ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၂

၃။မိစ္ဆာဒိဋ္ဌိဆရာများပေါ်ထွန်းလာမည့်အကြောင်း(အခန်း၂)

          : အခန်း(၁) အဆုံးပိုင်းတွင် အနာဂတ္တိစကားများသည် လူ့သဘော အကြံဉာဏ်ဖြင့်ပေါ်ထွန်းလာသည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော် ဟောကြားခြင်း ဖြစ်သည်ဟု ဆိုထားသည်။ ထိုကာလတွင် စစ်မှန်သောပရောဖက် များရှိသကဲ့သို့ မိစ္ဆာပရောဖက်များ ရှိကြောင်းလည်း ရေးထားသည်။ စစ်မှန်ဖြောင့်မတ်သော ပရောဖက်များရှိသကဲ့သို့ ဖျက်စီးတတ်သော မိစ္ဆာဒိဋ္ဌိဆရာများလည်း ကျင်လည်နေကြသည်။

ထိုဖျက်စီးတတ်သော မိစ္ဆာဒိဋ္ဌိဆရာများသည် အသင်းတော်၌ အတွင်းပိုင်းနေရာထိအောင် ပါးနပ်စွာနေရာ ယူတတ်ကြသည်။ သင်းအုပ်၊ ဓမ္မနေရာထိအောင် ယူတတ်ပြီးကြီးစွာသော အဖျက်သမားများဖြစ်သည်။ ယုံကြည်သယောင်ယောင် ပြောဆိုကြပြီး ပရိသတ်အကာအကွယ်ယူကြသည်။ သမ္မာကျမ်းစာနှင့် အခြားဓမ္မအသုံးအဆောင်များကို သွားလေရာ၌ ယူဆောင်တတ်ကြသည်။ သို့သော်လည်း သမ္မာကျမ်းစာနှင့် တခြားစီပြောဆိုတတ်ကြသည်။ ဓမ္မသိပ္ပံကျောင်းအုပ်ကြီးက ထိုသူတို့၏နည်းဗျူဟာကို ဤသို့ဆိုထားသည်။

အသင်းတော်များတွင် လုံလောက်သောအကြောင်း ခိုင်လုံမှုမရှိဘဲ၊ အယူအဆပြောင်းလဲသည်။ သူတို့ဓမ္မအယူအဆများကလည်း စဉ်ဆက်မပြတ် လိုက်နာလုပ်ဆောင်ခဲ့သည်များကို တဖန်အနက်ဖွင့်ဆိုခြင်း ဖြစ်သည်။

W.A.Criswell က မှားယွင်းသော မိစ္ဆာဒိဋ္ဌိများကို ဤသို့ဆိုသည်။

ယဉ်ကျေးသော၊ ဖော်ရွေသော၊ ဥပဓိရုပ်သန့်သန့်၊ညာတတ်၊ ခရစ်တော်၏မိတ်ဆွေသဖွယ်ဖြစ်သည်။၊  ပလ္လင်ပေါ်မှ တရားဟောသည်။။ စာအုပ်စာပေရေးသည်၊ ဘာသာရေးစာဆောင်းပါး၊ မဂ္ဂဇင်းရေးသည်။ သို့သော်အတွင်း ရန်သူဖြစ်သည်။ အသင်းတော်နှင့် သင်တန်းကျောင်းများကို မသန့်ရှင်းသောနေရာအဖြစ် ငှက်ဆိုးပမာ လုပ်သည်။ ခဲဘွယ် ဘော်ဇဉ်သက္ကာတွင် ရောသည့်တဆေးကဲ့သို့ ဇဒ္ဒုကဲအယူဝါဒ ဖြစ်သည်။

ထိုမိစ္ဆာဒိဋ္ဌိဆရာများကို ဘယ်မှာတွေ့နိုင်သနည်း။ အများဆုံးတွေ့နိုင်သော နေရာများကို ပြောပြပါမည်။

Liberal and Neo-Orthodox Prostestantism

Liberal Roman Catholism

Uniterianism and Universalism

Rusellism(Jahovah Witnesses)

Mormonism

Christian Sceince

Unity School of Christianity

Christadelphianism

Armstronggism(The “ Radio Church of God”)

ဖြောင့်မတ်စင်ကြယ်ယောင်ဆောင်လျှက် လျှို့ဝှက်စွာ ဝိညာဉ်ဖျက်ဆီးသူများ ဖြစ်သည်။ သမ္မာကျမ်းစာကို တောက်လျှောက် ဆန့်ကျင်ပုန်ကန်သူများ ဖြစ်သည်။ သမ္မာတရားနှင့် မိစ္ဆာဒိဋ္ဌိအယူအဆကို လေးနက်စွာ ရောမွှေထားကြသည်။ အခြေခံကျကျပြောရလျှင် သမ္မာကျမ်းစာကို အပြစ်ရှာသူများ ဖြစ်သည်။ အထက်ပါဂိုဏ်းဂဏအဖွဲ့အစည်းများသည် တချို့တစ်ဝက်ကို နမူနာပြခြင်းသာဖြစ်သည်။

နှုတ်ဖြင့်ဖော်ပြခြင်း ကျမ်းစာတအုပ်လုံးအား တန်ခိုးမှုတ်သွင်းခြင်းတို့ကို လက်သင့်မခံကြပါ။ ကျမ်းစာပါသုံးပါး တစ်ဆူ၊ ခရစ်တော်၏ ဇာတိတော် အပျိုကညာမှ ဖွားမြင်ခြင်း၊ အပြစ်သားများကိုယ်စား အသေခံခြင်းများကို လက်မခံ။ အထူးသဖြင့် အသွေးတော်၏တန်ဖိုးကို အသိအမှတ်မပြုကြ၊ ခန္ဓကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရအပြစ်ဒဏ်၊ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း၊ သမ္မာကျမ်းစာမှ အံ့ဖွယ်နိမိတ်လက္ခဏာများကို မယုံကြည်ကြပါ။

ယနေ့ခေတ်ကာလတင် တခြားမှားယွင်းသော မိစ္ဆာဒိဋ္ဌိများလည်း ရှိသေးသည်။The Kenosis theoryတို့၏ ခရစ်တော်သည် အပြစ်ရှိသည်ဟူသော အယူအဆ။ The “ God is dead ” ဟူသည့် စိတ်ရူး၊ စိတ်ကူးပြောင်းလဲ တိုးတက်ခြင်း အယူအဆ၊ သေလွန်သူအတွက် ရည်စူးလုပ်ဆောင်ခြင်းနှင့် သေလွန်ပြီးသူများအတွက် ဆုတောင်းပေးခြင်း များလည်းရှိသည်။

ထိုမိစ္ဆာဒိဠိဆရာများ၏ မဟာမိုက်မှားချက်မှာ သူတို့ကိုဖြစ်ဘွားစေတော်မူသောသူကို မသိရှိခြင်း ဖြစ်သည်။ ယေရှုကောင်းကြောင်းနှင့် ပတ်သက်၍ နူးညံသောစိတ်သဘောထား၊ ပုံသက်သေကောင်း ဖြစ်ခြင်းသာ ပြောကောင်းပြောမည်။ တစ်ပါးတည်းသော ကယ်တယ်ရှင်၊ဘုရားသားတော်ဖြစ်ကြောင်းကိုမူ လက်မခံကြ။

Nel Ferre က ” ယေရှုသည် ဘယ်သောအခါက ဘယ်သောအခါမှ ဘုရားမဟုတ်” ယေရှုဘုရားဟု ခေါ်ဆိုခြင်းသည် ယေရှု၏ ရုပ်ထုကို ခေါ်ခြင်းသာ ဖြစ်သည်” ဟုဆိုသည်။

Methodist Bishop  Gerald Knnedy ကတော့ဤသို့ဆိုသည်။

ခရစ်တော်သည် ဘုရားသခင်ဖြစ်သည် ဆိုစကားသည် ဘဝင်မကျနိုင်ပါ။ ထိုထက်ပြောပြချင်သည်မှာ ဘုရားသခင်သည် ခရစ်တော်ထဲသို့ ဝင်ရောက်စိုးစံခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးသည် ယေရှုဇာတိတော်ကို ပြောင်းပြန်ဖြစ် စေသည်ဟု ယုံကြည်သည်။ ယေရှု၏ ဘုန်းတန်ခိုးများကို သက်သေပြသော်လည်း ထိုသူအတိုင်း ယုံကြည်သည်။ ၁၄

ထိုနည်းအပြင် နည်းလမ်းပေါင်းစုံဖြင့် ဒိဌိဆရာများသည် ဖြစ်ပွားစေသူ ဘုရားရှင်ကို ငြင်းပယ် ပထုတ်ကြသည်။ ထိုသူများသည် ဘယ်သောအခါမှ ရွေးနှုတ်ကယ်တင်ခြင်း မရနိုင်ဟု ကျမ်းစာက သတိပေးသည်။ ဓမ္မာသစ်ကျမ်းတွင် ဝယ်ယူခြင်းနှင့်ရွေးကောက်ခြင်းသည် မတူညီပါ။ လူသားအားလုံးကို ဝယ်ယူထားသော်လည်း လူတိုင်း ရွေးနှုတ်ခြင်း ရရှိသူများမဟုတ်ကြ။ ကယ်နှုတ်ခြင်းဆိုသည်မှာ ယေရှုခရစ်တော် တန်ဖိုးအားဖြင့် ရွေးနှုတ်ပြီးကြောင်း ဝန်ခံသူသာများသည်။ (၁ ပေ ၁:၁၈-၁၉)။

မ ၁၃:၁၄ တွင် မိမိရှိသမျှစည်းစိမ်ဥစ္စာကို ရောင်း၍ လယ်ကွက်ဝယ်သူအဖြစ် ယေရှုခရစ်တော်ကို အတိတ်စိမ်း ပေးထားသည်။ အငယ် ၃၈ တွင် ဖော်ပြထားသော လယ်မြေသည် လောကကြီးကို ဆိုလိုသည်။ သခင်ခရစ်တော် ကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ထိုလယ်ကွက်ကို ဝယ်ယူထားသည်။ သို့သော် တစ်ကမ္ဘာလုံးကို မရွေးနှုတ်ပါ။ ကိုယ်တော်၏ အမှုတော်သည် နောင်တရ၍ ကိုယ်တော်ကိုယုံကြည်လက်ခံသူများ အပေါ်သာလျှင် အကျိုးသက်ရောက်သည်။

မိစ္ဆာဒိဠိဆရာများသည် ရှေးကုသိုလ်ကံကတည်းကပင် အမှန်တကယ် တဖန်မွေးဖွားခြင်း ခံရသူများမဟုတ်။ သူတို့ကိုသူတို့ ပျက်စီးလမ်းသို့ ပို့ဆောင်ကြသူများ ဖြစ်သည်။ ထိုသူများ၏ နေရပ်ဌာနကား မီးအိုင်ထဲက ထာဝရအပြစ် ဒဏ်နေရာဖြစ်သည်။

:      ထိုသူများနောက်သို့ လိုက်သူများစွာရှိအောင် ဆွဲဆောင်နိုင်ကြောင်း ကျမ်းစာက သတိပေးထားသည်။ သမ္မာကျမ်းစာ သွန်သင်ချက်များ၊ အကျင့်သိက္ခာများကို ဘေးဖယ်ပြီး ဇာတိအသွေးအသား နောက်သို့ လိုက်ကြသည်။ ဥပမာ(၂)ခု ပေးပါမည်။ အင်္ဂလီကန်ဘုန်းတော်ကြီး John A.T Robinson  က ဤသို့ ရေးထားသည်။

သူတို့အမှားအယွင်းမျိုးကို အမြဲယှဉ်တွဲတွေ့ရှိနိုင်သည်။ လက်ထပ်ထိမ်းမြားခြင်း မပြုမှီ၊ လင်မယားအဖြစ် အတူတူ နေခြင်း၊ ကွာရှင်းပြတ်စဲခြင်းမျိုးသည် အပြစ်မဟုတ်ဟု ဆိုသည့် အမှု ၁ဝဝ မှာ ၁ဝဝ သို့မဟုတ် ၉၉ ခု ရှိနေသည်။ သို့သော် အပြစ်ဟု မယူဆ။ အချစ်ဆုံးရှုံးခြင်းသာ ရှိသည်ဟုဆိုသည်။၁၅

National Council of Churches ကထုတ်ဝေသော Called to Responsible Freedom  စာအုပ်တွင် လူငယ်လူရွယ်များက ဤသို့တိုင်ပင်ဆွေးနွေးကြသည်။

ပုဂ္ဂိုလ်ရေးအရ ပြောရလျှင် ကာမကိစ္စတွင် တရားမျှတခြင်းနှင့် စင်ကြယ်ခြင်းသည် အပြင်ပန်းသဏ္ဍာန်မင်္ဂလာ ဆောင်ခြင်းနှင့် မသက်ဆိုင်ပါ။ ကာယကံရှင်များ၏ စိတ်သဘောအပေါ်တွင် မူတည်သည်။ ထိုအတိုင်းဆိုလျှင် မှားယွင်းသည်ဟု လူ့ယဉ်ကျေးမှုအရ ပြောနေသော ကာမမွေ့လျော်ခြင်းသည် မှန်ကန်၍ ကောင်းမွန်သော တရားဝင်ကိစ္စဖြစ်တော့ မည်။၁၆

ထိုအပြုအမူ သဘောထားများအရ ဆိုလျှင် မိစ္ဆာဒိဠိဆရာသမားများ၏ သမ္မာတရားသည် အတိတ်နိမိတ် မကောင်းပါ။ မယုံကြည်သူများ ပေါများလာခြင်းသည် စက်ဆုပ်ရွံရှာဖွယ်သာဖြစ်သည်။

:      ထိုမိစ္ဆာဒိဠိဆရာများသည် မိန်းမကိစ္စနှင့် ငွေကြေးကိစ္စများတွင် လောဘရမ္မက်ကြီးသူများ ဖြစ်သည်။ သာသနာတော်အမှုကို ဝင်ငွေခွန်ကောက်ခံရေးဌာနဟု သဘောထားကြသည်။ သူတို့၏ အဓိကရည်ရွယ်ချက်မှာ နောက် လိုက်နောက်ပါ တပုံတခေါင်းကြီးထွားလာ၍ ဝင်ငွေတိုးခြင်းဖြစ်သည်။

ပရိသတ်များကို စကားကြွယ်ကြွယ်ဖြင့် လှည့်စားကြသည်။ ထို့ကြောင့် Darby  က ” နတ်ဆိုးသည် သမ္မာကျမ်းစာအုပ် ကိုင်ဆောင်သော်လည်း ထိုထက်ပို၍ ဆိုးဝါးသည်” ဟု ဆိုထားသည်။ ထို့ကြောင့် ထိုဆရာမှူးများသည် ကျမ်းစာအုပ်ကို ကိုင်ဆောင်၍ ဖြောင့်မတ်မှန်ကန်ခြင်းတရား ဟောသော်လည်း ဧဝံဂေလိတေးသီချင်းများ အော်ဟစ်သီဆိုသော်လည်း သမ္မာကျမ်းစာပါ အကြောင်းအရာများကို ဆွေးနွေးကြသော်လည်း အပြုအမူများသည် ဖုံးကွယ်ခြင်းနှင့် ပုံဖျက်ခြင်းသာ ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ပြစ်တင်ရှုတ်ချခြင်းက ထိုဆရာသမားကို စောင့်နေသည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွဲ၊ သူတို့ကိုသူတို့ သက်သေပြသူများ ဖြစ်သည်။ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။ အစဉ်နိုးကြားလျှက် ကျားသစ်ကဲ့သို့ ချောင်းမြောင်းနေသည်။

:     အငယ်၄ မှ ၁ဝတွင် ဓမ္မဟောင်းကာလ အပြစ်စီရင်ခြင်း(၃)မျိုးကို ပြန်လည်သတိပေးထားသည်။ မိစ္ဆာဒိဠိ များဆန့်ကျင်ပုန်ကန်သော ကောင်းကင်သားများ၊ သောဒုံနှင့် ဂေါမောရမြို့သားများအပေါ်တွင် ဘုရားရှင်၏ အပြစ်ဒဏ် စီရင်ခြင်းကိုပြောပြသည်။

အပြစ်လုပ်သောကောင်းကင်သားများအကြောင်းကို (ယု ၃:၆)တွင်လည်း ဖော်ပြခဲ့ပြီးပါပြီ။

၁။ မိမိတို့နေရာတွင် မနေကြ၊

၂။ သူတို့ပိုင်ဆိုင်သော ဌာနန္တရကို ပစ်ပယ်ကြသည်။ (က ၆:၂)ပါ ”ဘုရားသားများ” ဟု အတိအကျ မပြောနိုင်သော်လည်း ဖြစ်တန်ချေရှိသည်။ ”ဘုရားသခင်၏ သားတို့သည် လူ့သမီးတို့လှကြောင်းကို မြင်၍ ကိုယ်စိတ်ရှိသည့်အတိုင်း စုံဘက်ကြ၏” ဟုဆိုထားသည်။ (ယောဘ ၁:၆၊၂:၁)တွင် ကောင်းကင်သားများကို ဘုရားသားများဟု ခေါ်ထားသည်။ က၆တွင် ဘုရားသားများသည် အသွင်အပြင်ပုံစံ ရုပ်ပြောင်းကာ မြေကြီးပေါ်သို့  ဆင်းသက်၍ လူသမီးများနှင့် စုံဖက်ကြသည် ထွန်းကားလာသော သားသမီးများသည် nephilim  ဟုခေါ်၍ ”ဆုံးရှုံးသူများ မျိုးမမှန်သူများ” ဟု အနက်ရသည်။ ထို့ကြောင့်ဘုရားရှင်သည် ထိုမတရားသော ကာမဆက်ဆံခြင်းကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

ဤအချက်ကို တဖန်ပြောင်းပြန်လှန် တွေးမည်ဆိုလျှင် ကောင်းကင်သားများ ဖိုမ လိင်မရှိသဖြင့် ထိမ်းမြားလက်ထပ်ခြင်း မပြုနိုင်ဟု ယူဆရသည်။ သို့သော်သမ္မာကျမ်းစာက ထိုသို့မပြောပါ။ မာ ၁၂:၂၅ တွင် ကောင်းကင်နိုင်ငံ၌ ထိမ်းမြား လက်ထပ်ခြင်း မရှိဟု ဆိုပါသည်။ ဓမ္မဟောင်းကာလတွင် ကောင်းကင်သားများသည် လူယောင်ပြ၍ မကြာခဏ ဆင်းသက်လာကြောင်း တွေ့ရသည်။ လောကသည်လည်း သောဒုံမြို့တွင် ကောင်းကင်သားနှစ်ပါးကို ဧည့်ခံခဲ့သည်။ (က ၁၉:၁)။ အငယ်၅၊ ၁ဝ၊ ၁၂ကို ဆက်ဖတ်လျှင် ခြေထောက်ရှိကြသည် (ငယ် ၂)၊ လက်ရှိကြသည် (ငယ်၁ဝ) စားတတ်ကြသည် (ငယ်၃)လူ့ခွန်အားရှိကြသည်။ (း၁ဝ၊၁၆)။လူသားတို့ မက်မောစွဲလန်းပြစ်မှားဖွယ်ရာ ရုပ်ရည်ရှုပကာ ရှိကြသည်(ငယ် ၅)။

ကောင်းကင်သားများ၏ ထော်လော်ကန့်လန့်လုပ်မှုကြောင့် ဘုရားသခင်သည် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ နောက်ဆုံးအပြစ်စီရင်သည့် နေ့ရက်တိုင်အောင် ငရဲပြည်သို့ ပို့ဆောင်ထားရသည်။

:     ဘုရားသခင်၏ ဒုတိယကြားကာလ အပြစ်စီရင်ခြင်းကို အပြစ်ဒုစရိုက်များလွန်းကြသောကြောင့် ရေလွှမ်းမိုးစီရင်ခြင်းအကြောင်း တွေ့ရသည်။ ဆိုးသွမ်းမိုက်မဲလျှက် ‘ဒုစရိုက်အတွေးသာ ရှိနေကြသည်။ (က ၆:၅)။ ဘုရားရှင်တော်အမြင်တွင် လူဘုံလောကသည် အပြစ်ဒုစရိုက် ဖုံးလွှမ်းသောအမှိုက်ပုံကြီး ဖြစ်နေသည်။ (က၆:၁၁-၁၃) ကမ္ဘာပေါ်မှာ လူဖန်ဆင်းခဲ့ခြင်းကို ဘုရားသခင်နောင်တရသည်။ (က ၆:၆)။ ထိုကြောင့် ထိုညစ်စုတ်သော ကမ္ဘာယုတ်ကို ပယ်ရှင်းရန် ဘုရားရှင်တော် အမိန့်ရှိခဲ့သည်။ (က ၆:၇)။ ကမ္ဘာလောကကြီး တစ်ခုလုံး မဖျက်ဆီးသော်လည်း ရေလွှမ်းမိုး ခြင်းဖြင့် ဆေးကြောသန့်စင်ခဲ့သည်။

နောဧမိသားစုသာလျှင် ဘုရားရှင် စိတ်တော်နှင့် ထိတွေ့သူရှိသည်။ ထို့ကြောင့်သင်္ဘောပေါ်သို့ ဆောင်ကြဉ်း လျှက် ဘုရားသခင်၏ အမျက်ဒေါသမှ သက်သာချမ်းသာရခဲ့ကြသည်။

နောဧသည် ဖြောင့်မတ်ခြင်း သမ္မာတရားကို ဟောကြားခဲ့သည်။ ယုံမှားသံသယမရှိဘဲ ဘုရားရှင် စေခိုင်းသည့် အတိုင်း သင်္ဘောတည်ဆောက်သည်။ တူထုသံတိုင်းသည် အပြစ်သားများ အပြစ်အား ပစ်ပယ်၍ ဘုရားထံတော်သို့ ချဉ်းကပ်ဖို့ဆင့်ခေါ်သံဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသ မခံမိရန် ဖိတ်ခေါ်ခဲ့သည်။

:     တတိယ ဥဒဟရုဏ်မှာ သောဒုံနှင့် ဂေါမောရမြို့များ ဘုရားသခင် ဖျက်ဆီးရသည့် အကြောင်း ဖြစ်သည်။ ထိုမြို့ကြီးနှစ်မြို့လုံးသည် ပင်လယ်သေ၏ တောင်ဘက်တွင်ရှိသည်။ ကိလေသာကာမ၌ ညစ်နွမ်းခဲ့ကြသည်။ လိင်တူ            အချင်းချင်းဆက်ဆံခြင်းကို လူ့သဘာဝကျင့်ထုံးဟု မှတ်ယူကြသည်။ ထိုအပြစ်အကြောင်းကို (ရော ၁:၂၆-၂၇) တွင် ဤသိုဆိုထားသည်။

ထိုသို့ပြုပြသောကြောင့် ဘုရားသခင်သည် လူတို့ကိုရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက် တော်မူ၏။ အဘယ်သို့နည်းမူကား မိန်းမတို့သည် ပကတိထုံးစံကို စွန့်၍ ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။ ထို့အတူ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း၊ ပကတိထုံးစံကို စွန့်၍ အချင်းချင်း ကိလေသာစိတ် ပူလောင်သဖြင့် ရှက်ကြောက်သောအမှုကို ယောက်ျားခြင်းပြုလျှက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံကြရ၏။

ဘုရားသခင်သည် ဤအမူအရာများကို ရွံရှာစက်ဆုတ်ဖွယ်ရာ့အပြစ် အဖြစ် မြင်တော်မူ၏။ မုန်းတီးရွံရှာတော်မူ သောကြောင့် ထိုမြို့နှစ်မြို့စလုံးကို ကောင်းကင်မှ ကန့်နှင့်မီးခိုးရွာစေ(က ၁၉:၂၄) ခြင်းဖြင့် ပြာပုံဖြစ်စေခဲ့သည်။ ထိုပြာကျသွားသောနေရာများကို ယနေ့တိုင်အောင် အတိအကျ ပြောနိုင်ပါသည်။ ထိုစဉ်က ထိုအပြစ်သည် တရားဝင်အပြစ် သို့မဟုတ် အနာရောဂါအဖြစ်သာ ထင်မှတ်ခဲ့ကြသည်။

ယနေ့ခေတ်ကာလတွင်လည်း ကြောင်သူတော်များသည် ထိုကိလေသာ မှားယွင်းသော အယူဝါဒ လောင်ကျွမ်းမှု များကို ပွင့်လင်းစွာ တရားဝင် ပြောဆိုနေကြသည်။ United Church of Christ  မှ အကြီးအကဲတစ်ဦးက လူမှုရေးရာ အခန်းကဏ္ဍတွင် သာသနာကျောင်း၊ သာသနာဝန်ထမ်းနှင့် သိက္ခာတော်ပေးရာတွင် ထိုအမှုများကို ဆန့်ကျင်ခြင်းမပြုကြ တော့ပါဟုဆိုသည်။ အမှုတော်ဆောင် ၉ဝ တွင် အရွယ်ရောက်သူတိုင်း လွတ်လပ်ကြသည်။ မှားယွင်းသော ဘာသာရေး သွန်သင်ချက်များက ဗြောင်ကျကျ အပြစ်ကျူးလွန်ခြင်းကို ခွင့်ပြုနေကြသည်။

ဤကျမ်းပိုဒ်တွင် မိစ္ဆာဒိဠိအယူအဆနှင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းကို တိုက်ဆိုင်၍ရေးသားခြင်း မဟုတ်ပါ။ မိစ္ဆာဒိဌိအယူဝါဒသည် အကျင့်စာရိတ္တ ပျက်ပြားခြင်းတွင် အမြစ်တည်ပါသည်။ ထို့ကြောင့်ကိလေသာ လွန်ကြူးခြင်းကို ဂရုမစိုက်ခြင်း ဖြစ်သည်။ သူ့အပြစ်ဒုစရိုက်များကို ခရစ်တော်၏ အသွေးတော်ဖြင့် ဆေးကြောသန့်စင်ပြီးကြောင်း နားလည်ခံယူရမည့်အစား ၊ သူ့အပြုအမူ၊ အသက်တာအားဖြင့် ဘုရားသခင် သိကျွမ်းခြင်းကို ပြစ်တင်ရှုတ်ချနေသည်။ တချိန်က မိုက်မှားဆိုးသွမ်း၍ ယခုအခါ ခြေတော်ရင်း၌ အပြည့်အဝတိုးဝင် ချဉ်းကပ်သောလူငယ်ကို Mr Pollock  ကဤသို့မေးဘူးသည်။

” သူငယ်ချင်း၊ မင်းနောက်ဆုံး ဘယ်အပြစ်ကို လိုက်လျောခဲ့သလဲ” ဟု မေးရာလူငယ်မှာ ခေါင်းငိုက်စိုက်ကျ လျှက် ရှက်ရှက်ဖြင့် ထွက်ပြေးသွားသည်။

:     ဘုရားသခင်သည် ထိုသို့သောမိုက်မဲဆိုးသွမ်းသူများထဲ ဖြောင့်မတ်စင်ကြယ်ဖို့ရန် ကယ်တင်ပါသည်။ လောတ၏ အသက်တာကို ကျမ်းစာက ဥပမာပေးထားသည်။ ဓမ္မဟောင်းကျမ်း တစ်ခုတည်းကိုသာ ဖတ်လျှင် လောတသည် တကယ့်ယုံကြည်သူအဖြစ် လက်ခံနိုင်ကြမည်မဟုတ်။ ကမ္ဘာဦးကျမ်းတွင် လောတသည် အခွင့်အရေးသမား၊ အပြစ် ဒုစရိုက်ဝါသနာပါသူ သူ့အမည်နာမအား ကမ္ဗည်းထိုး မော်ကွန်းတင်ချင်သူအဖြစ် တွေ့ရသည်။သို့သော်ဤကျမ်းစာ တွင် လောတသည် မတရားသောသူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ယှက်ခြင်းကို ခံရသောသူ ဖြောင့်မတ်သောသူ ဟု ဆိုထားသည်။ လောတသည် ပင်ကိုယ်ဗီဇအားဖြင့် ယုံကြည်ခြင်း သစ္စာကြီးမားသူ၊ဖြောင့်မတ် စင်ကြယ်ခြင်းကို နှစ်သက်၍ အပြစ်ကို မုန်းတီးသူအဖြစ် ဘုရားရှင်တော်က မြင်သည်။

:     အငြင်းပွားနိုင်စရာ ရှိသော်လည်း လောတသည် ဖြောင့်မတ်သောသူအဖြစ် ကျမ်းစာက ဆိုထားသည်။ သူတို့၏ မတရားမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျှက် နားကြားလျှက်ရှိသဖြင့် စိတ်နှလုံးပြင်းစွာ ညှင်းဆဲခံရသည် ဟု ကျမ်းစာက ထပ်မံအတည်ပြုထားပါသည်။ ထိုသောဒုံမြို့သားများ၏ အကျင့်စရိုက်ဆိုးက လောတအား ညှင်းပန်းနှိပ်စက်သည်မှာ အမှန်ဖြစ်သည်။

:     ဘုရားသခင်၏ သားသမီးများကို ကယ်တင်မည့်အကြောင်း ဘုရားသခင်နားလည်သည်။ စုံစမ်းနှောင့်ယှက်ခြင်းမှ ကယ်နှုတ်၍ တစ်ချိန်တည်းတွင် မတရားသောသူများကို ဒဏ်ခံစေမည်။

ဆိုးသွမ်းမိုက်မဲသူများအတွက် ငရဲပြည်အဆင်သင့် လုပ်ထားပါသည်။ (ငယ်၉)။ ဒုစရိုက်များအတွက် ငရဲရှိသည်။ (ငယ်၁၇)။ ထိုတရား၏အခြား တစ်ဘက်တွင် ယုံကြည်သူများသည် ဘုရားသခင်၏ အမွေတော်များကို ဆက်ခံ ထိန်းမည့်သူများ ဖြစ်သည်။(၁ ပေ ၁:၄-၅)

:၁ဝ   ထိုမတရားသော ဒုစရိုက်သမားများကို တရားစီရင်ရာနေ့၌ အထူးအပြစ်ဒဏ် စီရင်မည့်အကြောင်း ဤအခန်းတွင် အတိအလင်း ကျေညာထားသည်။ ကိလေသာကာမတဏှာကို သွန်သင်သော မိစ္ဆာသမားများ၊ အာဏာစက် ကိုမထေမဲ့မြင်ပြုသောသူများ ကိုယ်အလိုကို လိုက်၍ ဘုန်းတန်ခိုးကြီးသောသူကို ကဲ့ရဲ့သူများအား သီးသန့်အပြစ်စီရင်မည်။

မိစ္ဆာဒိဠိဆရာများသည် ခရစ်တော်၏ အမှုတော်အဖြစ် သွန်သင်ကြသော်လည်း သူတို့ အပြုအမူ အကျင့်သိက္ခာသည် အောက်တန်းကျလျှက် ရှိသည်။ သူတို့ကိုယ်တိုင်၌ ကိလေသာတဏှာ ညစ်ညူးခြင်းကို ကျူးလွန်လျှက် အခြားသူ များကိုလည်း ပွင့်လင်းစွာ ပြုမူစေသည်။ အကာအကွယ်လည်းပေးသည်။

The Episcopal Chaplain  အမျိုးသမီးကျောင်းမှ Maryland  ကဤသို့ရေးထားသည်။

ကာမဆက်ဆံခြင်း၊ အတွေးဆန္ဒများ၌ ပျော်မွေ့ခြင်းနှင့်သာယာခြင်းကို နားသင့်ပြီ။ လိင်တူဆက်ဆံခြင်း၊ တစ်ကိုယ်တော် ဖြေဖျော်ခြင်းများ ရပ်နားသင့်ပြီ။ လိင်ဆိုသည်မှာ ရယ်စရာတစ်ခုပါ။ ထိုကိစ္စနှင့် ပတ်သက်၍ တိုက်တွန်းဖို့၊ တားမြစ်ဖို့မရှိပါ။ စည်းမျဉ်းလည်းမရှိပါ။ ပြောစရာလည်းမရှိပါ။၁၈

လွတ်လပ်စွာ တွေးခေါ်သော ဘာသာရေးခေါင်းဆောင်များသည် ယေဘူယျအားဖြင့် အာဏာစက်၏ ရှေ့သို့ရောက်လျှက် နွားရှေ့ထွန်ကြူးတက်ကြသည်။ခေတ်သစ်သာသနာပြူ ဆရာများကမူ အယူဝါဒ၌ ဝိဝါဒကွဲပြားကြသည်။ Philadelphia Presbytery  အသင်းတော်မှ ပွဲတော်ပေးသည့် ဆရာတော်တစ်ပါးက ” အနာဂတ်တွင်လည်း ဤကိစ္စ ပိတ်ပင်စရာအကြောင်းမရှိ၊ ရုန်းရင်းဆန်ခတ်ဖြစ်လောက်အောင် ထိရောက်မှု မဖြစ်နိုင်ပါ” ဟု ဆိုသည်။

ဤလူများသည် အလွန်သတ္တိရှိပုံ ရကြသည်။ သူတို့လုပ်ပိုင်ခွင့် အမိန့်အာဏာများဟာလည်း အကန့်အသတ် မရှိပါ။ ထိုသူများအတွက် ပြောစရာစကားကျွံသည်ဟု မရှိ။ အုပ်စိုးသူမင်းများသည် ဘုရားသခင်၏ စီမံခန့်ခွဲရာဖြစ်သည်။ (ရော ၁၃:၁)။ ထိုသူများအား နည်းနည်းမျှ အပြစ်တင်ခွင့် မရှိပါ။ (တ ၂၃:၅)သူတို့၏ ရာထူးရာခံများသည် ဝမ်းသာကြည်နူး ကောင်းချီးပေးဖွယ်ရာသာ ဖြစ်သည်။ ကောင်းကြီးပေးသည် ဆိုသည်မှာ မည်သည့်နေရာတွင်မဆို သုံးနိုင်သော စကားဖြစ်ပါသည်။ ကောင်းကင်တမန် သို့မဟုတ် ဘုရားသခင် စီမံခွဲခန့်ထားသောသူများကိုလည်း ယေဘူယျအားဖြင့် ပေးနိုင်ပါသည်။ ဤနေရာတွင်ကား အုပ်စိုးသူ မင်းများကို ဆိုလိုပါသည်။

:၁၁   ကောင်းကင်တမန်များသည် လူထက် တန်ခိုး၊ ခွန်အားကြီးသော်လည်း ဘုရားသခင်ရှေ့တွင် ထိုလူသားများအား ပြစ်တင်ခြင်းမပြုနိုင် ဤနေရာတွင် ကောင်းကင်သားများသည် ပြောရေးဆိုခွင့် ရှိသူများဟုဆိုလိုသည်။

ဤအကြောင်းနှင့် ပတ်သက်၍ ဆက်စပ်လျှင် ယု ငယ် ၉ တွင် ” ကောင်းကင် မိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမစေတော်မူစေသတည်း” ဟုဆိုသည်။ မောရှေ၏ရုပ်အလောင်းနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင်ကြပါ။ သို့သော် အရေးကြီးသော အချက်မှာ မိက္ဓေလက စာတန်အား ပြစ်ပြစ်နှစ်နှစ် မပြောသည့်အကြောင်း ဖြစ်သည်။ စာတန်က မိက္ဓေလကို နိုင်လိုမင်းထက် မပြုနိုင်ပါ။ နောက်ရင်ဆိုင်တွေ့စရာလည်း အကြောင်းမရှိပါ။ စဉ်းစားကြည့်ကြပါ။ ထိုရဲစွမ်း သတ္တိရှိသူများကို ကောင်းကင်သားများက ဘာမျှမလုပ်နိုင်ပါ။ သူတို့အား နည်းချက်များကိုလည်း စဉ်းစားကြည့်ပါ။

:၁၂   ထိုမိစ္ဆာဒိဠိဆရာများသည် ဆင်ခြင်တုံတရားကင်းမဲ့သော တိရစ္ဆာန်များကဲ့သို့ ဖြစ်သည်။ တိရစ္ဆာန်များ ထက်ထူးခြားသော ဝိသေသတန်ခိုးအစွမ်းများကို ပြည်ဖုံးချရမည့်အစား ရုပ်ခန္ဓာကိုယ်၏ လိုအင်ဖြည့်ဆည်းဖို့၌သာ မွေ့လျော်ကြသည်။ တိရစ္ဆာန်များသည် သားသတ်ရုံ၌ ပို့ဆောင်ခြင်းမှလွဲ၍ အခြားအရည်အချင်း မရှိသကဲ့သို့ ထိုမိစ္ဆာဒိဠိ ဆရာများသည်လည်း ဘုရားသခင်ထံတော်၌ ကောင်းကြီးမင်္ဂလာ ခံစားခြင်းထက် သင်္ခါရလောက၏ ပျက်စီးခြင်းကို မျှော်လင့်နေကြသည်။

မိမိတို့နားမလည်သော အရာကိုကဲ့ရဲ့တတ်ကြသည်။ သမ္မာကျမ်းစာကို အသေအချာနားလည်ခြင်း မရှိဘဲလျှက်၊ မိုက်မဲစွာဝေဖန်ကြသည်။ ဘုရားသခင်နှုတ်ကပတ်တော်၊ သမ္မာလမ်းကို နားမလည်သဖြင့် မိုက်မဲသည်ဟုထင်တက်ကြ သည်။ (၁ကော ၂:၁၄)။ နှိမ်ချခြင်းရှိသော ယုံကြည်သူသည် ခြေဖျားထိပ်ရှိ အရာထက် ဒူးခေါင်းပေါ်ရှိအရာကို ပိုမြင်ကြ သည် မဟုတ်လော။

ထိုသူများသည် အဟိတ်တိရစ္ဆာန်များကဲ့သို့ ပျက်စီးကြရမည်။ တိရစ္ဆာန်လမ်းစဉ်ကို ရွေးချယ်ကြသောကြောင့် ရွေးသည့်လမ်းစဉ်နောက်သို့ လိုက်သွားကြရမည်။ ထိုသူတို့သေခြင်းသည် မျှောင့်လင်းခြင်းမဲ့ရာ အနိစ္စ သေခြင်းဖြစ် သည်။

:၁၃   သေလွန်သောအခါတွင်လည်း မဖြောင့်မတ်ခြင်း အကျိုးအာနိသင်ကို ခံစားကြရမည်။ ထိုအကြောင်းကို Philips  က ”  မကောင်းသောသူများသည် မကောင်းမှုကိုရှာကြံကြသဖြင့် ရှာကြံသည့်အတိုင်း ပေးဆပ်ကြရမည်” ဟု ဆိုထားသည်။

အရှက်အကြောက်တရားမရှိကြသဖြင့် နိစ္စဓူဝအပြစ်တရား၌ ကျင်လည်မွေ့လျော်ကြသည်။အကျင့်ဒုစရိုက် ပေါ်လွင်မည် စိုးရိမ်သောကြောင့်အလင်းထက် အမှောင်ကိုနှစ်သက်ကြသည်။ (ယော ၃:၁၉)၊ အဘယ်ကြောင့်ဆိုသော် အလင်းရောင်မှိန်သော နေရာတွင် ပို၍ စားကျက်တွေ့တတ်ကြသည်။ (၁ သက် ၅:၇)။ထို့ကြောင့်မိစ္ဆာဒိဠိဆရာများသည် အလင်းကိုရှောင်လျှက်မှောင်မိုက်အရိပ်၌ ပုန်းခိုနေကြသည်။

ခရစ်ယာန်ညီအစ်ကို မောင်နှမများနှင့် အတူတကွ စားသုံးသောအခါ အစွန်းအထင်းပေကျံ၍ ကျက်သရေမရှိ၊ အပြစ်တင်ရာရှိအောင်၊ အစားအသောက်အနေအထိုင်တွင် အလိုက်ကမ်းဆိုးမသိ၊ အတင်းဝင်ရောက် နေရာယူတတ်သည်။ ထိုကဲ့သို့သောလူကို ” မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ မိမိတို့ကို ဝစာကျွေး၍ ပွဲ၌အစွန်းအကွက် ဖြစ်ကြ၏။”  (ယုး၁၂)ဟုကျမ်းစာက ဆိုထားသည်။ ကနဦးအသင်းတော်များ၌ မေတ္တာပွဲတော် ကျင်းပသောအခါ မိစ္ဆာဒိဠိဆရာများသည် ဝိညာဉ်အသိတရား လုံးဝမပါရှိဘဲ တက်ရောက်လာသည်မှာ ထင်ရှားသည်။ အခြားသူများကို ငဲ့ညှာဦးစားပေးခြင်း မရှိဘဲ သူတို့အရေးကို ရှေ့တန်းတင်ကြသည်။

:၁၄   ထို့အပြင် သူ့မယားကို ပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသောမျက်စိရှေ့၌ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ ဆိုလိုသည်မှာ ထိုသူများသည် တရားဒေသနာ ဟောကြားရာတွင်ဖြစ်စေ၊ အုပ်ချုပ်သူအရာရှိမင်းလုပ်ဆောင် သည့်အခါဖြစ်စေ၊ အသင်းဝင်သူများနှင့် ဆွေးနွေးတိုင်ပင်သည့်အခါ ဖြစ်စေ၊ သူတို့မျက်လုံးများသည် အမျိုးသမီးများကို ပြစ်မှားသောအကြည့်ဖြင့် ကြည့်ကြသည်။ သူတို့၏ တဏှာရမက်သည် အမှုတော်ဆောင်ဝတ်ရုံဖြင့်မဖုံးကွယ်ပေးနိုင် လောက်အောင်ဆိုးဝါးသည်။

စိတ်နှလုံးတည်ကြည်ခြင်း မရှိ။ သူတို့ရွက်ဆိုသော ကျမ်းပိုဒ်များသည်လည်း အပြစ်လွတ်ခြင်းကိုသာ တွင်တွင် ဆိုတတ်သည်။ သို့သော် အမှားအမှန်ကို ရိုးရာယဉ်ကျေးမှုနှင့် ရွေးချယ်ဆုံးဖြတ်တတ်ကြသည်။ သို့မဟုတ်ပြစ်မှုကျူးလွန် သောအပြစ်ဒုစရိုက်များကို ချစ်ခြင်းမေတ္တာဖြင့် မှားယွင်းမိကြောင်း စေတနာအမှား ဖြစ်ကြောင်းပြောတတ်သည်။ စိတ်မ တည်ငြိမ်သူများအတွက် ပြောရန်မှာ လွယ်ကူလှပါသည်။ ပရိသတ်များကလည်း ထိုဘာသာရေးဆရာသမားများ၏ အပြစ်အမှားများကို လွယ်လင့်တကူ ခွင့်လွှတ်တတ်ကြသည်။

သူတို့စိတ်ထဲတွင် တပ်မက်စိတ်ရှိကြပါသည်။သူတို့ရာထူးရာခံများသည် အပျော်သက်သက်မဟုတ်ပါ။ သို့သော် အပြစ်သွေးဆောင်တတ်ကြသည်။တပ်မက်ခြင်းဆိုသည်မှာ အရာခပ်သိမ်းကို ငမ်းငမ်းတက်ခြင်း၊လိုချင် တပ်မက်ခြင်းဖြစ်သည်။ဤကျမ်းပိုဒ်တွင် ရာဂတဏှာ တပ်မက်ခြင်းကို ရှုတ်ချသည်။

ခရစ်ယာန်အသက်တာနှင့် ဆန့်ကျင်သော ထိုအကျင့်စရိုက်ဆိုး မိစ္ဆာဒိဠိသမားများသည် ခရစ်တော်၏ နာမတော်ကို ရောင်းစား၍ ဝင်ရောက်လာတက်သည်ဟု ကျမ်းစာကသတိပေးထားသည်။ထိုသူများသည် ကျိန်ခြင်း၏ သားများဖြစ်သည်။ ဆိုလိုသည်မှာ ကျိန်ဆဲစရာမလို။ သူတို့လုပ်ဆောင်သည့်အတိုင်း ဘုရားသခင်က စီရင်မည်ဟုဆိုလို သည်။

:၁၅   ထိုအမျိုးမျိုးသော ဒိဠိသမားများသည် ပရောဖက်များနှင့်လည်းတူသည်။ဗောသော်၏သား ဗာလမ် လမ်းစဉ်လိုက်သူများဖြစ်သည်။ ဘုရားသခင်အတွက် သူတို့ရာထူးကို လွဲမှားစွာအသုံးပြုသည်။(တော ၂၂:၃၈)တပါးသူ များကို အပြစ်သွေးဆောင်သည်(ဗျာ ၁၂:၁၄)။သို့ဖြင့်ဘုရားသခင်၏ အမှုတော်ကို ငွေကြေးရှာဖွေချမ်းသာရာအဖြစ် တလွဲအသုံးပြုကြသည်။ ဗာလမ်သည် ဣသရေလများကို ကျိန်ဆဲရန် မောဘဘုရင်က အခကြေးငွေပေး၍  ငှားစားသူဖြစ်သည်။ သူ့ဘဝအရေးအရာသည် ရွှေကိစ္စ၊ ငွေကိစ္စသာဖြစ်သည်။

:၁၆   တစ်ခါက ဣသရေလလူမျိုးအား ကျိန်ဆဲရန်ပြုစဉ်၊ လမ်းခရီးတွင် ဘုရားသခင်၏ ကောင်းကင်တမန်နှင့် တွေ့ဆုံသည်။ (ထိုအဖြစ်အပျက်သည် သခင်ယေရှု မပေါ်ထွန်းမှီ တစ်ခေါက်ပေါ်ထွန်းခြင်း ဖြစ်သည်။ ဗာလမ်စီးသောမြည်းက ခရီးဆက်နှင်ရန် အတန်တန်ငြင်းဆိုသည်။ ဗာလမ်ကဆဲဆိုသောအခါ ထိုမြည်းက လူ့စကားဖြင့် သူ့သခင်အား ပြန်ပြောသည်။ (တော ၂၂:၁၅-၃၄)။ အလွန်အံဩဖွယ်ကောင်းသော မယုံနိုင်ဖွယ်ရာ ဖြစ်ရပ်တည်း။ စကားမပြောတတ်သော မြည်းက လူ့ဘာသာစကားဖြင့် စကားပြောသည်။ (သူ့သခင်အားထိုထက် ကောင်းသော ဘဝကို ဖော်ပြပေးသည်။) သို့သော်ဗာလမ်သည် သူ့မိုက်မဲခြင်းအတွက် တုန်လှုပ်ခြင်းမရှိသေး။ ထိုအကြောင်းကို Lenski  ကဤသို့ဆိုသည်။

ဗာလမ်သည်ကြောက်ရွံဖွယ်ကောင်းသော အမှားသရုပ်ပြပရောဖက်ဖြစ်သည်။ဘုရားသခင်က မလုပ်ခိုင်းသည့် အရာကို လုပ်သောကြောင့် စီးတော်မြည်းအားဖြင့် ဘုရားရှင်က တားမြစ်သည်။ သို့သော်လည်း အရာရာကိုလိုချင် တပ်မက်စိတ်ရှိသောကြောင့် မရိုးမဖြောင့်သော သဘောဖြင့် ရရှိခံစားသော အရာများက ပျက်စီးခြင်းသို့ ပို့ဆောင် ပါသည်။၁၉

ယနေ့ခေတ်ကာလတွင် မိစ္ဆာဒိဠိသမားများကို ဘုရားသခင်က မြည်းဖြင့် အပြစ်မပြောခိုင်းပါ။ သို့သော်လည်း သူတို့မိုက်မှား ရှုးသွပ်ခြင်းများကို မှတ်သားလောက်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြောပြနေသည်။မိမိအသိဉာဏ်တွင် မာနထောင်လွှားသူများအား နှိမ့်ချခြင်း၊ကျိုးနွံခြင်းရှိရန် လွယ်ကူသော သာဓကများပေး၍ သွန်သင်ပါသည်။ သမ္မာ ကျမ်းပိုဒ်အားဖြင့် ဖြစ်နိုင်သည်။ ဝိညာဉ်ရေးရာ ကြွယ်ဝသော သာမာန်လူများဖြင့်လည်း ဖြစ်နိုင်သည်။ ဗာလမ်၏ ဒေါသနှင့် လောဘကို ထားပစ်ခဲ့ကြပါစို့။

:၁၇   မိစ္ဆာဒိဠိသားများကို ကျမ်းစာက ရေမထွက်သောစမ်းရေနှင့် နှိုင်းထားသည်။ ဝိညာဉ်ရေးရာအစာ ငတ်ပြတ်၍ မျှော်လင့်တကြီးဖြင့် သွားရောက်ချဉ်းကပ်ခဲ့သော်လည်း အကျိုးအမြတ်မရှိ လက်ချည်းဗလာပြန်လာရသည်။ ရေတွင်းဖြစ်သော်လည်း ရေမထွက်သော ရေတွင်းပျက်ဖြစ်သည်။ လေတိုက်ရာလွင့်သော မိုဃ်းတိမ် ကဲ့သို့ ဖြစ်သည်။ မိုးတိမ်သည် ထိုအရပ်ဒေသ၌ မိုးရွာရန်ဖြစ်သော်လည်း လေတိုက်ရာ နောက်သို့ ပါသွားသောကြောင့် မိုးမရွာ ဖြစ်ဘဲ ခမ်းခြောက်သည်။ လေမုန်တိုင်း တိုက်လာသောအခါ ဦးတည်ရာမဲ့ ရွေ့လျောပျောက်လွင့်ကုန်သည်။ ထိုကဲ့သို့ပင် မျှော်လင့်ချက် မပေးနိုင်သကဲ့သို့ နှုတ်စကားသည်လည်း တည်ငြိမ်ခြင်းမရှိ။

ထိုသူများအတွက် တခဲနက်သော ထာဝရ၂၀ မှောင်မိုက်ကို သိုထားလျှက်ရှိ၏။ ဧဝံဂေလိသတင်းစကားယူလာဟန် ရှိသော်လည်း လက်တွေ့တွင် အခွံသာဖြစ်သည်။ မုန့်ရမည်လားဟု ချဉ်းကပ်ကြသော်လည်း ကျောက်ခဲသာရသည်။ ထိုသူများအတွက် အပြစ်ဒဏ်သည် တခဲနက်သော ထာဝရမှောင်မိုက်ပေတည်း။

          :၁၈   ထိုသူများသည် ထောင်လွှားသော အချည်းနှီးစကားကိုသာ ပြောတတ်ကြသည်။ Konx  ၏ အနက်ဖွင့် ဆိုချက်အရဆိုလျှင်” အဓိပ္ပါယ်မရှိသော စကားလှလှ” များပြောဆိုတတ်ကြသည်။ လွတ်လပ်သော ဒေသနာဆရာများနှင့် မှားယွင်းသော ဘာသာရေးသမား အများအပြားတို့က ထိုသို့ပြောဆို ကျင့်သုံးကြသည်။ ကိုယ်လုံးဟန်ပန် ကောင်းလျှက်၊ ပရိသတ်များကလည်း လက်ခုတ်ဩဘာ တဖျောင်းဖျောင်း ထောက်ခံကြသည်။ သူတို့ အာဝဇ္ဇန်းလေသံများကလည်း တစ်ဖက်သားကို မငြင်းသာအောင် ဆွဲဆောင်နိုင်သည်။ သို့သော်သူတို့ဒေသနာ၏ အားနည်းချက်မှာ ဂိုဏ်းဂဏ အယူအဆကို အတင်းအဓမ္မ မရိုက်သွင်းခြင်း ဖြစ်သည်။ ဒေသနာလည်းပြီးဆုံး၊ ပွဲလည်းပြီးဆုံး ဘာမှမကျန်ဖြစ်နေသည်။ ထိုအကြောင်းကိစ္စနှင့် ပတ်သက်၍ ယနေ့ခေတ်ကာလတွင် ပေါ်လွင်ထင်ရှား လူသိများသော ဓမ္မဆရာက ဤသို့ဆို ထားသည်။

အဆင့်အတန်းမြင့်မားခြင်း၊ အဆင့်အတန်းမရှိခြင်းနှင့် မဆိုင်သော်လည်း ပုံသဏ္ဌာန်ချင်းမှာ တစ်သဘောတည်း ရှိသည်။ ကျွန်ုပ်တို့ တွေးဆချက်နှင့် ပြောဆိုချက်များသည် ဘုရားသခင်အား အမှန်တကယ် သိကျွမ်းခြင်း ဖြစ်သော်လည်း ဘုရားသခင်သိကျွမ်းပုံ သိကျွမ်းခြင်းကို ဤနေရာတွင် ပြောလိုခြင်း မဟုတ်ပါ။ ယုံကြည်ခြင်းသိရှိကြသည်။ မှတ်မိကြပါသည်။ သိကျွမ်းခြင်း ဆိုသည်မှာ မိမိတို့သိရှိခြင်းက မိမိအသက်တာတွင် တန်ပြန်အကျိုးသက်ရောက်မှုကို ဆိုလိုပါသည်။ ထိုကြောင့် အတွေးနှင့်အပြောသည် ဘုရားသခင်အား ဆက်ဆံရာတွင် ဆင်တူရိုးမှား ဖြစ်ရသည်။ ထို့ကြောင့်မှားယွင်းသော အတွေး၊ မှားယွင်းသော အပြောမရှိအပ်။ တစ်ခုတည်းသဖွယ်၊ ထပ်တူထပ်မျှဖြစ်သင့်သည်။၂၁

မိစ္ဆာဒိဠိသမားများ၏ မဟာဗျူဟာမှာ ပရိသတ်များအား အမှုကိစ္စတိုင်းမှာ မစားရဝခမ်း ကတိကဝတ် ပေးနည်းဖြစ်သည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်သည် အစကတည်းက ဘုရားရှင် ပေးသနားရာ ဖြစ်သည်။ ချုပ်တီးစရာအကြောင်း မရှိဟု သွန်သင်ကြသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြ မှောက်မှားကြသည်။ မင်္ဂလာဆောင်မှီ အတူတူနေခြင်း၊ ကာမသာယာခြင်းကို အပြစ်ပြောစရာ မရှိကြောင်း ရှေ့နေလိုက်ကြသည်။

သူတို့အထဲက၂၁ ပြေးထွက်ကြသောသူကို ကိလေသာ ကျူးလွန်ခြင်းအားဖြင့် အပြစ် သွေးဆောင်တက်ကြ၏။ ထိုသို့ဖြင့် ကယ်တင်ခြင်း မရသေးသူသည် တဖန် အပြစ်ဒုစရိုက်၏ ကျေးကျွန်ပြန်ဖြစ်ရသည်။ သို့သော်စိတ်ထဲမှာမူ ထင်ခဲ့သည်။ အသစ်ပြုပြင်ဖို့၊ ရွက်သစ်ဝေဖို့၊ အသင်းတော် တည်ထောင်ဖို့ စိတ်ကူးလာကြသည်။ ခရစ်တော်၏ ကယ်တင်ခြင်း၊ ဧဝံဂေလိတရားကို ကြားနာမည့်အစား မှားယွင်းသော အပြစ်အတွက် ခွင့်လွှတ်ခြင်းဖြင့်သာ အားပေးတိုက်တွန်းသည်။ သမ္မာကျမ်းစာဆွဲကိုင်သော အသင်းတော်သို့ သွားမည့်အစား ဤမိစ္ဆာသမားထံ၌သာ ကျင်လည်နေသည်။ နောင်သောအခါ သူတို့ အတွေးအကြံများသည် မှားယွင်း၍ သမ္မာကျမ်းစာနှင့် ဆန့်ကျင်ကြောင်းတွေ့လာသောအခါ အံအားသင့်ကြသည်။ သူတို့လိုက်နာ ကျင့်ကြံခဲ့သမျှသည် ဘာသာရေးသွန်သင်ချက် အမှားများဖြစ်ကြောင်း နားလည်လာကြသည်။

:၁၉   ထိုမိစ္ဆာဆရာများသည် လွှတ်ခြင်းအကြောင်း တဖွဖွ ပြောဆိုနေကြသော်လည်း ဘုရားသခင်ထံတော်ပါးမှ လွှတ်ခြင်းမဟုတ်ဘဲ အပြစ်ဒုစရိုက်သို့ လွတ်လပ်ခြင်း ဖြစ်နေသည်။ စင်စစ်မှာမူ ထိုလွှတ်ခြင်းသည် လွတ်လပ်ခြင်း မဟုတ်၊ ပျက်စီးခြင်းသာ ဖြစ်သည်။ သူတို့ကိုယ်တိုင်သည်လည်း ပုပ်ပျက်ခြင်း၏ ကျွန်ဖြစ်ကြသည်။ လောဘတဏှာ ရမက်၌ အကန့်အသတ် မထိန်းအကွပ်မရှိ ထင်တိုင်းကြဲနေကြတော့သည်။

:၂ဝ   အငယ် ၂ဝ-၂၂ သည်မိစ္ဆာဒိဠိများကိုယ်တိုင်ကို ဆိုလိုသည်မဟုတ်။သူတို့တပည့်တပန်း ဓားစာခံများ ကိုရည်ညွှန်းခြင်း ဖြစ်သည်။ အသက်တာ ပြုပြင်ခြင်း ရှိသော်လည်း အသစ်တဖန်မွေးဖွားခြင်း မရှိသူများဖြစ်သည်။ ခရစ်တော်နှင့် ခရစ်ယာန်နိယာမများကို မျက်နှာသာပေးကြသည်။ အပြစ်ဘဝမှ လွတ်မြောက်လာပြီး အကျင့်သိက္ခာ ဆောက်တည်လာသည်။

ထိုသို့ရှိပြီးမှ မိစ္ဆာဒိဠိသမားများ၏ ဩဇာလွှမ်းမိုးကာ သူတို့၏ သန့်ရှင်းသော အသက်တာသည်လည်း ယိုယွင်းပျက်စီးခဲ့ရသည်။ တဖန်အပြစ်နွံတွင်း သို့ကျရောက်သောကြောင့် ရှေးယခင်ကထက်သာ၍ နိမ့်ကျဆိုးရွားသော အခြေသို့ ရောက်သွားပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဘာသာရေး အကျင့်တရားက မကယ်တင်နိုင်ပါ။ ပြန်လည်အဖတ်ဆည်စရာ အကြောင်းမရှိတော့ပါ။ ထို့ကြောင့် နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန် ထက်ပိုဆိုးသည်။

:၂၁   အခွင့်အရေးပိုထူးသူသည် ဝတ္တရားလည်း ပိုထူးပါသည်။ ခရစ်ယာန်အသက်တာကို သိကျွမ်းသူသည် တပါးသူများကိုလည်း လုပ်ကျွေးရန် ပိုမိုတာဝန်ကြီးမားပါသည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းတရားကို သိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်တို့ကို တဖန်စွန့်ပစ်သည်ထက် ထိုလမ်းကို မသိဘဲနေသော် သာ၍ကောင်း၏။

          :၂၂   ထိုလူသည် မိမိအန်ဖက်ကိုပြန်၍ စားတတ်သကဲ့သို့ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ကျင့်တတ်၏။ (သု ၂၆:၁၁)ဟူသော ကျမ်းစကားကို ယူ၍ ခွေးနှင့် ခိုင်းနှိုင်းထားသည်။ ရေချိုးထားသော ဝက်မ တဖန်ရွှံလူးသကဲ့သို့ ဖြစ်သည်။ ကျမ်းစာက ထိုလူမျိုးကို ခွေးနှင့် ဝက်ဖြင့် ပုံနှိုင်းထားသည်။ မောရှေစီရင်ထုံးအရ ဆိုလျှင် ထိုတိရစ္ဆာန်နှစ်မျိုးစလုံးသည်  မစင်ကြယ်သော သတ္တဝါများ ဖြစ်သည်။ သုတ္တံကျမ်းအတိုင် အတွေ့အကြုံအမျိုးမျိုး ကြုံတွေ့ရသော်လည်း ဇာတိနှင့်အစဉ်အလာကို မပြောင်းလဲနိုင်။ အန်ဖတ်ကို ပြန်မစားခင်ကလည်း မစင်ကြယ်၊ နောက်တဖန်ထို အညစ်အကြေးသို့ ပြန်သွားသဖြင့်လည်း မစင်ကြယ်။

ထို့ကြောင့်ကျမ်းစာက ထိုလူမျိုးသည် နဂိုရ်ရှိရင်းကပင် အကျင့်သိက္ခာညစ်နွမ်းကြသူများဖြစ်၍ ဘယ်သောအခါမှ အသစ်သော ဖန်ဆင်းခြင်း မရနိုင်ဟုဆိုသည်။ မသန့်ရှင်းသော နတ်ဆိုးသည် သူတစ်ယောက်တည်းသာမက သူ့ထက်ဆိုးသော နတ်ဆိုးခုနှစ်ယောက်ကိုပါ အဆစ်ခေါ်လာသေးသည်။ ထို့ကြောင့် ထိုအိမ်သည်လည်း ယခင်ကထက် ပိုဆိုးတော့သည်။

ဤကျမ်းပိုဒ်သည် တကယ်ယုံကြည်သူများ ကျဆင်းသည့် အကြောင်းအရာ မဟုတ်။ ဘယ်သောအခါမှ အမှန်တကယ် ယုံကြသည့်သူ မဖြစ်ဖူးသူများအကြောင်း ဖြစ်သည်။ သွန်သင်လိုသည်မှာ အကျင့်စာရိတ္တ ပြုပြင်ရုံနှင့်မလုံ လောက်၊ အန္တရာယ်ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့အထဲတွင် မှားယွင်းမှုက ကြီးစိုးမင်းမူနေသည်။ လူသည် အသစ်သော မွေးဖွားခြင်း ရှိမှသာလျှင် အသစ်ဖန်ဆင်းခြင်း သတ္တဝါဖြစ်သည်။ ကြီးစွာသော နောင်တရမှသာလျှင် အသစ်တဖန် မွေးဖွားခြင်းရ၍ ဘုရားသခင်ထံတော်နှင့် သခင်ယေရှုခရစ်တော်ထံသို့ ထိုးဝင်ချဉ်းကပ် ခိုလှုံနိုင်သည်။

Previous Article
Next Article