ရှောလမုန်သီချင်း ၂

၂း၁         သူမ၏ပွင့်လင်းပုံနှင့် လောဘရမ္မက်မကြီးတက်ပုံကို ဆက်ရှင်းပြသည်။ သူမသည် ရှာရုန်အရပ်မှ အရိုင်းစပယ်၊ တောနှင်းပန်းမျှသာဖြစ်သည်။ မှန်တင်ခုံပေါ်က ရွှေနှင်းဆီလှလှကို မရည်ရွယ်၊ တော်၀င်ပန်းဖြစ်ဖို့လည်း စိတ်မကူး။ “တောအလှတောသဘာ၀၊ သဘာ၀အလှကိုသာ တန်ဖိုးထားသည်။”

၂း၂          ရှေလမုန်သည် သူမ၏ခွန်းတုန့်ပြန်စကားကြားသောအခါ ထိုသို့မိမိကိုယ်ကို အားငယ်ခြင်းဖြင့် စကားလွှဲဖို့မကြိုးစားရန် ဖျောင်းဖျသည်။ မည်သို့အခြေအနေရှိပါစေ၊ သူ့မျက်ဆံဖြစ်သည်။ ဆူးတောထဲမှ နှင်းပန်းတပွင့်ပါဘဲ။

၂း၃         ရှုလမိတ်ကလည်း ခွန်းတုန့်မလျှော့။ ရှောလမုန်ရဲ့ အချစ်သည် ချိုမြိန်ပါရဲ့။ သစ်တောဝါးတောအလယ်မှ ပန်းသီးပင်နှင့် တူပါသည်။ သခင့်စကား ကြားရတာ ချိုမြိန်ပါရဲ့၊ ပေါင်းဖွဲ့ရတာပျော်ရွှင်ပါရဲ့၊ သို့လဲလေ . . .။

၂း၄-၆    သခင် သင်နှင့်အတူနေရသည့်ကာလသည် ပန်းစည်းပန်းကုံးအလယ်မှာ လှပနေပါသည်။ အချစ်သရဖူဆောင်းခြင်းဖြစ်သည်။ မေတ္တာအလံကို လွှင့်ထူသည်။ မြိန်သောအစာကျွေးကြဦးလော့။ လတ်ဆတ်သော ပန်းသီးကမ်းကြဦးလော့။ ထိုသို့ဆိုလျှင် သူ့ကို နှစ်သက်ချစ်ခင်ခြင်းဖြင့် ပွေ့ဖက်ရာရောက်ပါမည်။

၄။           ယေရုရှလင်သမီးပျိုများအား အပျိုမက သတိပေးချက် (၂း၇)

ယေရုရှလင်သမီးပျိုများသို့ သီချင်း၏သော့ချက်စကားဆိုလိုက်သည်။ ချစ်သွေးစကား ဖြစ်သည်။ သို့သော်ဇာတိသွေးအသား၏ ချစ်ခြင်းမေတ္တာမျိုးမဟုတ် (ဘုရင်၏ပိုးပန်းစကားမျိုးမဟုတ်)။ သမင်ဒရယ်များမတုန်လှုပ်သကဲ့သို့ ငါ့ရဲ့အချစ်မနိုးမခြင်း အတင်းမလှုပ်ကြပါနှင့်။ တနည်းအားဖြင့် “အချစ်စစ်အချစ်မှန်သည် အတင်းဖန်တီး၍မရသကဲ့သို့ ၀ယ်ယူ၍လည်းမရနိုင်။ အသာအယာ ဖူးပွင့်တတ်သော သဘောရှိသည်။၁၀ အကယ်၍ ဣသရေလများသည် အချစ်၏နိယာမအတိုင်း လိုက်နာလျှင် ယေဟော၀ါဘုရားထံမှ သွေဖည်ဖောက်ပြန်စရာအကြောင်းမရှိ။

၅။           ရှုလမိတ်ရှေးဟောင်းနှောင်းဖြစ်သတိရခြင်း၊ မောင်များကအလုပ်ခိုင်းကြသောကြောင့် အတွေး မျှင်ပြတ်ခြင်း ( ၂း၈-၁၇)

၂း၈-၁၄ အချစ်ဆုံးနှင့် အတူကုန်လွန်ခဲ့သော ကာလများကို လွမ်းဆွတ်သတိရနေသည်။ ချစ်သူထံ ပါးရောက်ရှိလာဖို့ တောင်စွယ်တောင်ပွားတောင်တန်းများပြေးလာကြလော့။ ချစ်သူသက်ထား ကျင်လည်ရာတောင်များအပြေးနှင်လာကြလော့။ သမင်ပျိုများခုန်ပေါက်ပြေးလွှာသည့် နှယ်ပြေးလှည့်လာလော့။ မျှော်တော်ယောင်မှန်ပြတင်းဆီက လာနိုးငယ်မျှော်တသသနှင့်လေ။ အချိန်တိုင်းမှာ ချစ်သူစကားကြားယောင်နေဆဲ။ ဆောင်းညမိုက်များ ကျော်လွန်သွားလျက် တမိုးရောက်လာပြန်ပြီး။ ပုရစ်ဖူးငုံသစ်ကြပြန်ပြီ။ ချိုးငှက်တွန်သံချိုနေပြန်ပြီ။ ယော်ရွက်ကြွေ၍ သဖန်းသီးပင်သီးလာပြန်ပြီး။ စပျစ်နွယ်ပျိုပွင့် မွှေးကြိုင်ပြီ။ “အို၊ ဒါတွေ၊ ဒါတွေ မလိုချင်ပါဘူး၊ လိုချင်ဘူး”။

အကယ်၍များ အလာနှေးလျှင် လေသာမှန်ဆောင်အသော့နှင်လာပါ။ မျက်နှာသွယ်လှမြင် ရစေသား။ ချိုအေးသံသာကြားရစေသား။ ယခုမှာမှုရှောင်ခွာကာပုန်းရက်လေသလား။ ကျောက်ဆောင် ထိပ်ဖျားချိုးငှက်များနှယ် အဘယ်မှာပုန်းခိုနေပါသလဲ။

၂း၁၅      လွမ်းလို့မဆုံး၊ တမျက်ရည်၀ဲခိုက်၊ အပေါင်းအသင်းမိတ်ဆွေများနှင့် မောင်နှမများ ၁၁ရောက်လာကြသဖြင့် အတွေးမျှင််ပြတ်သွားသည်။ စပျစ်နွယ်ပင်ပျိုများကို ဖျက်ဆီးသောမြေခွေး ပေါက်စများကို ဖမ်းဆီးခိုင်သည်။၁၂

၂း၁၆-၁၇ အလိုက်ကမ်းဆိုးမသိကြပါလား။ စိတ်ညစ်လိုက်ပါဘိခြင်း၊ ချစ်သူရည်းစား လွမ်းလို့မပြေ၊  ဆွေးလို့မဆုံးခင် အနှောင့်အယှက်ပယောဂများလိုက်လေခြင်း။ ဘာဘဲဖြစ်စေဖြစ်စေ၊ ချစ်သူအချင်းချင်း ရင်ထဲမှ လွမ်းဆွေးကြလို့တော်ပါသေးရဲ့။ “ပြန်လာပါတော့ ချစ်သူလေး၊ နေညိုစောင်းတော့ ချမ်းလှရောပေါ့၊ မှောင်ရိပ်မ၀င်ခင် သမင်ပျိုပေါက်များနှယ် ဗေသာတောင်ကို ကျော်ဖြတ်ပြေးလာတော့” (ဒို့အချစ်ကို တောင်ကမ်းပါးယံကမစည်းကားနိုင်ဟုဆိုလိုသည်။) သို့သော် မကြားနိုင်ရာ။ ရင်ထဲမှ စကားတွေကိုး။

Previous Article
Next Article