖွယ်ရာအမှုဖြစ်သည်။ သို့သော် မသင့်မလျော်သော်လည်း ယဇ်ပုရော်ဟိတ်တိုင်း အသင်းတော်မှာဟောကြားခြင်း၊ သွန်သင်ခြင်းမပြုရပါ။ လုပ်သင့်လုပ်အပ်သည်များတွင် အကန့်အသတ်ရှိသည်။
၁။ အမျိုးသမီးများသည် အမျိုးသားများအားသွန်သင်ခြင်း၊ အမိန့်ပေးညွှန်ကြားခြင်း မပြုရ။ တိတ်ဆိတ်စွာနေရမည် (၁တိ ၂:၁၂)။
၂။ အမျိုးသားများသည် ဗျာဒိတ်တော်နှင့်အညီဟောပြောရမည် (၁ပေ၄:၁၁)။ ဆိုလိုသည် မှာ ထူးခြားစွာဟောပြောခြင်းမပြုဘဲ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းရှိသည့်အတိုင်းဟောကြားရမည်။ ဝိညာဉ်တော်ပေးသော စကားများကိုသာ ပြောဆိုရမည်။
၃။ ယုံကြည်သူတိုင်းဆုကျေးဇူးအသီးသီးရရှိထားသူများဖြစ်သည် (ရော် ၁၂:၆၊ ၁ကော ၁၂:၇)။ ဆုကျေးဇူးတိုင်းသည် လူထုဟောပြောရန်မဟုတ်နိုင်သကဲ့သို့ လူတိုင်းဧဝံဂေလိဆရာ သင်းအုပ်ဓမ္မဆရာ မဟုတ်ကြပါ။
၄။ လူငယ်လူရွယ်တွင်လည်းဘုရားသခင်ပေးသော ဆုကျေးဇူးရှိနိုင်သည် (၂တိ၁:၆) “အဘယ်သို့နည်း သင်တို့စည်းဝေးသောအခါ ဆာလံသီချင်းကိုရသောသူ ဆုံးမသြဝါဒစကား ကိုရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဘော်ပြရာ ကိုရသောသူ အသီးသီးရှိကြသည် ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်း အလို့ငှာစီရင်ကြလော့” ဟု ဆိုထားပါသည်။
အခန်းတွင် ဝိညာဉ်ဆုကျေးဇူးများ ထိန်းသိမ်းရမည့်အကြောင်းနှင့် စိတ်ချရမည့်အကြောင်း သွန်သင်ထားပါသည်။ စကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သော ယုံကြည်သူ ယဇ်ပုရောဟိတ်များအနေနှင့်ဆိုင်သော ယုံကြည်သူ ယဇ်ပုရောဟိတ်များအနေနှင့် ဒေသန္တရအသင်းတော်တွင် အငြင်းပွားစရာမဖြစ်သင့်ပါ။
၂:၆ ဗိသုကာအကြောင်းဖြင့် ဆက်ပြောရလျှင်သခင်ခရစ်တော်သည် ကျောက်ဖြစ်၍ အဓိက ကျောက်မြစ်ဖြစ်သည်။ (ဟေရှာ၂၈:၁၆)ကို ကိုးကား၍ တိုက်ထောင့်ကျောက်ဟုဆို သည်။ ခရစ်တော်သည် ဘုရားရှင်တော်က ဝိသေသထူခြားစွာ ရွေးချယ်ထားသောအဖိုးတန် ကျောက်မျက်ဖြစ်သောကြောင့် ယုံကြည်စိတ်ချစွာ ခိုမှီနိုင်ပါသည်။ ဘုရာသခင်ကို ယုံကြည်သူ တိုင်းသည် ဘယ်သောအခါမှ ပျက်စီးခြင်းသို့ မရောက်ကြရပါ။
ဤစာပိုဒ်မှ တိုက်ထောင့်အမြစ်ကျောက်သည် ယေရှုခရစ်တော်ကိုဆိုလိုကြောင်း (၃)ချက်ဖြင့် နားလည်နိုင်သည်။
၁။ ယနေ့ဗိသုကာပညာရပ်တွင် တိုက်ထောင့်တစ်နေရာကို ဦးစွာအုတ်မြစ်ချရသည်။ နံရံနှစ်ဘက် ဆုံစည်းသောနေရာဖြစ်၍ အဆောက်အဦး၏ အစွန်းထောင့်ဖြစ်သည်။ ခရစ်တော် ၏ထိုအဆောက်အဦး၏ ပထမဆုံး မန္နက်အုတ်မြစ် (၁ကော ၃:၁၀-၁) ဖြစ်သည်။ ယုဒနှင့် တပါးအမျိုးသားဆုံစည်းရာ (နံရံနှစ်ခုဆုံရာ) လူသစ်(ဧ ၂:၁၃-၁၄)ဖြစ်သည်။
၂။ အချို့ပညာရှင်များက ထိုကျောက်သည်အဆောက်အဦး၏သော့ချက်ကျောက်မြစ်ဖြစ်သည် ဟုဆိုကြသည်။ အဆောက်အဦးတစ်ခုလုံး၏အခြေတည်ရာအုတ်မြစ် ပန္နက်ဖြစ်သည်။ သခင်ဘုရာသည် ထိုအုပ်မြစ်အတိုင်း ဖြစ်သည်။ ကိုယ်တော်သည်အဆောက်အဦး၏ အခရာ ဖြစ်၍ကိုယ်တော်မှာမတည်မှီသူသည် ခိုင်ခံ့စွာ မတည်တံ့နိုင်ပါ။
၃။ တတိယရှုဒေါင့်ဖြင့်ကြည့်လျှင် ပိရမစ်၏အထွဋ်အထိပ်တွင်ရှိသည်။ ထိုအထွဋ်အထိပ်နေ ရာတွင်ရှိသည်။ ထိုအထွဋ်အထိပ်နေရာတွင် ကျောက်တစ်တုံးသာရှိသည်။ ပိရမစ်၏အထွဋ် အမြတ်ဖြစ်သည်။ အမြင့်ဆုံးနေရာတွင် နောက်ဆုံးတင်ရသော ကျောက်မျက်ဖြစ်သည်။ ထိုကဲ့သို့ပင် ခရစ်တော်သည် အသင်းတော်၏ အထွဋ်အမြတ် ကျောက်တစ်ခုတည်းသာ ထိပ်ကျောက်ဖြစ်သည်။ အသင်းတော်သည်လည်းထိုသူ၏ သွင်ပြင်လက္ခဏာအတိုင်းဖြစ် သည်။ ကိုယ်တော်ဘုရား ကြွရောက်လာသောအခါ ထိုအသင်းတော်သည် ပြည့်စုံသွားပေမည်။
ကိုယ်တော်သည် လက်ရွေးစင်နှင့် အဖိုးထိုက်ကျောက်မျက်ဖြစ်သည်။ ဘုရားသခင် ၏အမြင်တွင် အဖြူစင်ဆုံးဖြစ်သောကြောင့် ရွေးချယ်ခြင်း ဖြစ်၍ အဖိုးထိုက်တန်ကျောက် မျက်ဆိုသည်မှာ ကိုယ်တော်ကဲ့သို့သော အခြားသူမရှိသောကြောင့်တည်း။
ထိုကျောက်မျက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်း မရှိနိုင်ဟု ကျမ်းစာ လာ၏။ မူရင်းကျမ်းစကားမှာ ဟေရှာယမျမ်းမှ ဖြစ်၍ “ထိုသူကိုယုံကြည်သူတိုင်း ပျာယာခတ် ခြင်းမရှိစေရ” ဟူ၍ဖြစ်သည်။ ထိုကျမ်းပိုဒ်နှစ်ခုစလုံးကို အတူတကွခံယူ၍ ကတိတော်မြတ်၌ တည်သူသည် သခင်ခရစ်တော်အား တိုက်မြစ်ကျောက်မျက်အဖြစ် တည်မှီသူဖြစ်သောကြောင့် အရှက်တကွဲ အကျိုးနည်းခြင်း ဘယ်သောအခါမှ မဖြစ်ရပါ။
၂:၇ သခင်ယေရှုအား အသက်ရှင်သောကျောက်မျက်၊ အငြင်းပယ်ခံရသောကျောက်၊ အဖိုးတန်ကျောက်၊ တိုက်မြစ်ဒေါင့်ကျောက်အဖြစ် ဖော်ပြသည်။ စကားမစပ်ပြောရလျှင် ပေတရုသည် ကိုယ်တော်အား မှတ်ကျောက်ကဲ့သို့ မြင်ပုံရသည်။ မှတ်ကျောက်ဆိုသည်မှာ ကျောက်၏ မူလအရည်အသွေး ပေါ်လွင်အောင် သွေးရသောကျောက်ဖြစ်သည်။ ထိုမှတ်က ကျောက်ဖြင့် ရွှေအစစ်အတု ခွဲခြားသိရသည်။
လူများသည် ကယ်တင်ရှင်ထံသို့ယုံကြည်သူများပမာ ရောက်လာကြသည်။ ခရစ်တော်ထံပါးသို့ ချဉ်းကပ်ကြသည်။ မယုံကြည်သူများက ကိုယ်တော်အားငြင်းပယ်၍ တကယ်ယုံကြည်သူများက တကယ်ကျောက်မျက် အဖြစ်ခံယူသိမှတ်ကြသည်။ ယုံကြည်သူ များက ထိုအဖိုးတန်ကျောက်မျက်မပါဘဲ အသက်ရှင်နိုင်ဖွယ်ရာ မရှိကြောင်း အရိပ်အမြွက်နား လည်လာကြသည်။ “ငါ့ချစ်သခင်သည် အဆင်းနှင့်ပြည့်စုံ၍ လူတသောင်းတို့တွင်အထွဋ် အမြတ်” “ချစ်ဖွယ်အတိရှိ၏” (သီ ၅:၁၀ -၁၆)။
နာခံခြင်းမရှိသူနှင့် မယုံကြည်သူများအား မည်သို့ရှိစ။ ဆာလံဆရာက (ဆာ ၁၁၈) တွင် ထိုကျောက်ကို ပန်းရံဆရာများက ငြင်းပယ်ကြသော်လည်း နောက်ဆုံးတွင် ကျောက်ထွဋ် ကျောက်မြတ်ဖြစ်လာသည်ဟု ညွှန်းဆိုထားပါသည်။
ရှောလမုန်၏ ဗိမာန်တော်တည်ဆောက်ခြင်းနှင့် ဤပရောဖက်ပြုချက် တိုက်ဆိုင်ဆက် စပ်ပုံမျာ ထန်းသီးကြွေခိုက်ကျီးနင်းခိုက် မဟုတ်ပါ။ ဗိမာန်တော်ဆောက်မည့်ကျောက်သည် ဆောက်ခါနီးမှာ ကျောက်ကွင်းတွင်ပြင်ဆင်လုပ်ထားရသည်။ လိုချင်သည့်အရွယ်အစား ပုံသဏ္ဍာန်အတိုင်း ထုလုပ်ရသည်။ လိုချင်သည့်အရွယ်အစား ပုံသဏ္ဍာန်အတိုင်းထုလုပ် ရသည်။ တစ်နေ့သောအခါ ထိုဂဝံကျောက်ထုသမားသည် အခြားအုတ်ကျောက်များနှင့်မတူ သော ကျောက်ကိုထုလုပ်၍ ပန်းရံသမားအားကမ်းပေးလိုက်ရာ မည်သည့်နေရာတွင် အံဝင်ဂွင်ကျမဖြစ်သဖြင့် ခြုံတောထဲသို့ လွှင့်ပစ်လိုက်သည်။ ရေညှိမှော်ပင်များတက်လျက် မြက်ပေါင်းပင်များ ဖုံးအုပ်သွားသည်။ နောက်ဆုံးအပြီးသတ်၍ ထိပ်မှာတင်ရမည့် ကျောက်ပန်းရံသမားက တောင်းသောအခါ ကျောက်ထုသမားက “ပေးလိုက်တာကြာလှပြီဘဲ” ဟုပြန်ဖြေသည်။ သေသေချာချာ ပြန်လည်ရှာဖွေ၍ တွေ့ရှိသောအခါ ထိုကျောက်တုံးသည် ဗိမာန်တော်တွင် သူ့နေရာနှင့် သူနေသားတကျဖြစ်နေသည်။
ထိုကဲ့သို့ပင် သခင်ယေရှုသည်လည်း ပထမဦးစွာဣသရေလလူမျိုးထံသို့ရောက်လာ သည်။ ဣသရေလူများ၊ အထူသဖြင့် အုပ်ချုပ်သူများက ကိုယ်တော်အားနေရာမပေးနိုင်။ အသုံးမတည့်ဟုငြင်းပယ်လျက် လက်ဝါးကပ်တိုင်သို့ပို့ဆောင်ပစ်သည်။
သို့သော်လည်း ဘုရားသခင်သည် ကိုယ်တော်အား ပြန်လည်ထမြောက်စေပြီး ကောင်းကင်နိုင်ငံ ဘုရားသခင်၏ လက်ျာဘက်ပလ္လင်တော်တွင် စိုးစံစေသည်။ ထိုငြင်းပယ် ခံရသောသူသည် ဤကမ္ဘာလောကသို့ ဒုတိယအကြိမ်ကြွမြန်းလာသောအခါတွင်မူ မင်းတကာတို့၏မင်း၊ သခင်တကာတို့၏ သခင်အဖြစ်ဖြင့် ရောက်လာမည်။ ထိုသောအခါ ကျောက်မြစ်တိုက်ထောင့်၏ အချုပ်အချာ ဖြစ်ကြောင်းနားလည်ကြမည်။
၂:၈ မှတ်ကျောက်နှင့် တိုက်ထောင့်မြစ်ကျောက် များယွင်းစရာကျောက် သို့သင်ခန်းစာ ပြောင်းသွားပါသည်။ ထိုမှားယွင်းစရာကျောက်နှင့် ပတ်သက်၍ ပရောဖက်ဟေရှာယက “ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာ ကျောက်မှားယွင်းစရာ ကျောက်ယေရှုရှလင်မြို့အား တို့၌ကျော့ကွင်းနှင့် ထောင်ချောက်ဖြစ်တော်မူလိမ့်မည်။ ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဖမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်” (ဟေရှာ ၈:၁၄-၁၅) ဟု ပရောဖက်ပြုထားပါသည်။
ထိုပရောဖက်ပြုချက်သည် ဣသရေလသမိုင်းတွင်တကယ်ဖြစ်ပေါ်လာသည်။ မေရှိယသခင် ကြွရောက်လာသောအခါ ယုဒလူမျိုးတို့သည် ကိုယ်တော်၏ ဇာတိတော်နှင့် ရိုးစင်းမှုတို့ကို စိတ်ပျက်မိကြသည်။ နိုင်ငံရေးဇာတ်စင်ခုံပေါ်မှာ ကျော်ကြားသူတိုက်ပွဲတရာ အောင်ပွဲတရာ စစ်သူကြီးအဖြစ်တွေ့မြင်ချင်ကြသည်။ မျှော်မှန်းထားချက်နှင့် အညီအဖြစ်တွေ့ မြင်ချင်ကြသည်။ မျှော်မှန်းထားချက်နှင့်အညီ မှန်းချက်နှင့်နှမ်းထွက် မညီသောအခါ ထိုမေရှိယသခင်ကို ငြင်းပယ်ကြသည်။
ထိုမျှသာမကပါ ယေရှုသည်မှားယွင်းသော ကျောက်နှင့်ကျောက်ဆောင် ဖြစ်လာမည်ကို မည်သူကမှမယုံကြ။ နောင်တရ၍ ရှေ့တော်မှောက်တွင် ဒူးထောက်၍ ကယ်တင်ခြင်းရမည် လား သို့မဟုတ် ကိုယ်တော်အားလွဲမှားစွာ ဒုက္ခပေးကြမည်လား။ ထိုသူများ၏ ကယ်တင်ခြင်း ရဖို့ခါးခါးသီးသီးပြစ်တင်ရှုတ်ချမှုက မည်သို့အကြောင်းဖန်မည်နည်း။ ဟိုမရောက်ဒီမရောက်၊ ခြံစည်းရိုးမှာခွထိုင်၍မရပါ။ ကယ်တင်ရှင်ဖြစ်မလား၊ အပြစ်စီရင်သူဖြစ်မည်လား။
နားမထောင်ဘဲနှုတ်ကပတ်တော်ကို ထိမိ၍လဲကျသည်။ အဘယ်ကြောင့်လဲကျသနည်း။ ခက်ခဲနက်နဲလွန်း၍ နားလည်နိုင်စွမ်း မရှိသောကြောင့်မဟုတ်ပါ။ မဖြစ်နိုင်သော မယုံကြည်နိုင်သောသူ ဖြစ်၍လည်း မဟုတ်ပါ။ နှုတ်ကပတ်တော်ကို သက်သက်နားမထောင်ငြင်း ဆန်သောကြောင့်ထိုသူများသည် ကယ်တင်ခြင်းမရခြင်းဖြစ်သည် (ယော ၅:၄၀)။
ကျမ်းပိုဒ်အဆုံးပိုင်းတွင် ထိုသူများအား ရှေးဦးစွာကပင် နှုတ်ကပတ်တော်ကို ငြင်းဆန်ဖို့ ခန့်ထားတော်မူသည်။ အဘယ်ကြောင့် ထိုသို့ဆိုသနည်း။ ဤကျမ်းပိုဒ်၏သွန်သင် ချက်မှာ နှုတ်ကပတ်တော် ကိုခါးခါးသီးသီး ငြင်းပယ်သူများသည် နဂိုကပင် ထိမိလဲကျသူ များဖြစ်သည်ဟုဆိုလိုသည်။ ထိုသူတို့ကို ခန့်ထားတော်မူသည် ဆိုသည်များမှာ နားမထောင် ဘဲနှုတ်ကပတ်တော်တရားကို ထိမိ၍လဲကျသူ များကို ပြန်လည်ရည်ညွှန်းသည်။ သခင်ယေရှု ကို အညံ့မခံဘဲထိမိလဲကျသူများကို ဘုရားသခင်က စီရင်တော်မူပါသည်။ မယုံကြည်သူ သည်ထိမိလဲကျသူဖြစ်သည်။ တမင်မလာမနာခံသူသည် ထိမိချော်လဲခြင်းဖြင့် ဘဝနိဂုံးချုပ် ပါသည်။ (JBP)။
၂:၉ ဤကျမ်းပိုဒ်တွင် ယုံကြည်သူများ၏အထူးအခွင့်အရေးကို သွန်သင်ပါသည်။ ယုံကြည်သူများသည် ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပု ရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။ အကယ်၍ ဣသရေလလူမျိုးသည် နာခံခြင်းရှိလျှင် အခွင့်အထူးများ ရရှိခံစားကြရမည်ဟု ဘုရားရှင်က ကတိတော်ပေးထားပါသည်။
“ယခုတွင် သင်တို့သည်ငါ့စကားကိုအမှန်အကန်နားထောင်၍ ငါပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည်ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ့ဥစ္စာ ဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး သန့်ရှင်းသောလူမျိုး ဖြစ်ကြလိမ့်မည်” (ထွ ၁၉:၅-၆)။
မယုံသက်ကာရှိသောထိုဣသရေလူမျိုးများသည် ဘုရားသခင်၏ ကတိတော်ကို မစောင့်ထိန်းကြသဖြင့် လူမျိုးတော်အဖြစ်မှ ပစ်ပယ်ခြင်းခံရသည်။ ထို့ကြောင့်ယနေ့နာခံခြင်း မရှိသောဣသရေလလူမျိုးနေရာတါင်အသင်းတော်က ဝင်ရောက်နေရာယူခြင်းဖြစ်သည်။ ယနေ့ယုံကြည်သူများသည် ဘုရားသခင်ရွေးကောက်ခွဲခန့်သူများဖြစ်သည်။ ခရစ်တော်ဘုရား ဤလောကသို့ ခြေတော်မချမှီ စီရင်ခွဲခန့်ခြင်းဖြစ်သည် (ဧ၁:၄)။ လူသားဟန်ပန်ရှိ၍ လူ့လောကအသိုင်းအဝိုင်းတွင် ကျင်လည်နေကြသော်လည်းကောင်းကင် အမျိုးအနွယ်၊ ဘုရားမျိုးအလေ့အကျင့် ဝိညာဉ်ငြိမ်သက်ခြင်းရှိသူများ ဖြစ်သည်။
ယုံကြည်သူများသည် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြသည်။ “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်” ဆိုသောဝေါဟာကို ဒုတိယအကြိမ်သုံးထားသည်။ အခန်းငယ်၅တွင် ယုံကြည်သူများသည် ဝိညာဉ်ရေးရာ ပူဇော်သက္ကာပြုရသော ဓမ္မယဇ်ပုရော ဟိတ်များပီပီ ဘုရားသခင်းကိန်းဝပ်ရာ အသန့်ရှင်းဆုံးသော ဌာနတော်သို့ ဝင်ရောက်ပူဇော် ခွင့်ရှိကြသည်။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်များပီပီ တိုင်းခန်းလှည့်လည်၍ ဘုရားသခင်၏ သက်သေခံနိုင်ကြသည်။ ဤယဇ်ပုရောဟိတ်နှစ်မျိုး၏ ခြားနားချက်ကို ဖိလိပ္ပိတွင် ရှင်ပေါလုနှင့်သိလတို့၏ ထောင်ကျခြင်းတွင် တွေ့နိုင်သည်။ ညသန်းခေါင်းယံ တွင်ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ခြင်းဖြင့် ဓမ္မယဇ်ကိုပူဇော်၍ အခြားထောင်သားများ အားနှုတ်ကပတ်တော် ဝေငှခြင်းဖြင့် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်အမှု ပြုကြသည် (တ ၁၆:၂၅-၃၁)။
ယုံကြည်သူများသည် သန့်ရှင်းသူများဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူ မျိုးအားသန့်ရှင်းသော လူမျိုးတော် ဖြစ်စေဖို့ သီးသန့် ရွေးချယ်ခဲ့သည်။ သို့သော်ထိုဣသရေလ လူမျိုးသည် အိမ်နီးနားခြင်း တပါးအမျိုးသားများအား ညစ်ထေးယုတ်ပတ်စွာ ဆက်ဆံခြင်းဖြင့် အပြစ်နွံထဲသို့ ခုန်ချကြသည်။ သို့ကြောင့် ဣသရေလလူမျိုးအား ခဏဘေး ဖယ်ထားပြီး ထိုလူမျိုးနေရာတွင် အသင်းတော်ဖြင့် အစားထိုး၍ ဘုရားသခင်၏ သန့်ရှင်းသောလူမျိုး ဖြစ်ရသည်။
နောက်ဆုံးတွင် ခရစ်ယာန်များသည် ဘုရားသခင်၏ပိုင်ဆိုင်ရာဖြစ်ရသည်။ ထူးခြားသောဝိသေသ လက္ခနာရှိကြ၍ ကိုယ်တော်အတွက်အဖိုးအနဂ္ဃထိုက်တန်သော ရတနာ ဖြစ်သည်။
လူတော်မျိုးတော်သစ် ယုံကြည်သူများသည် ယဇ်ပုရောဟိတ်၊ နိုင်ငံသားနှင့်လူမျိုး တော် ဝတ္တရားများရှိကြောင်း ဖော်ပြ၍ ကျမ်းပိုဒ်ကို အဆုံးသတ်ထားပါသည်။ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးတော်များကို ဖော်ပြကြရမည်။ တချိန်တခါက မှောင်မိုက်အပြစ်နွံထဲမှာ ကျင်လည်ခဲ့ကြသော်လည်း အံသြဖွယ်ရာ ရွေးနှုတ်ခြင်းကြောင့် နိုင်ငံတော်တွင် သားတော်နှင့် ရင်းနှီးချစ်ကြည်ခွင့် ရကြပါပြီ။ ထိုအလင်းတော်သည် အမှောင်ထုတစ်ခုလုံးအား ထိန်ထိန်လင်းစေနိုင်သည်။ ကျွန်ုပ်တို့ အတွက်ပြုတော်မူသော မဟာအမှုတော်သည် ချီးမွမ်းထိုက်ပေစွ။
၂:၁၀ ဤသင်ခန်းစာကို ဟောရှေအနာဂတ္တိကျမ်းအား ရည်ညွန်း၍အဆုံးသတ်သည်။ ပရောဖက်၏ အိမ်ထောင်မိသားစုကိုနမူနာပြ၍ ဣသရေလလူမျိုးအားသင်ခန်းစာပေးပါ သည်။ သစ္စာမရှိကြသောကြောင့် ကြာကြာနေသည်းခံနိုင်တော့ကြောင့်နှင့် ပစ်ပယ်ခြင်းခံရမည့် အကြောင်း အကြိမ်ကြိမ်သတိပေးသည် (ဟော ၁:၆-၉)။ သို့သော်ဣသရေလလူမျိုးအား ပထုတ်ခြင်းသည် အပြီးအပိုင်ရာသက်ပန်ပထုတ်ခြင်း မဟုတ်ပါ။ တစ်နေ့သောအခါ ပြန်လည်စုစည်းကြရမည့်အကြောင်း ကတိတော်ပြုထားသည်။
“ထိုသတို့သမီးကို မျိုးစေ့ကဲ့သို့မြေ၌ကိုယ်အဘို့ငါကြဲမည်။ မသနားမစုံမက်သော သတို့သမီးကို ငါစုံမက်မည်။ ငါ၏လူမဟုတ်သောသူကိုလည်း သင်သည်ငါ၏ လူဖြစ်သည် ဟုငါဆိုမည်။ သူကလည်း ကိုယ်တော်သည်အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု လျှောက်လိမ့်မည်” (ဟေ ၁၂:၂၃)။
ပေတရု၏ စာဖတ်ပရိတ်သတ်များထဲမှ အချို့သည် ထိုဣသရေလများ ဖြစ်ခဲ့ကြသည်။ ယခုအခါတွင်မူ အသင်းတော်၌ ပါဝင်နေကြပါပြီ။ မယုံကြည်သူ ယုဒလူမျိုးများအကြားမှ ခရစ်တော်ကို ယုံကြည်လက်ခံသူဘုရားသား သမီးများဖြစ်လာကြသည်။
ပေတရု၏အသက်တာတွင် ဤအဖြစ်အပျက်ကို ကြုံတွေ့သောအခါ (ဟော ၂:၂၃) သည် အမှန်တကယ် ပြည့်စုံလာပါတကားဟု နားလည်ခံယူသင့်သည်။ ခရစ်တော်ဘုရားသခင် ၏ လူမျိုးဖြစ်လာကြသည်။ ခရစ်တော်၌ ကရုဏာတော် ခံစားကြရသည်။
ထိုလက်တဆုတ်စာ ကယ်တင်ခြင်းရရှိသော ယုဒများသည်ဣသရေလလူမျိုးသို့ ဘုရားရှင် ပေးထားသော ကတိတော်၏ ကောင်းကြီးမင်္ဂလာ ခံစားခွင့်ရကြသည်။ ဟောရှေ ကျမ်းပါဣသရေလလူမျိုးနှင့် ပတ်သက်သည့် ကတိတော်လည်း ပျှော်ရွင်စရာဖြစ်လာသည်။
ယခုအချိန်တွင် အသင်တော်သည်ဣသရေလလူမျိုးအစားဝင်ရောက်သော ဘုရား သခင်၏ လူမျိုးတော် ဖြစ်နေသည်။ ဣသရေလူမျိုးသို့ပြုထားသော ကတိတော်များသည် လည်းအသင်းတော်သို့ သက်ရောက်နေသည်။ ဣသရေလနှင့် အသင်းတော်သို့သက်ရောက်နေ သည်။ ဣသရေလနှင့် အသင်းတော်သည် ရုပ်သဏ္ဍာန်အားဖြင့် ကွဲပြားခြားနားသော်လည်း နှုတ်ကပတ်တော်များအရ အရေးပါအရာရောက်သူများဖြစ်ကြောင်း နားလည်ရသည်။
အာဗြဟံမှ မေရှိယသခင် ကြွလာသည့်ကြားကာလတွင် ဣသရေလူမျိုးသည် ဘုရားသခင် ရွေးကောက်ထားသော လူမျိုးတော် ဖြစ်သည်။ သို့သော် ထိုလူမျိုးတော်သည် ဆိုးသွမ်းသောင်းကျန်းလျက် အဆုံးစွန်တွင် ခရစ်တော်အား လက်ဝါးကပ်တိုင်သို့ သံမှိုနှက် ပစ်ကြသည်။ ထိုရက်စက်မှုသရေဖူကြောင့် ၏ဣသရေလလူမျိုးအား ယာယီဘေးဖယ်ခြင်းခံ ရသည်။ ရှေးယခင်က ရွေးကောက်ထားသော လောကလူမျိုးတော် ဖြစ်ခဲ့ကြသော်လည်း ယနေ့ကာလတွင်မူ မဟုတ်ကြတော့ပါ။
ယနေ့ခေတ်ကာလတွင်မူ ဘုရားရှင်တော်တွင် လူမျိုးတော်သစ် အသင်းတော် ရှိနေပြီ။ အသင်းတော်၏ ကာလသည် ဣသရေလနှင့် ဘုရားရှင်တော်အကြားတွင် ကြားဝင်ဆက်စပ် ပေးခြင်းဖြစ်သည်။ ထိုကြားကာလ ပြီးဆုံးသွားသောအခါ အသင်းတော်သည် ကောင်းကင်သို့ ချီဆောင်ခြင်း ခံရမည်။ ဘုရားရှင်သည် ဣသရေသလူမျိုးနှင့် ပြန်လည်ဆက်စပ်မည်။ ယုံကြည်သူများအဖြစ် ဘုရားသခင်၏ လူမျိုးတော်ပြန်ဖြစ်မည်။
ဟောရှေ၏ ပရောဖက်ပြုချက်များသည် ယခုထက်တိုင်အောင် အသက်ရှင်လျက်ရှိသည်။ ဒုတိယအကြိမ် လာရောက်ခြင်းကို ဆိုလိုပါသည်။ မေရှိယကို ငြင်းပယ်သောလူမျိုး များနှင့်ပတ်သက်၍ “တစ်ယောက်တည်းသော သားအတွက် အဘသည် ငိုကြွေးမြည်တမ်း သကဲ့သို့ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦးအတွက် နာကြဉ်းသကဲ့သို့ နာကြဉ်ရကြလိမ့်မည်” (ဇာ ၁၂:၁၀) ဟုကျမ်းစကားရှိထားနပါသည်။ နောင်တရ၍ ယုံကြည်ခြင်းရှိသော ဣသရေလလူမျိုးများအပေါ်သို့ ကရုဏာတော်သက်ရောက်၍ ဘုရားသခင်၏ လူမျိုးတဖန်ပြန်ဖြစ်ဦးမည်။
ယနေ့ခေတ်ကာလတွင် ယုံကြည်သူ ယုဒလူမျိုးများသည် ဟောရှာ၏ ပရောဖက်ပြုချက်အား ပြည့်စုံစေရာ ဖြစ်သည်။ သို့သော်လည်း မယုံကြည်သူ ယုဒလူမျိုးများစွာ ရှိနေသေးသည်။ နောက်ပိတ်ဆုံး ပြည့်စုံရောက်လာကြမည့်အချိန်ကား ” ဇိအုန်တောင်ပေါ်မှာ ကိုယ်တော်ခြေချတော်မူသည့်ကာလ” “မတရားသောအမှုကို ယာကုပ်အမျိုးမှ လွှဲမည့်အချိန်” (ရော ၁၁:၂၆) ဖြစ်သည်။
၂၊ ယုံကြည်သူ၏ဆက်ဆံရေး (၂:၁၁–၄:၆)
(က) သာဝကဘဝဖြင့် လောကကိုဆက်ဆံခြင်း (၂:၁၁–၁၂)
၂:၁၁ ဤကျမ်းပိုဒ်အဓိက အနှစ်သာရမှာ ယုံကြည်သူများ၏ အသက်တာတွင် ဆောက်တည်ရမည့် အကျင့်သီလ ဖြစ်သည်။ ယုံကြည်သူများသည် လောက၏ အာဂန္တုနှင့် သာဝက ခရီးသည်ဖြစ်ပါသည်။ အာဂန္တုခရီးသည်များ ဖြစ်သောကြောင့် သူစိမ်းတရံကဲ့သို့ ဤကမ္ဘာမြေတွင် နေထိုင်ရသည်။ လောကနိုင်ငံသားများမဟုတ်ကြပါ။ သာဝကခရီးသည် များဖြစ်၍ ဘူမိနက်သန်မဟုတ်သော ဤလောကတွင် တခဏလာရောက်နေထိုင်ခြင်း ဖြစ်သည်။
သာဝက ခရီးသည်အကြောင်း စပ်ဆိုထားသောသီချင်းတပုဒ်တွင် ဤသို့ဆိုထားပါ သည်။
ထက်ရပ်ကခေါ်၊ကောင်းကင်သားများက
တခါကလောကလူသားများ၊
သာဝကခရီးသည်များ နေအိမ်လိုက်ရှာကြ။
အမွေတော်အား ဆက်ခံဖို့ရာ၊
လောကဧည့်သည်သည်ဖြစ်သော်လည်း မတမ်းတပါ။
လောကအိမ်ယာသည် တစပြင်သုဿန်သာ
ကားတိုင်တော်က ကယ်ချွတ်ပေးလို့လာ၊
ရတနာမြေ ပိုထွန်းတောက်လို့လာချေပြီ။
James G. Deck
ဤတေးကဗျာရသသည် ဓမ္မသီးချင်းထဲတင် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားသည်။ ကမ္ဘာမြေပေါ်တွင် အသင်းတော် ထူထောင်သောအခါ အတွေ့အကြုံထက်သာသော ဝမ်းမြောက်ဖွယ်ရာ ကျူးဧခြင်းဖြစ်သည်။
ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်ရမည့်အကြောင်း ဖတ်ရသောအခါ ခေါင်းထဲတွင် ကိလေသာ ညစ်နွမ်းမှုများ ချက်ချင်းသတိရစေပါသည်။ သို့သော်လည်း ကျမ်းစာ၏ အာဘော်မှာ ထို့ထက်ကျယ်ပြန့်သည်။ အဓိကလိုလားချက်မှာ ထိုကိလေသာစိတ်များ ရှောင်ရှားခြင်းထက် ဘုရားသခင်၏ အလိုတော်နှင့် ထိတွေ့ဖို့ဖြစ်သည်။ လောကကိလေသာစိတ် တပ်မက်ခြင်းဆိုရာတွင် စားကောင်းသောက်ဖွယ် တပ်မက အစားခုတ်ခြင်း၊ အအိပ်အစားလွန်ကျူးခြင်း၊ ဇိမ်ခံပစ္စည်းများ တမ်းတမက်မောခြင်း၊ လောကပျော်ရွှင်မှုများ၌ သာယာနေခြင်း အစရှိသဖြင့် ပါဝင်သည်။ ထိုအရာများသည် ဝိညာဉ်ရေးရာ စစ်ပြိုင်ဆိုင်မှု ဖြစ်သည်။ ဘုရားသခင်နှင့် ဆက်ဆံရာတွင် အတားအဆီးများဖြစ်သည်။ ဝိညာဉ်ရေးရာ ကြီးထွားမှုကို ဟန့်တားပါသည်။
၂:၁၂ ကျွန်ုပ်တို့သည် လောကဇာတိ၊ အသွေးအသားတပ်မက်မှုများကို တင်းကြပ်ရန်သာ မဟုတ်ပါ။ သာသနာပလူများ အကြားတွင် ချစ်ခင်ကြည်ညိုစဖွယ် သာသနာပလူများအကြားတွင် ချစ်ခင်ကြည်ညိုစဖွယ် ဖြစ်အောင် နေပြတတ်ရမည်။ ကောင်းသောအကျင့်ကို ကျင့်ကြံကြရမည်။ မိမိတို့အသက်သည် လောကီသံစဉ်အတိုင်း လိုက်မနင်းရပါ။ သီးခြား ဗုံခေါက်သံစဉ်ဖြင့် ချီတက်ရမည်။
အသက်တာတစ်ခုလုံး နီးပါး ဝေဖန်ခြင်း ခံကောင်းခံနိုင်ပါသည်။ ထိုခေတ်ကာလအကြောင်းကို Erdman က ဤသို့ ရေးထားသည်။
- ခရစ်ယာန်များသည် ဘာသာတရားမရှိဟုစော်ကားခံရသည်။
- အဘယ်ကြောင့်ဆိုသော အကျင့်စာရိတ္တညံ့ဖျင်းသူပမာ မျက်မြင်ဘုရားမကိုးကွယ်ရသော ကြောင့်
- အဘယ်ကြောင့်ဆိုသော လောကမင်းပလွှားထင်ပေါ်ခြင်းကို မလိုလားသောကြောင့်
- အဘယ်ကြောင့်ဆိုသော် သူတို့အတွက်ကောင်းကင်ဘုရင်အခိုင်အမာရှိသောကြောင့် တည်း။
ခရစ်ယာန်အသက်တာသည် ဝေဖန်ချက်မကင်းနိုင်ပါ။သို့သော်လည်း ယုံကြည်သူများအနေ ဖြင့်လောက စွပ်စွဲချက်များကို အကျိုးအကြောင်းခိုင်မာစွာတုံ့ပြန်နိုင်သည်။ ဂန္တဝင်ကောင်းမှု ကုသိုလ်များဖြင့် ဂုဏ်သိက္ခာ စော်ကားမှုများကို ချေပနိုင်ပါသည်။ ဘုရားသခင်ကြည့်ရှုစီရင် တော်မူသောနေ့၌ ကဲ့ရဲ့ပြစ်တင်သောအမှုများသည် တင့်တယ်လျောက်ပတ်လာမည်။
ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက် သည်အချိန်မရွေးဖြစ်နိုင်သောကြောင့် နီးသထက်နီးလာပြီ။ ကျေးဇူးတော် ခံစားရမည့်နေ့ရက်လား။ (လု၁၉:၄၁-၄၄) တွင်မေရှိယ သခင်သည်ချစ်ခြင်းမေတ္တာ၊ ကရုဏာတော် သက်ရောက်လျက်ရှိသည်ကို ယေရှုရှလင်ကမသိ သောကြောင့် ယေရှုမျက်ရည်ကျသည်။ ထိုကျမ်းချက်၏ ဆိုလိုချက်မှာ (၁) ဘုရားသခင်ကျေး ဇူးတော်ကျရောက်မည့်နေ့ရက်တွင် ထိုသူများသည် ကယ်တင်ခြင်းရကြမည် သို့မဟုတ် (၂) ထိုနေ့ရက်ကယ်တင်ခြင်းမရရှိသူများ ဘုရားသခင်ရှေ့တော်တွင် အပြစ်စီရင်ခြင်း ခံရမည့် နေ့ဖြစ်သည်။
ရှောလုက ပထမအချက်ကို အနက်ဖွင့်ဆိုပြသည်။ သတေဖန်ကိုစွပ်စွဲ၍ စော်ကားမော် ကားပြုခဲ့သောလည်း သတေဖန်က ကောင်းမှုကို သိုလ်စရိုက်ဖြင့် တုံ့ပြန်ခဲ့သည်။ ရှောလုခရီး နှင်ခိုက် ဒမာစကပ်လမ်းပေါ်မှာ ဘုရားရှင်နှင့် ကြုံတွေ့ပြီးသောအခါ ကြီးစွာသောနောင်တရ လျက်သတေဖန်ကဲ့သို့ ဘသခရီးလမ်း ပြောင်းသွားသည်။ သတေဖန်ကဲ့သို့ပင် ခရစ်တော်၏ အသက်တာက လွှမ်းမိုးပြီး အခြားသူများကိုလည်း သွန်သင်လမ်းပြနိုင်သည်။
ထိုအကြောင်းနှင့် ပတ်သက်၍ Joweet ကဤသို့ဆိုထားသည်။
တင့်တယ်လှပသောဘဝဆိုသည်မှာ အခြားသူများအားဘုရားကောင်းကြီးမင်္ဂလာခံ စားဖို့ရာ ဘုရားရှင်တော်ထံသို့ ပို့ဆောင်ခြင်းဖြစ်သည်။
သူတို့ဘဝအသက်မှာ ဘုရားသခင်ကို တကယ်ထိတွေ့သိရှိလျှင် ကောင်းကင် မိဿဟာယကို တမ်းတကြမည်။ လူ့အပြောအဆိုအပြုအမူမျိုးကို ကျေနပ်မွေ့လျော်နိုင်တော့မည်မဟုတ် ကျေးဇူးတော်ခံစား၍ မြင့်မြတ်သောဘဝအသက်တာရှိသောကြောင့် လူမိုက်မဲမှုများကို ရေငုံနှုတ်ပိတ်နေတော့မည်။ ထိုရေငုံနှုတ်ပိတ်နေခြင်းသည် ဝိညာဉ်ရေးရာ ဆင်ခြင်ကြီးထွားဖို့ ပထမအဆင့်အာရုံဝင်စားခြင်းဖြစ်သည်။
ဒုတိယအနက်ဖွင့်ဆိုချက်မှာ ဘုရာသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ ကယ်တင်ခြင်းမရသူများ အပြစ်စီရင်ခြင်း ခံမည့်အကြောင်း ဖြစ်သည်။ ဧဝံဂေလိသတင်း စကားမကြားသိရခြင်းအတွက် လွတ်ငြိမ်းချမ်းသာခွင့် မရှိပါ။ မိတ်ဆွေခရစ်ယာန်များ အိမ်နီး နားချင်းများ၌ ကြုံတွေ့မြင်ဖူးကြပါသည်။ ထိုအမှုအတွက် ဘုရားသခင် သားသမီးများတွင် အပြစ်တင်စရာမရှိတော့ပါ။
(ခ) နိုင်ငံသားအနေဖြင့်အုပ်စိုးသူမင်းအားဆက်ဆံခြင်း (၂:၁၃–၁၇)
၂:၁၃ အခန်းငယ်(၅)ခုတွင် ယုံကြည်သူ နိုင်ငံသားတစ်ယောက်အနေဖြင့် အုပ်စိုးသူမင်းအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် သင်ပြထားသည်။ အဓိကသော့ချက်မှာ အမိန့်နာခံခြင်းဖြစ်သည်။ ဝန်ခံခြင်းအကြောင်းကို ဤကျမ်းစာတွင် (၄)ကြိမ်သွန်သင် ထားသည်။
နိုင်ငံသားက ရှင်ဘုရင်အမိန့်နာခံခြင်း (၂:၁၃) ကျွန်များကသခင်အမိန့်နာခံခြင်း (၂:၁၈) ဇနီးသည်များက ခင်ပွန်းသည်အမိန့်နာခံခြင်း (၃:၁)လူငယ်မောင်မယ်များက လူကြီးများအမိန့်နာခံခြင်း (၅:၅)။ Lyall က ဤသို့ဆိုထား သည်။
ခရစ်ယာန်များ၏ အဆုံးစွန်သောဘဝအသက်တာအဖြေမှာ စုံစမ်းစစ်ကြောခြင်း အဖျက်အမှောက် ပယောဂနှင့် အကြပ်အတည်းများကို ဖြေရှင်း၍ အပြစ်ပြောစရာ မရှိခြင်းဖြစ်သည်။ နိုင်ငံသားကောင်း တစ်ယောက်အနေဖြင့် ကျင့်ကြံနေထိုင်ခြင်း ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် အမိန့်နာခံကျိုးနွံခြင်းသည် ခရစ်ယာန်များ၏ အဓိကဘဝတန်ဖိုးဖြစ်သည်။
အုပ်စိုးသူမင်းသည် ဘုရားသခင် ကိုယ်စား စီမံအုပ်ချုပ်သူများ ဖြစ်သည်(ရော ၁၃:၁)။ မင်းများသည် ဘုရားသခင်၏ စီမံခန့်ခွဲရာဖြစ်သည် (ရော ၁၃:၄)။ ထိုမင်းများသည် ယုံကြည်သူများ မဟုတ်သည့်တိုင်အောင် ဘုရားသခင်၏ တရားဝင်လူများဖြစ်သည်။ အားဏာရှင်ဆန်၍ သက်ဦးဆံပိုင်စနစ် ကျင့်သုံးသည့်တိုင်အောင် အုပ်စိုးသူမင်းမရှိခြင်းထက် ပိုကောင်းသည်။ အုပ်စိုးသူ မင်းမရှိလျှင် နိုင်လိုမင်းထက်မင်းမဲ့ စရိုက်ဖြစ်သွားမည်။ မင်းမဲ့စရိုက်အောက်တွင် မည့်သည့်လူ့အဖွဲ့ အစည်းမှချမ်းသာမရနိုင်။ မည်သည့်အစိုးရမဆို၊ မရှိခြင်းထက် ပိုကောင်းပါသည်။ အမိန့်အာဏာသည် ခြိမ်းခြောက်သံထက်ပိုပြီး စနစ်တကျရှိပါသည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်ကိုယ်စား ဆောင်ရွက်နေသူများအား အမိန့်နာခံကျိုးနွံရမည်။ ထိုသို့ကျင့်ကြံခြင်းသည် အလိုတော်နှင့်ညီ၍ စိတ်တော်နှင့် ထိတွေ့ရာလည်းဖြစ်သည်။ ဤညွှန်ကြားချက်အတိုင်း အုပ်စိုးသူမင်းထံသို့ ပြုကျင့်လော့။ နေရူးဘုရင် မင်းဆိုးမင်းညစ်ပင်လျှင် နန်းတော်တွင် စစ်သူကြီးများက အမိန့်နာခံကျိုးနွံခဲ့ကြသည်။
၂:၁၄ ညွှန်ကြားချက်ဟူသည်မှာ လက်အောက်ခံများက လိုက်နာလုပ်ဆောင်ရန် အစိုးရမင်း က ထုတ်ပြန်ချက် ဖြစ်သည်။ အမိန့်နာခံသူများကို အသိအမှတ်ပြု ချီးမြောက်ရန်နှင့် မလိုက်နာသူများ ကိုအပြစ်ဒဏ်ပေးရန် ဘုရားသခင်က အုပ်စိုးသူမင်းအား ခွဲခန့်ခြင်း ဖြစ်သည်။ စင်စစ်တွင် ထိုအစိုရမင်းသည် အလုပ်ကိစ္စများ မြောင်သောကြောင့် အချိန်အလုအယက်ဖြစ်နေသည် သို့မဟုတ် အချိန်ရွှေ့ဆိုင်း၍ လုပ်နိုင်သည် မှန်သော်လည်း ခရစ်ယာန်တို့၏ နာခံခြင်းတွင်မူ ထိုသို့မဟုတ်ပါ။ Arnold Toynbee က “လူ့သမိုင်း တလျှောက်မှာ မူလအပြစ်သည် အချိန်မပေးနိုင်၍ ကဲသာဘုရင်ကဲ့သို့ အလုပ်များမြောင်နေတတ်ကြသည်” ဟု ဆိုထားပါသည်။
အဘယ်ကြောင့်ဆိုသော် နာခံခြင်းကိုချို့ယွင်းချက် အဖြစ်ထားကြသည်။ အကယ်၍ဘုရားရှင် တော်၏ အလိုတော်နှင့်အုပ်စိုးသူမင်း၏ အမိန့်နှစ်ခုသည် ဆန့်ကျင်နေလျှင် ယုံကြည်သူအနေဖြင့် အုပ်စိုးသူမင်း၏ အမိန့်ကို ငြင်းပယ်ရသည်။ ထိုအရာမျိုးတွင် လူထက်ဘုရားကို ဦးစားပေးရမည် (တ၅:၂၉)။ အကယ်၍ ထိုသို့နာခံရန် ပျက်ကွက်ခြင်းကြောင့် အပြစ်ဒဏ်ခံရမည်ဆိုလျှင် ရဲရဲဝံ့ဝံ့ကျခံရ မည်။ အုပ်စိုးသူမင်းအား ပုန်ကန်ခြင်းမပြုရ။ အပြစ်တင်ခြင်းလည်းမပြုရပါ။
အချို့တိုင်းပြည်များတွင် သမ္မာကျမ်းစာအုပ်အားတင်သွင်းခွင့်မပြုသဖြင့် မှောင်ခိုတင်သွင်း ရသည်။ ထို့သို့ပြုလုပ်ခြင်းသည် အုပ်စိုးသူမင်းပြဋ္ဌာန်းသောဉပဒေကို ချိုးဖောက်ရာ ရောက်သော်လည်း ကမ္ဘာအနှံ့ ဧဝံဂေလိသတင်းစကား ပျံ့နှံ့စေရာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ရေးရာနယ်မြေမှာ ပြစ်တင်ရှုတ်ချခြင်းမခံရပါ။
တခါတရံအချို့တိုင်းပြည်များတွင် ခရစ်ယာန်များအား စစ်သားလုပ်ခိုင်းသည်။ တကယ်လက် နက်ဆွဲကိုင်၍ စစ်တိုက်ရမည်လား။ တကယ်စစ်သား လုပ်လျှင် ဘုရားနှုတ်ကပတ်ကို ဆန့်ကျင်၍လူ သတ်ရန်ကြံရွယ်ခြင်း ဖြစ်သည်။ ထို့သို့မဖြစ်စေရန် စကားကမ်းလှမ်းကတည်းကအကျိုးအကြောင်းပြ ၍ပါးနပ်စွာ ရှောင်ကြဉ်ရသည်။
ခရစ်ယာန်အများစုသည် စစ်မှုထမ်းဆောင်ရန်စိတ်မသိုးမသန့်ဖြစ်တတ်ကြသည်။ ထိုကိစ္စသည် တစ်ဦးတစ်ယောက်ခြင်း၏ ခံယူချက်ဖြစ်သည်။
အခြားမေးစရာမေးခွန်းတစ်ခုမှာ နိုင်ငံရေးဇာတ်စင်ခုံပေါ်တွင် မဲထည့်ရသလား၊ သို့မဟုတ် သီးခြားနိုင်ငံရေးဝါဒ ထားရှိရမည်လား ဟူသောအချက်ဖြစ်သည်။ ထိုအမှုမျိုးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက အကြပ်အတည်း လုပ်လေ့မရှိသဖြင့် နာခံရန် ငြင်းပယ်ရန် အထွေအထူးမရှိပါ။ သို့သော်နိုင်ငံသား တစ်ယောက်၏ ခြေခံဝတ္တရားများကို သမ္မာကျမ်းစာအတိုင်း ဖြစ်သင့်သည်။ တစ်ဦးတစ်ယောက်ချင်းအား လွတ်လပ်ခွင့်ပေးထားပြီး ဖြစ်သဖြင့် အခြားသူများကိုလည်း အမြင်မှား မျက်စောင်းထိုးစရာမလိုပါ။
၂:၁၅ ဘုရားလူများသည် မပြောင်းလဲသေးသူများ၏ အပြစ်တင်စရာမဟုတ်၊ နမူနာကြည့်စရာ ဖြစ်အောင် ရိုးသားဖြောင့်မတ်စွာ နေထိုင်ကျင့်ကြံပြုမူရန် ဘုရားရှင်တော်ကအလိုရှိသည်။ ယဉ်ကျေးသိမ်မွေ့စွာပြုမူ နေထိုင်ခြင်းဖြင့် လူမိုက်များ၏ မိုက်မဲမှုများကိုချေပကြရသည်။
ခရစ်ယာန်အသက်တာနှင့် ခရစ်ယာန်ယုံကြည်ခြင်းများကို လူမိုက်များက မရပ်မနားတိုက် ခိုက်နေပါသည်။ ပတ်ဝန်းကျင်စကြာဝဠာတခွင်မှာဖြစ်နိုင်သည်။ ဓါတ်ခွဲသုတေသန်ပြုခန်းမှာ ဖြစ်နိုင်သည်။ ပလ္လင်တော်ပေါ်ကဖြစ်နိုင်သည်။ ထိုထိုးနှက်တိုက်ခိုက်ခြင်းကို ခုခံတွန်းလှန်ရန် အကောင်းဆုံးသောလက်နက်မှာ ဖြောင့်မတ်စင်ကြယ်သော အသက်တာဖြစ်သည်။
၂:၁၆ ယုံကြည်သူများသည် လူလွတ်ဖြစ်သည့်အတိုင်းမြို့ပြကျေးကျွန်အချုပ်အနှောင်ခံ များမဟုတ်ပါ။ အောက်ကျနောက်ကျ မျက်နှာငယ်သူများ မဟုတ်ပါ။ ကျီးလန့်စာစားစရာလည်းမလိုပါ။ ဘုရားသခင်၌ လူလွတ်များ ဖြစ်ကြသည်။ သို့သော်ထိုသို့ လူလွတ်ဖြစ်ခြင်းသည် အပြစ်ကျူးလွန် ခွင့်ပြုခြင်းမဟုတ်။ လွတ်လပ်ခြင်းသည် အပြစ်လုပ်ခွင့်လိုင်စင်မဟုတ်ပါ။ လွတ်မြောက်ခြင်းတွင် မင်းမဲ့စရိုက်လက္ခဏာမပါဝင်ပါ။ သို့ကြောင့် ကျွန်ုပ်တို့၏ လွတ်လပ်ခြင်းတွင်ဒုစရိုက်မကောင်းမှု များပါဝင်ခွင့်အကြောင်းမရှိ။ ဝိညာဉ်ရေးရာတွင် မနာခံခြင်းအပြစ်သည် ခွင့်လွှတ်ခြင်းမရှိနိုင်။ အကြောင်းမှ ခရစ်တော်သည် ဘယ်သောအခါမှ ဘာသာရေးအရေ မခြုံသူမဟုတ်။
အကယ်၍ ဘုရားသခင်၏ ကတိတော်နှင့်ဆိုင်သောအစေခံဖြစ်ကြလျှင် အုပ်စိုးသူမင်း၏ အမိန့်အာဏာများသည် အပရိကမျှသာဖြစ်ပါသည်။ အလင်းတော်ထဲ၌ အရာရာကိုနာခံလျက်၊ ပြုလေသမျှသည်လည်း နာမတော်ချီးမြောက်ဖွယ် ရာဖြစ်ရသည်။
အကောင်းဆုံး နိုင်ငံသားမှာဘုရား၏ ကျေးကျွန်အဖြစ် အသက်ရှင်ခြင်းဖြစ်သည်။ ကံအကြောင်း မလှသည်မှာ အုပ်စိုးသူမင်းအများစုက ခရစ်ယာန်များ၏ ယုံကြည်ခြင်းနှင့်သမ္မာကျမ်း စာနာခံမှုကို မသိနားမလည်ပေးခြင်း ဖြစ်သည်။
ကတိတော်နှင့် ဆိုင်သောအစေခံနှင့်ပတ်သက်၍ “ငြီးငွေ့ဖွယ်အချိန်ကု ကောင်းကင်အရာက အကုန်လုံးယူဆောင်သွားပြီး၊ တောက်ပစေသည်။ စိုးရိမ်ခြင်းကိုလည်း ဖြောင့်မတ်စင်ကြယ်ခြင်း၏ ပစ်မှတ်ရည်ရွယ်ချက် ဖြစ်စေသည် “M E Meyer က ရေးထားပါသည်။
၂:၁၇ အဘယ်သူမျှ လူမှုဆက်ဆံရေးနှင့် မကင်းနိုင်ကြပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် ပြုကျင့်ရမည်။ ညွှန်ကြားချက် (၄)ခု ပေးထားပါသည်။
လူတိုင်းအား လေးစားပါ။ လူတိုင်း၏ အမူအရာပြောစကားများအား အမြဲတမ်း မလေးစားနိုင်ကြပါ။ သို့သော်မိမိဘဝသည် လောကကြီးတစ်ခုလုံးထက် အဖိုးတန်ကြောင်း လူတိုင်းမိမိကိုယ်ကို ထင်မှတ်ကြသည်ကို သတိပြုပါ။ လူတိုင်းသည် ပုံသဏ္ဍာန်တော်နှင့်အညီဖန်ဆင်းထားခြင်းဖြစ်သည် ကိုသတိရပါ။ သခင်ယေရှုသည် ထိုမရှိဆင်းရဲနွမ်းပါသူအတွက် ကားတိုင်မှာအသေခံသည်ကို ဘယ်သောအခါမှ မမေ့နှင့်။
ညီအစ်ကိုများကိုချစ်လော့။ လူတိုင်းကို မေတ္တာထားရှိသလို ဝိညာဉ်ရေးရာ မိသားစုများအား အချစ်ပိုရပါမည်။ ထိုချစ်ခြင်း မေတ္တာလူမျိုးသည် ဘုရားရှင်၏ချစ်ခြင်းမေတ္တာမျိုးဖြစ်သည်။ တင့်တယ်ပါသည်။ ချစ်ခြင်းမေတ္တာသည်ဆုလက်ဆောင်အပ်နှင်းရာမဟုတ်သော်လည်း သေခြင်းလက်နက်ပိုစွမ်းသည်။
ရှင်ဘုရင်ကိုရိုသေခြင်း နိုင်ငံတော်အစိုးရကိုလည်းရိုသေဖို့ ကျမ်းစာကတဖန်သတိပေး ထားပါသည်။ အုပ်စိုးသူမင်းသည် လူ့အဖွဲ့အစည်းအား စနစ်တကျ ယန္တရားလည်ပတ်နိုင်အောင် ဘုရားသခင်က စီမံခန့်ခွဲသူများ ဖြစ်သည်။ “အခွန်ခံထိုက်သူကို အခွန်၊ အကောက်ခံထိုက်သူကို အကောက်ပေးလော့” (ရေ ၁၃:၇)ဟုပြောထားသည်။ ယေဘုယျအားဖြင့် လောကနိုင်ငံသား များဖြစ်နေကြသေးသောကြောင့် ယေရှုအားသစ္စာ ဖောက်ဖျက်ခြင်း သက်ရောက်သော အမှုမှလွဲ၍ ကျန်အမှုတိုင်းတွင် အုပ်စိုးသူမင်း၏ အမိန့်ကိုနာခံရပါမည်။
(ဂ) အစေခံကသခင်အားဆက်ဆံခြင်း (၂:၁၈–၂၅)
၂:၁၈ ဓမ္မသစ်ကျမ်းတွင် မင်းကျင့်တရားထက် ကျွန်ဝတ္တရားပိုများသည်။ ကနဦး ရှေးယုံကြည်သူများသည် အစေခံများ ဖြစ်ကြသည်။ ယုံကြည်သူအများစုသည် အလယ်အလတ်နှင့်အောက်ခြေလူ တန်းစားများသာ ဖြစ်ကြသည် (မ၁၁:၅၊မာ ၁၂:၃၇၊၁ကော၁:၂၆-၂၉)။
အစေခံဆိုသည်မှာ အိမ်စေများ ဖြစ်သော်လည်း နေရာဌာနတိုင်းရှိ အစေခံများအားလုံး အကြုံးဝင်သည်။ အဓိက သွန်သင်ချက်မှာ သခင်အပေါ် ကျိုးနွံရန် ဖြစ်သည်။ ရိုသေလေးစားရန် ဖြစ်သည်။ ထိုကဲ့သို့ အသက်တာမှာ လက်တွေ့ပြုမူကျင့်ကြံသကဲ့သို့ အဖွဲ့အစည်းအသင်းအဖွဲ့များတွင်လည်း ပြုရသည်။ ကျိုးနွံခြင်းသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သကဲ့သို့ နာခံခြင်းလည်း ရှိရသည်။ ထိုအမှုသည် အစေခံတိုင်း မိမိသခင်အပေါ်တွင် ပြုကျင့်ရမည့် ဝတ္တရားဖြစ်သည်။ တစ်နည်းပြောရလျှင် ထိုသို့ မပြုကျင့်ပါက အစေခံခန့်အပ်စရာအကြောင်း မရှိ။ ထို့ကြောင့် ခရစ်ယာန်အစေခံများသည် ထို့ထက်ကောင်းမွန်ကျိုးနွံရန် အရေးကြီးသည်။ သူ၏ ဝင်ငွေလက်ဆောင်တို့ခြင်းသည်လည်း သူ့လုပ်ရပ်ပေါ်တွင် မူတည်သည်။
မြေဝယ်မကျနာခံခြင်းသည် သခင့်အပြစ်ဒေါသနှင့် မကင်းဝေးသည်။ သဘောဆိုးသည်ဖြစ်စေ ကြမ်းတမ်းသည်ဖြစ်စေ နာခံရမည်။ ကောင်းဖြစ်စေ၊ ယဉ်ကျေးသည်ဖြစ်စေ ကျိုးနွံရမည်။ အထူးသဖြင့် ယုံကြည်သူအစေခံများသည် ရုန်းရင်းကြမ်းတမ်းသူများကိုလည်း လေးစားနာခံရသည်။ ထို့သို့ပြုပြင်ခြင်းသည် ခရစ်ယာန်များ၏ ထူခြားသောအကျင့်လက္ခဏာ ဖြစ်သည်။
၂:၁၉ မတရားသောညှဉ်းဆဲမှု ခံရလျှင်လည်း ဘုရားသခင်၏ မျက်နှာတော်ကို ထောက်ရမည်။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် မတရားမှုများကို လက်တုံ့ မပြန်ဘဲ နာမတော်မြတ်၌ သည်းခံခွင့်လွှတ်ခြင်း သည်စိတ်တော်နှင့် ထိတွေ့စရာ ဖြစ်သည်။ မတရားမှုကို ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်ခြင်းသည် ခရစ်တော် လိုက်တုခြင်းဖြစ်၍ ဘုရားသခင်၏ “သာဓု”ခေါ်ရာဖြစ်သည်။
၂:၂၀ မိမိအပြစ်အတွက် သည်းခံခြင်းသည် ချီးမွမ်းစရာမဟုတ်ပါ။ ဘုရားသခင် ဘုန်းတော်ထင် ရှားစရာလည်း မဟုတ်နိုင်ပါ။ ခရစ်ယာန်အသက်တာနှင့် မသက်ဆိုင်ဟု မဆိုသော်လည်း အခြားသူများ ကိုလည်း ခရစ်ယာန်ဖြစ်လာစေရာ အကြောင်းတရားမဟုတ်။ သို့သော်စိတ်ရှည် သည်းခံခြင်းသည် အကျိုးသက်ရောက်မှုရှိပါသည်။ သဘာဝဖြစ်ရိုးဖြစ်စဉ်မဟုတ် ထူးဆန်းသဖြင့် အခြားသူများအား ကယ်တင်ခြင်းမျှော်လင့်ချက်ရှိစေပါသည်။
၂:၂၁ ဤကျမ်းပိုဒ်တွင် ယုံကြည်သူများ၏ သမ္မာတရား၌ ဆင်းရဲဒုက္ခခံစားခြင်းသည် သခင်ယေရှု၏ ခြေတော်ရာလိုက်နာခြင်းဖြစ်ကြောင်း ဥပမာပေးထားပါသည်။ သခင်ခရစ်တော် ကဲ့သို့မတရား ဆက်ဆံခြင်းခံရသူ တစ်ဦ:တစ်ယောက်မှ မရှိဘူးပါ။ ကိုယ်တော်သည် စိတ်ရှည်စွာ သည်းခံခဲ့သည်။
အခြားသူများက မှားယွင်းစွာပြုမူရက်စက်ကြသော်လည်း ကျွန်ုပ်တို့သည် သခင်ယေရှု သကဲ့သို့ပြုမူသည်းခံရမည်။ ဤကျမ်းပိုဒ်တွင် ပုံဥပမာယူ၍ဟုသုံးထားသည်မှာလေးနက်လှသည်။ တပည့်တော်များက မူရင်းမပျက်လိုက်တုချင်ကြသည်။ ထိုကျမ်းစာမူမှာ အလွန်သိမ်မွေ့လေးနက် သဖြင့်အနီးစပ်ဆုံး ပြန်လည်ရေးသားခြင်းဖြစ်သည်။ သို့သော်လည်း မူရင်းစကားနှင့်အဓိပ္ပါယ်မလွဲပါ။
၂:၂၂ သခင်ဘုရားသည် အပြစ်ရှိသူမဟုတ်သောကြောင့်သူ့အပြစ်အတွက် ဆင်းရဲဒုက္ခခံစား ရခြင်းမဟုတ်ပါ။ “ဘုရားသခင်သည်အပြစ်နှင့်ကင်းစင်သောသူ” (၂ကော ၅:၂၁)”ကိုယ်တော်၌ အပြစ်မရှိ” (၁ယော ၃:၅) ဟုဆို၍ ဤကျမ်းပိုဒ်တွင် “ထိုသခင်သည် ဒုစရိုက်ကိုမပြု“ဟု ဆိုထားပါ သည်။
ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် ဘယ်သောအခါမှ မုသားမပါဝင်ပါ။ သမ္မာတရားကို ဖောက်ပြန်ခြင်း၊ လိမ်ညာခြင်းအလျဉ်းမရှိ။ တချိန်တခါက ဤကမ္ဘာမြေပေါ်တွင် နေခဲ့သော်လည်း ဖြောင့်မတ်ဖြူစင်ခြင်း အပြည့်အနိုင်အထက် မုသားမရှိသောတစ်ယောက်အကြောင်း ကိုစဉ်းစားကြည့်ပါ။
၂:၂၃ ကဲ့ရဲ့ခြင်းကို ကိုယ်တော်ကစိတ်ရှည်စွာသည်းခံသည်။ ကဲ့ရဲ့ခြင်းခံရသောအခါ ပြန်၍မကဲ့ရဲ့။ အပြစ်တင်သောအခါလည်း ခွန်းတုံ့မပြန်။ စွပ်စွဲကြသောအခါ ခုခံကာကွယ်ခြင်းမပြု။ အံ့သြကုန်နိုင်ဘွယ်ရအတ္တကို စွန့်လွှတ်ခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ရှေးစာဆိုတစ်ဦးက ဤသို့ဆိုခဲ့သည်။ အလေးနက်ဆုံးနှိမ့်ချခြင်းအကြောင်းကို လစ်လျူရှုခြင်းမပြုဘဲ၊ ငြိမ်သက်စွာ နာခံသင့်သည်။ သခင်ဘုရား၏ အမှုကိုအာရုံပြုလျှင် ကျွန်ုပ်တို့၏ နှိမ့်ချမှုများသည် မပြောပလောက်ပါ။ သခင်ခံစားရသော ဆင်းရဲဒုက္ခအပေါင်းကို ဆင်ခြင်လျှင် အဘယ်သူမျှ တွေးဝံ့ကြမည်မဟုတ်။ မိမိကိုယ်ကို ခုခံကာကွယ်စရာနှင့် ခွင့်လွှတ်စရာ အဘယ်မှာ ရှာတွေ့မည်နည်း။
ဆင်းရဲဒုက္ခခံရစဉ်တွင် ကိုယ်တော်မတုန်လှုပ်ပါ။ မယဉ်ကျေးသောစကားဖြင့် ခွန်းတုံ့ပြန်လျက် လွတ်ရာလွတ်ကြောင်း မကြံပါ။ ကိုယ်တော်၏ခေါင်းညိတ်ငြိမ်သက်ခြင်း အားနဲချက်ဟုတ်ပါသလား။ အပြစ်တင်စရာ ရှာဖွေမတွေ့ရှိကြခြင်းသည် သဘာဝလွန်အင်အား ကြီးဖြစ်သည်။
ခွန်းတုံ့ပြန်ခြင်းမပြုခြင်းတွင် မည်သို့လျှို့ဝျက်ချက်များရှိပါသနည်။
တရားသဖြင့် စီရင်တော်မူသောသူတို့၌ ကိုယ်ကိုအပ်နှံခြင်းဖြစ်သည်။ ထိုသို့ပြုမှု ကျင့်ကြံရန် ကျွန်ုပ်တို့ကိုလည်း သွန်သင်ပါသည်။
ချစ်သူတို့၊ သူတပါးသည် သင်တို့ကိုပြစ်မှားလျှင်ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကားငါသည်အပြစ်တရားကို စီရင်ပိုင်ခွင့် ရှိ၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ထို့ကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင်သောက်စရာကိုပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။ အဆိုးအားဖြင့် အရှုံးမခံနှင့်အကောင်းအား ဖြင့်အဆိုးကိုနိုင်လော့ (ရော ၁၂:၁၉–၂၁)။
၂:၂၄ ကယ်တင်ရှင်ခံစားရသော ဆင်းရဲဒုက္ခဝေဒနာများသည် နမူနာပြသခြင်းမဟုတ်၊ ကိုယ်တိုင်ကိုယ်ကျခံစားရသော ထိုဆင်းရဲဒုက္ခများကို နားလည်နိုင်စွမ်းရှိ ကြဟန်မတူဟု ကျမ်းစာက သဘောရသည်။ ကယ်တင်ရှင်ခံစားရသော ဆင်းရဲဒုက္ခသည် သူ့အပြစ်ကြောင့်ခံရသည် မဟုတ်၊ ကိုယ်တော်တွင် အပြစ်မရှိပါ။ လက်ဝါးကပ်တိုင်ပေါ်မှာ သံမှိုနှက်ခံရသည်။ ထိုသို့ခံစားရ ခြင်းသည် လူ့အပြစ်ဒုစရိုက်များ၏ အဖိုးအခကိုတစ်ကြိမ်တခါတည်း အပြီးစီးခံစားပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် ဆင်းရဲဒုက္ခမျိုးနောက်တဖန်ကြုံဆုံစရာအကြောင်းမရှိ။ ထိုသူများ အတွက်အသေခံခဲ့သည်ဟုဆိုရာတွင် ထိုသူများ သည် ကျွန်ုပ်တို့ ဖြစ်ပါသည်။ ထို့ထက်ချိုမြသော မင်္ဂလာစကားမူကား၊ကျွန်ုပ်တို့သည် အပြစ်အတွက် သေခြင်းရှိတော့မည် မဟုတ်သည့်အပြင် ဖြောင့်မတ်စင်ကြယ်ခြင်းအသက်တာရှိခြင်း ဖြစ်သည်။
မည်သည့်ဒဏ်ရာ ဒဏ်ချက်ဖြင့် အနာရောဂါကင်းငြိမ်းရသနည်း ဒဏ်ရာဒဏ်ချက် ဟူသော စကားလုံးသည် ကိုယ်တော်အပေါ်၌ ထင်ကျန်သောအနာတရ ဒဏ်ချက်များကို ဆိုလိုပါသည်။ ဤမျှလောက် များမြောင်လှသောအပြစ်များအတွက်ကယ်တင်ရှင်ကမည်သို့ အနာရောဂါကင်းငြိမ်း စေသနည်း။ Theodoret က ဤသို့ဆိုထားပါသည်။ “အနာရောဂါကင်းငြိမ်းခြင်းသည် နည်းလမ်းသစ် နည်းလမ်းထူးဖြစ်သည်။ ဆရာဝန်၏ကုသခြင်းကို ခံယူသောလူနာသည် အနာရောဂါပျောက်၏”။
၂:၂၅ ပြောင်းလဲခြင်း အသက်တာ မရှိသေးသူသည် လမ်းပျောက်သောသိုးကဲ့သို့ဖြစ်သည်။ ပျောက်ဆုံးသည်၊ ချည်နှောင်ခြင်းခံရသည်၊ ဒဏ်ရအနာတရဖြစ်သည်။ သွေးထွက်သံယိုဖြစ်သည်။ လမ်းပျောက်သောသိုးကို ဟေရှာယကျမ်းနှင့် နှိုင်းယှဉ်ပြချင်သည်။
ငယ် ၂၁ ခရစ်တော် ကျွန်ုပ်တို့အတွက် ဆင်းရဲ ဒုက္ခခံရသည် (ဟေရှာ ၅၃:၄–၅)
ငယ်၂၂ ကိုယ်တော်တွင်အပြစ်မရှိ၊နှုတ်၌မုသားမရှိ (ဟေရှာ ၅၃:၉)
ငယ်၂၃ ညှင်းဆဲခြင်းနှင့်နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏ (ဟေရှာ ၅၃:၇)
ငယ်၂၄ ကျွန်ုပ်တို့၏အပြစ်များကိုယူဆောင်၍ သစ်တိုင်မှာ ချိတ်ထားတော်မူပြီ (ဟေရှာ ၅၃:၄–၁၁)
ငယ်၂၄ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့် ငါတို့အနာပျောက်လျက်ရှိကြ၏ (ဟေရှာ ၅၃:၅)
ငယ်၂၅ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲကြပြီ (ဟေရှာ ၅၃:၆)
သိုးထိန်းထံသို့ရောက်သောအခါ လုံခြုံရာရကြပါသည်။ သိုးထိန်းကောင်းသည် သိုးတို့အဘို့ အငှာ မိမိအသက်ကိုစွန့်တော်မူ၏ (ယော ၁၀:၁၁)။ သိုးထိန်းကြီးသည် သိုးများကို တုန်လှုပ်စိုးရိမ် ခြင်းမရှိစေရန် ထိန်းကျောင်းပါသည်။ ပေါ်ထွန်းလာမည့် သိုးထိန်းကြီးသည် သိုးများကိုစိုးရိမ်ခြင်း မရှိစေရန် ထိန်းကျောင်းပါသည်။ ပေါ်ထွန်းလာမည့် သိုးထိန်းကြီးသည် သိုးများကိုစိန်းလန်းသော မြက်ခင်းလွင်ပြင်သို့ ခေါ်ဆောင်သွားမည်။ နောက်တခါလမ်းပျောက်ခြင်းမရှိစေရန်သာဖြစ်သည်။
အသက်တာပြောင်းလဲခြင်းမှာ စိတ်ဝိညာဉ်သခင်ကြီးထံသို့ပြန်လာခြင်းဖြစ်သည်။ ထိုသူ၏ ဖန်ဆင်းထားသူများ ဖြစ်သော်လည်း အပြစ်မှော်ရုံတောတွင် လမ်းစ ပျောက်ခဲ့ကြသည်။ ယခုအထံတော်သို့ ပြန်ရောက်သောအခါတွင်မူကား ထာဝရရာသက်ပန် လုံခြုံစွာနေရပေတော့မည်။