ယေဇကျေလအနာဂတ္တိကျမ်း ၄
(၂) ယေရုရှလင် မြို့ဝိုင်းရံခံရမည့်ပုံစံကို အုတ်ပြားဖြင့် ပုံစံသရုပ်ဖော်ခြင်း (အခန်း ၄)
၄:၁−၈ ယေရုရှလင်သည် ခိုင်ခန့်မာကျောသော ကျောက်မြစ်အပေါ် ပန္နက်တင်တည်ဆောက်ခြင်း ဖြစ်သည်။ ရွံ့မြေဖြင့်ဖုတ်၍ ပြုလုပ်ထားသောအုတ်ခဲမှာ ဗာဗုလုန်မြို့ကို ပုံဆောင်သည်(က၊၁၁:၃နှင့် ၉ကိုဖတ်ပါ)။ မျက်မှောက်ကာလ၌ ယေရုရှလင်၏ အကျင့်စရိုက်များနှင့် ရုပ်တုဆင်းတုကိုးကွယ်ခြင်း အပြစ်အမှားများက ဗာဗုလုန်ထက်ဆိုးညစ်နေသည်(၅:၇ကိုကြည့်)။ ထို့ကြောင့် ဘုရားသခင်က ယေဇကျေလအား ရွံ့စေးမြေဖုတ်အုတ်ပြားဖြင့် ယေရုရှလင်မြို့ ဝန်းရံခြင်းကို ပုံဖော်ခိုင်းသည်။ ထို့နောက် ယေရုရှလင်မြို့၏ အပြင်ဘက်ကို သံပြားကြီးဖြင့် ဝန်းပတ်ကာရံခိုင်းသည်။ သံပြားကြီး၏ အဓိပ္ပါယ်မှာမြို့တော်သည် ထီးတည်းခြင်း ဖြစ်၍ အကူအညီကင်းမဲ့ နေခြင်းကို ပုံဆောင်ခြင်းဖြစ်သည်။ ပရောဖက်သည် ဘုရားသခင်၏ ကိုယ်စားလှယ်ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ဘုရားသခင်ကိုယ်တော်တိုင်က ယေရုရှလင်မြို့အား ဝန်းရံပိတ်ဆို့ထားသည်ဟု ဆိုလိုသည်။ ယေဇကျေလအား ဘယ်ဘက်နံစောင်းလှည့်၍ ရက်ပေါင်း ၃၉၀ ဣသရေလအမျိုးသားတို့အတွက် လှဲအိပ်ခိုင်းသည်။ နောက်တဖန် ညာဖက်နံစောင်းသို့လှည့်၍ ရက်ပေါင်း−၄၀ ယုဒအမျိုးသားတို့အတွက် လှဲအိပ်ခိုင်းပြန်သည်။
ဤနေရာ၌ နေ့ရက် ၁−ရက်သည် တစ်နှစ်နှင့်ညီမျှသည်။ သို့သော် စုစုပေါင်းကြာမြင့်ချိန် အကြောင်းရင်းကို လက်ခံနိုင်ဖွယ် ရှင်းလင်းဖော်ပြချက်များမတွေ့ရှိပါ။ Septuagint ကရက်ပေါင်း−၃၉၀ ကို ရက် −၁၉၀ သို့ ပြောင်းလဲဖြေရှင်းထားသော်လည်း ဟေဗြဲလက်ရေးကျမ်းမူများက ထိုအချက်ကို လက်မခံပါ။ ယေဇကျေလသည် နေ့နေ့ညည အချိန်ကာလနှစ်ခုအကြားတွင် နံစောင်းတစ်ဖက်မှတစ်ဖက်သို့ လှည့်ပြောင်း အိပ်စက်ရခြင်း၏ အကြောင်းအရင်းမှာလည်း အဖြေမရှိသော ပဟေဠိတစ်ပုဒ် ဖြစ်နေပါသည်။ အချို့သော ကျမ်းစာအနက်ဖွင့်ပညာရှင်တို့က ဤအချင်းအရာမှာ မျက်မြင်အထောက်အကူဖြစ်စဖို့အတွက် သရုပ်ဖော်နေခြင်း မျှသာဖြစ်ကြောင့် လူအများက သတိထားမိခြင်း အာရုံစိုက်လာအောင်လုပ်ဆောင်နေခြင်း သာဖြစ်သည်ဟု ရှင်းပြကြသည်။
၄:၉−၁၇ မြို့တော်ပတ်ပတ်လည် ဝန်းရံခြင်းခံနေရသောကြောင့် အစာရေစာခေါင်းပါး၍ ငတ်မွတ်ခြင်း အကြောင်းပုံဖော်သည်။ ဦးစွာ လူ့အညစ်အကြေးများကို လောင်စာအဖြစ် အသုံးပြုချက်ပြုပ်ဖုတ်ကင်ကြရသည်။ ထိုနောက် နွားချေးခြောက်ကို လောင်စာအဖြစ် ပြောင်းလဲသုံ:စွဲကြသည်။ မြို့ဝန်ရံခံခြင်း၊ ငတ်မွတ်ခြင်း၊ ညစ်ညမ်းခြင်းနှင့် ဘေးဒုက္ခအဝဝသည် ယုဒအမျိုးသားတို့ဒုစရိုက်၏ အဖိုးအခဖြစ်သည်။