ဝတ်ပြုရာကျမ်း ၂၅

၁၀။ ဥပုသ်နှစ်နှင့်ပွဲတော်နှစ် (အခန်း ၂၅)

အခန်း ၂၅-၁၇ ပါ ပြဌာန်းချက်များသည် သိနာတောင်ပေါ်တွင် မောရှေသို့ ပြဌာန်းချက်များထဲမှ ဖြစ်သည်။ တဲတော်ထဲမှာ မဟုတ်ကြောင်း (၂၅:၁၊ ၂၆:၄၆၊ ၂၇:၃၄)တို့တွင် တွေ့ရသည်။

၂၅: သတ္တမနှစ်တိုင်းသည် ဥပုသ်နှစ်ဖြစ်သည်။ ဣသရေလတို့ရောက်မည့် ခါနန်မြေသည် မထွန်ယက်သေးသော တောင်ပိုင်းမြေဖြစ်သည်။ ခြောက်နှစ်ပတ်လုံးထွန်ယက်စိုက်ပျိုးရာတွင် သီးနှံများဖြစ်ထွန်းအောင်မြင်မည်။ မြေကြီးထဲမှ ပဒေသာပင်ပေါက်လာမည်။ သတ္တမနှစ်တွင် စိုက်ပျိုးခြင်း မလုပ်ရ။ အလေ့ကျပေါက်ပင်များကိုလည်း မရိတ်ရ။ မြေကြီးကို အနားပေးရမည်။

၂၅:၁၇ အနှစ်(၅၀)မြောက်နှစ်သည်လည်း ဥပုသ်နှစ်ဖြစ်သည်။ ရွှေရတုသဘင်နှစ်ဖြစ်သည်။ အပြစ်ဖြေရာနှစ်မှ စတင်ရေတွက်လျှင် (၄၉)နှစ်မြောက်တွင် ဥပုသ်နှစ်ကျရောက်သည်။ ကျွန်များ လွှတ်ပစ်၇သည်။ မြေကြီးကို ပလပ်ထားရသည်။ ထိုယုဘလီနှစ်တွင် ကျေးကျွန်များ မြေယာများ၏ တန်ဘိုးများကို ဈေးလျှော့ပစ်ရသည်(ငယ်၁၅-၁၇)။ ထွက်ကုန်၊ ထုတ်ကုန်ပစ္စည်းဟူသမျှ ခါတိုင်းထက် ဈေးလျှော့ရသည်။ “လွတ်မြောက်သောနှစ်ဖြစ်၍ မြေကြီးမှအစ သက်သာခွင့်ပေးရသည်” (ငယ်၁၀ KJO)။ ထိုအတိုင်းပင် အမေရိကန်နိုင်ငံ၌ လွတ်လပ်ရေးခေါင်းလောင်းထိုးလေ့ရှိကြသည်။ ယုံကြည်သူများအတွက်မူ ခရစ်တော်ကြွလာမည့်နှစ်သည် ယုဘလီပွဲတော်ဖြစ်ပေမည်။ ခရစ်တော်ဘုရားကြွလာနီးပြီဖြစ်သောကြောင့် မိမိတို့စည်းစိမ်ဥစ္စာများကို ဈေးလျှော့သောသဘောဖြင့် မရှိဆင်းရဲသားများသို့ ပေးကမ်းစွန့်ကြဲကြပါစို့။ အကယ်၍ စနိုးစနှောင့်ဖြစ်နေတုန်း ဘုရားရှင်ကြွလာလျှင် မိမိလယ်ယာ၊ တိုက်တာ၊ စည်းစိမ်ဘဏ္ဍာများသည် အချည်းနှီးဖြစ်သွားမည်။ သင်ပိုင်ဆိုင်သမျှကို အမှုတော်အတွက် ရည်စူးသုံးစွဲပါ။

၂၅:၁၈၂၂ ဥပုသ်နှစ်နှင့်ပတ်သက်၍ ဘာစားရမည်လဲ။ နောက်နှစ် သီးနှံပေါ်ထွန်းမီ ဘာစားရမည်နည်းဟု အချို့က တွေးယူကြသည်။ နာခံခြင်းရှိလျှင် ထိုနှစ်အတွက်သာမက နောက်ထပ်()နှစ် စားလောက်အောင် လက်ဦးနှစ်များတွင် ပေးထားမည်ဟု ကတိတော်ပေးထားပါသည်။

နှစ်(၅၀)ပြည့်တိုင်း မျိုးကြဲစရာမလို။ ရိတ်သိမ်းစရာမလိုသော မင်္ဂလာနှစ်ကြုံရသည်။ ဥပုသ်နှစ် မရောက်မီ (၄၈)နှစ်ကာလ၌ အလုံအလောက် စီမံပေးထားပြီးဖြစ်သည်။ နောက်ထပ်(၄)နှစ်ထိုင်စားနိုင်အောင် ကြိုတင်ဖြည့်ဆည်းထားပါသည်။

အချို့ကျမ်းစာပညာရှင်များက အနှစ်(၅၀)မြောက်သည်(၄၉)နှစ်မြောက်ကို အခေါ်လွယ်အောင် ဆိုခြင်းဖြစ်သည်ဟု ခံယူကြသည်။ မည်သို့ပင်ဖြစ်စေ၊ နမူနာယူထိုက်သော  ရှေးဦးကာလ၊ မြေကြီးကို အနားပေး၍ မြေဩဇာဖြစ်ထွန်းစေသည့် အလေ့အကျင့်ကောင်းများ သင်ခန်းစာ ရရှိပါသည်။ ယနေ့ခေတ်ကာလတွင် သိပ္ပံပညာရှင်များက ဂြိုဟ်၊ နက္ခတ်၊ ကမ္ဘာ အခြေအနေကို တွက်ချက်၍ မြေကြီးကို အနားပေးကုသရန် အကြံပြုကြသည်။ ရှေးပဝေသဏီကတည်းက ဘုရားရှင်မိန့်မှာပြီးဖြစ်သည်။

၂၅:၂၃၂၈ မြေကြီးကို ရောင်းပိုင်ခွင့် ရှိသော်လည်း အစဉ်ပိုင်ဆိုင်ဖို့ ရောင်းချခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် မြေကြီးမူလပိုင်ရှင်သည် ဘုရားရှင်ဖြစ်သည်။ သို့ကြောင့် မြေကြီးကို စီရင်ခြင်း(၃)မျိုး ရှိသည်။ (၁)ပြန်လည်ရွေးဝယ်ပိုင်ခွင့်ရှိသည် (မူလပိုင်ရျင်သည် ယုဒလူမျိုးဖြစ်သည်)။ အနီးစပ်ဆုံးဆွေမျိုးက ပြန်ဝယ်ယူပိုင်ခွင့် (ငယ်၂၅)ရှိသည်။ ငွေကြေးအဆင်ပြေသောအခါ ပြန်လည်ရွေးယူခွင့်ရှိသည်။ သို့သော် ယုဘိလနှစ်အတွင်းတွင် အရောင်းအဝယ် မရှိလျှင် မူလပိုင်ရှင်က ပြန်ရွေးနိုင်သည် (ငယ်၂၆၊၂၇)။ တစ်နည်းအားဖြင့် ယုဘိလနှစ်ပြန်ရောက်လျှင် မူလပိုင်ရှင် ယုဒလူမျိုးလက်ထဲသို့ အလိုလို ပြန်ရောက်သည် (ငယ်၂၈)။

၂၅:၂၉၃၄ မြို့ထဲရှိအိမ်ကိုမူ ရောင်းလျှင် တစ်နှစ်အတွင်းသာ ပြန်ရွေးယူခွင့်ရှိသည်။ တစ်နှစ်ကျော်လျှင် ဝယ်သူ၏လက်ထဲတွင် လုပ်ပိုင်ခွင့်တည်သည်။ သို့သော် ဇနပုဒ်ကျေးလက်ရှိအိမ်ကိုမူ လယ်ယာမြေကဲ့သို့ သဘောထားရသည်။ ယုဘိလနှစ်တွင် မူလပိုင်၍ လယ်ထဲသို့ ပြန်ရောက်ရသည်။ သို့သော် လေဝိသားများအတွက်မူ မည်သည့်လယ်ယာအိမ်မဆို ယုဘိလနှစ်တွင် ပြန်လည်ပိုင်ဆိုင်ခွင့်ရှိသည်။ လေဝိသားများသည် မိမိလယ်ယာမြေကို ရောင်းချပေါင်နှံပိုင်ခွင့်မရှိ။

          ၂၅:၃၅၃၈ အကယ်၍ ဣသရေလလူမျိုးသည် ချွတ်ခြုံကျ၍ အကြွေးယူမွဲတေလျှင် အကြွေးရှင်သည် ထိုဣသရေလအား ဖိအားမပေးရ။ အတိုးထပ်မတောင်းရ။ ငွေမဟုတ်ဘဲ အခြားအစားအစာ ပစ္စည်းများကိုလည်း တောင်းယူပိုင်ခွင့်မပြု။

၂၅:၃၉၄၆ အကယ်၍ အကြွေးမဆပ်နိုင်သဖြင့် ဣသရေလလူသည် မိမိကိုယ်ကို ရောင်းစားကျွန်ခံလျှင် ထိုအကြွေးရှင်သည် ထိုသူကို ကျွန်အဖြစ် မအောက်မေ့ရ။ အစေခံကဲ့သို့ သဘောထားဆက်ဆံရသည်။ ယုဘိလနှစ် ရောက်သောအခါ လွတ်မြောက်ခွင့်ပေးရသည်။ မိမိကိုယ်ကို ရွေးနှုတ်သောယုဒများသည်လည်း ယုဘိလနှစ်တွင် လွှတ်ပေးရသည်။ အကယ်၍ ရွေးနှုတ်ပေးသူ ဆွေမျိုးသားချင်းမရှိလျှင် အလိုလိုလွတ်မြောက်ခွင့်ရရှိသည်။

၂၅:၄၇၅၄ အကယ်၍ ယုဒလူတစ်ဦးသည် မိမိကိုယ်ကို ယုဒမြေပေါ်ရှိ တစ်ပါးအမျိုးသားထံသို့ ရောင်းစားလျှင် အခြားယုဒလူများက အချိန်မရွေး ပြန်ရွေး၍  ကျွန်ဘဝမှ လွတ်မြောက်စေနိုင်သည်။ ရွေးခတန်ဘိုးကို ယုဘိလကာလအပိုင်းအခြားအပေါ်တွင် တွက်ချက်ရသည်။ ရွေးယူသော ဆွေမျိုးသားချင်းများက ထိုသူအား မလွှတ်ဘဲ၊ ယုဘိလနှစ်ထိ ကျွန်အဖြစ်သုံးပိုင်ခွင့်လည်းရှိသည်။ အကယ်၍ ဆွေမျိုးသားချင်းများက ရွေးယူခြင်း မဟုတ်လျှင် ယုဘိလနှစ်ရောက်လျှင် လွှတ်ပေးရသည်။

၂၅:၅၅ ဤကျမ်းပိုဒ်သည် ဣသရေလနှင့်သူ့မြေယာအကြောင်းကို ထပ်မံနှိုးဆော်ခြင်းဖြစ်သည် (ငယ် ၂၃)။ ဘုရားသခင်သည် အရာခပ်သိမ်း မူလပိုင်ရှင်ဖြစ်သကဲ့သို့ ယုဒများသည်လည်း သူတို့မြေ၏ မူလပိုင်ရှင်များဖြစ်ကြသည်။ ဘုရားသခင်၏ လူသော်၎င်း၊ ဘုရားသခင်၏မြေသော်၎င်း အစဉ်သဖြင့် ပိုင်ဆိုင်ရောင်းချခွင့်မရှိ။

Previous Article
Next Article