သုတ္တံကျမ်း ၂၈

၂၈: မိမ်အပြစ်ကို အိုးမလုံအုံပွင့်သူ၊ ကျီးလန့်စားစားသူသည် အသံကြားသည်နှင့် လန့်ဖြန့်ထခုန် ကြသည်။ လိုက်သူမရှိဘဲလျက် ပြေးတတ်ကြသည်။ ထမင်းလုံးတစ္ဆေခြောက်ခံနေရသည်။ မိမိကိုယ်ကို လိပ်ပြာသန့်ရှင်းသူများကား တည်ကြည်သည်။ ဣန္ဒြေရသည်။ ရိုးဖြောင့်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်သည်။

၂၈:  တိုင်းနိုင်ငံသည် စားဝတ်နေရေးမပြေလည်၍သော်၎င်း၊ အာဃာတအမုန်းတရားများ ပွားများလျှင်၎င်း အစိုးရမကြာခဏ အပြောင်းအလဲရှိမည်။ စားဝတ်နေရေး၊ စီးပွားရေးပြေလည်လျှင် အော်သံဟစ်သံသက်သာမည်။ အုပ်စိုးသူအစိုးရမင်းသည် ဉာဏ်ပညာပြည့်ဝ၍၊ မင်းကျင့်တရားနှင့်အညီ ပြည်သူ့အကျိုးစီးပွားသယ်ပိုးလျှင် တိုင်းပြည်သာယာအေးချမ်းမည်။ စည်ပင်ဝပြော၍ ဖွံ့ဖြိုးတိုးတက်မည်။

ဣသရေလမြောက်ပိုင်းနိုင်ငံသည် နှစ်ပေါင်း(၂၀၀)အတွင်းတွင် ဘုရင်(၁၉)ပါး အပြောင်းအလဲ ရှိခဲသည်။ ပျမ်းမျှအားဖြင့် ဘုရင်တပါးသည် (၁၀)နှစ်စီခန့် စိုးစံကြသည်။

၂၈:  မရှိဆင်းရဲသား ကျောမွဲလူတန်းစား၏ ဆင်းရဲချို့တဲ့ခြင်းသည် အဓိကအားဖြင့် ဓနရှင်လူတန်းစား၏ ဖိနှိပ်ချုပ်ချယ်မှု၊ ခေါင်းပုံဖြတ်မှု ဖြစ်သည်။ ထိုဂုတ်သွေးစုတ်လူတန်းစားသည် အချိန်အခါမဟုတ်မိုးရွာသော စပါးဖျက်၊ တန်ဆောင်မုန်းမိုးဖြစ်သည်။ သာသနာဖျက်များဖြစ်သည်။ စင်စစ် မိုးရေ၏တာဝန်မှာ မျိုးစေ့များ ပေါက်ဖွားစေဖို့ အစိုဓါတ်ဖြစ်သော်လည်း၊ စပါးစေ့များကြွေကျပျက်စီးအောင် အချိန်အခါမဟုတ်ချိန်၌ ရွာသွန်းသောမိုးသည် ကျက်သရေမရှိသောမိုး ဖြစ်သည်။

၂၈: ဘုရားသခင်ကိုနှုတ်ကပတ်တော်၊ သမ္မာကျမ်းစာကို ပစ်ပယ်၍ လိုရာဆွဲတွေးပြီး ဒေသန္တာရ အမိန့်လိုက်နာသူများသည် မကောင်းဆိုးဝါးကိုးကွယ်သူများဖြစ်သည်။ မိမိကိုယ်ကို မတရားစီရင်သူများ ဖြစ်သည်။

သမ္မာတရားကို စောင့်ထိန်းသူများသည် အပြစ်ဒုစရိုက်၊ မတရားမှု၏ အခြားတဘက်တွင် ရှိနေသူများဖြစ်၍ ဖြောင့်မတ်မှန်ကန်သူများဖြစ်သည်။

၂၈:  ဆိုးညစ်သူများသည် တရားမျှတမှု၏အနက်အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းမရှိကြ။ သိချင်စိတ်လည်းမရှိကြ။ သိရှိရကောင်းမှန်းလည်း နားမလည်ကြ။

ထာဝရဘုရားကို ခိုလှုံသူများသည် ဖြောင့်မတ်သူများဖြစ်သောကြောင့် တရားမျှတမှု ဉာဏ်ပညာကို သိရှိနားလည်ကြသည်။ ဤကျမ်းချက်သည် ကိုယ်ကျင့်သိက္ခာ၊ သမာသတိနှင့်လည်း နီးစပ်ဆက်နွယ်သည် (ဆာ ၁၁၉:၁၀၀ ကိုလည်းကြည့်ပါ)။

၂၈: ဆင်းရဲသော်လည်း ရိုးသားဖြောင့်မတ်သူသည် ကြွယ်ဝချမ်းသာသော်လည်း ကိုယ်ကျင့်တရားပျက်ပြားသူထက် ကြီးမြတ်သည်။ သူတော်ကောင်းယောင်ဆောင်လျက် အရပ်တကာသို့ လိမ်လည်လှည့်ဖျားသူကို နေအေးထက်မြတ်သည်။ ဆရာအင်္ဂါမပီသဘဲနှင့် ဆရာလိုက်လုပ်တတ်သော တတ်ယောင်ကားများလည်း ထိုအထဲတွင် ပါဝင်သည်။

၂၈:  တရားဓမ္မသတ်ကို စောင့်ထိန်းသောသားသည် ဉာဏ်သတိရှိသူဖြစ်၍ ဘေးရန်ကင်းရှင်းသည်။ ကလေတချေ အောက်တန်းစား၊ အမူးသမားများနှင့် ပေါင်းဖက်သူသည် ဖခင်၏ဂုဏ်သိက္ခာပျက်ပြား ညိုးနွမ်းစေသူ ဖြစ်သည်။

၂၈: မောရှေပညတ်တရားတွင် ဟေဗြဲများသည် အခြားဟေဗြဲများထံသို့ ငွေတိုးချေးစားခြင်းမပြုရန် တားမြစ်ထားသည်။ တပါးအမျိုးသားများထံသို့မူ ချေးစားနိုင်သည်။ သို့သော် ယုဒအစဉ်အလာ လိုက်နာသူများကို ထိုသို့ ငွေတိုးမချေးစားရန် (တရား ၂၃:၁၉-၂၀)။ ယနေ့ခေတ်ကာလတွင်မူ ငွေတိုးချေးစားခြင်း မှိုလိုပေါက်နေသည်။

ငွေတိုးချေးစားသူ သို့မဟုတ် မတန်တဆစီးပွားရှာစားသူသည် သူ့ဥစ္စာပစ္စည်းများ ဆုံးရှုံးဦးမည်။ မရှိဆင်းရဲသားများ ပေးကမ်းထောက်ပံ့ခြင်းအကျိုး သိသောသူလက်ထဲသို့ ရောက်ရှိသွားမည်။

၂၈: ဘုရားသခင်၏ ပညတ်တော်ကိုမသိ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမရှိ၊ လိုက်နာခြင်းမရှိသူ၏ ဆုတောင်းသံသည် ဘုရားသခင်က နားညောင်းခြင်းမရှိ။ စင်စစ် ထိုသူ၏ ဆုတောင်းသံများကို ဘုရားသခင် မုန်းတီးရွာရှာသည်။

ကျောက်တုံးဘုရား၊ ကိုးကွယ်သကဲ့သို့

ဘုရားရှင်ထံ ဒူးထောက်ဆုတောင်းမိသည်။

သို့သော် ထိုဆုတောင်းသံကား

လေတွင်ပျောက်သော ဆုတောင်းစကား

John Burton

၂၈:၁၀ ရိုးဖြောင့်မှန်ကန်သူအား လိမ်လည်လှည့်ဖျား၍ ပြစ်မှားစေသူသည် မိမိကိုယ်တိုင် ထောင်ချောက်ကျင်းထဲသို့ လိမ့်ကျလိမ့်မည်။ သခင်ယေရှုကိုယ်တိုင်က (မ ၁၈:၆)တွင် “ငါ့ကိုယုံကြည်သော သူငယ်တယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြုပ်ခြင်း ခံရလျှင် အနေသာ၍ ကောင်း၏”ဟု သတိပေးထားပါသည်။

သဘောဖြောင့်သောသူမူကား ကောင်းသောအရာတို့ကို အမွေရလိမ့်မည်။ ဤနေရာတွင် သဘောဖြောင့်သူဆိုသည်မှာ အခြားသူများကို အပြစ်ဒုစရိုက်လမ်းမှ သမ္မာလမ်းသို့ ခေါ်ဆောင်သူ ဖြစ်သည်။ သို့မဟုတ် အပြစ်ဒုစရိုက်လမ်းသို့ လုံးလုံးလျားလျား ခြေမလှမ်းသူ ဖြစ်သည်။

၂၈:၁၁ ငွေကြေးဥစ္စာနေရတတ်သူသည် မိမိကိုယ်ကို ပညာရှိလူကြီးလူကောင်းဟု ခံယူထင်မှတ်တတ်သည်။ သူ၏ ချမ်းသာကြွယ်ဝမှု ဓနစည်းစိမ်ကို ဂုဏ်ယူဝင့်ကြွားသည်။ ထိုသူသည် မိမိကိုယ်ကိုပညာရှိဟု လိမ်လည်လှည့်ဖျားသူ ဖြစ်သည်။ ကြွယ်ဝချမ်းသာခြင်းနှင့် ဉာဏ်ပညာကို မခွဲခြားတတ်။

သို့သော် ဆင်းရဲသော်လည်း ဉာဏ်ပညာရှိသူက ထိုသူဌေး၏ မတရားသဖြင့် ငွေရတတ်ခြင်းကို သိရှိသည်။ Charles Lamb က သူ့အား လူရည်မနပ်သဖြင့် မချမ်းသာကြောင်း လာရောက်စွပ်စွဲသူကို မစားရလို့ လျှာမှာမြက်ပေါက်ရင် စားရမည့်အလုပ်မျိုးမလုပ်”ဟု ပြန်ပြောဖူးသည်။

၂၈:၁၂  လူကောင်းသူကောင်းများ တန်ခိုးအာဏာရရှိလာလျှင် ပြည်သူအများက ကောင်းကြီးဩဘာပေးကြသည်။ ဝမ်းမြောက်ရွှင်လန်းကြသည်။ ဆိုးယုတ်သူ အာဏာရရှိလာလျှင်မူကား အသိပညာရှင်၊ အတတ်ပညာရှင်များ ကြက်ပျောက်ငှက်ပျောက်ကြသည်။ ပြည်သူအများ ပုန်းရှောင်ခိုအောင်း ကြသည်။

၂၈:၁၃  အပြစ်ခွင့်လွှတ်ခြင်း(၂)မျိုး ရှိပါသည်။ တရားဥပဒေအရ အပြစ်ကင်းစင်ခွင့်လွှတ်ခြင်းနှင့် မိဘများ၏ ခွင့်လွှတ်ခြင်း ဖြစ်သည်။ ယေရှုခရစ်တော်ကို ကယ်တင်ရှင်ဘုရားသခင်အဖြစ် ယုံကြည်ကိုးစားလျှင် အပြစ်တရားစီရင်ခြင်းမှ ကင်းလွတ်ခွင့် ရရှိပါသည်။ ထိုခွင့်လွှတ်ခြင်းသည် တရားဥပဒေအရ အပြစ်ကင်းစင်ခွင့်လွှတ်ခြင်း ဖြစ်သည်။ ယုံကြည်သူအနေဖြင့် မိမိကိုယ်ကို အပြစ်သားအဖြစ် ခံယူ၍ ဝန်ချတောင်းပန်ခြင်းသည် မိဘများ၏ ခွင့်လွှတ်ခြင်း (၁ယော ၁:၉) ဖြစ်သည်။ ထိုသို့ဖြင့် ဘုရားသခင်အား အဘ ဘုရားသခင်အဖြစ် ဆက်ဆံမှီခိုခွင့် ရရှိကြသည်။

မိမိအပြစ်ကို ဝန်ချတောင်းပန်ခြင်းမပြုဘဲ၊ ဖုံးကွယ်သူသည် ကောင်းကြီးမခံစားရ။ ထိုသူသည် ဘုရားသခင်ကို ဝန်ခံခြင်းမပြုသူ အလင်းထဲသို့မရောက် အမှောင်ထဲတွင် အမိုက်အမှား ကျူးလွန်နေသူ ဖြစ်သည်။ မိမိအပြစ်ဒုစရိုက်ဝန်ခံ၍ ဘုရားရှင်ထံဝန်ခံသူသည် အပြစ်ခွင့်လွှတ်ခြင်း ရရှိရုံသာမက လျှော်ပစ်ခွင့်ရရှိ (ဟေဗြဲ ၁၀:၁၇)သူ ဖြစ်သည်။

၂၈:၁၄ စစ်မှန်သော ပျော်ရွှင်ချမ်းမြေ့ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မွေ့လျော်ခြင်း ဖြစ်သည်။ နောင်တစိတ်မရှိသူသည် စိတ်နှလုံးသာယာချမ်းမြေ့ခြင်းမရှိ။ ဒုက္ခပြဿနာနှင့် အမြဲရင်ဆိုင်နေသူ ဖြစ်သည်။ ဘုရားသခင်က ထိုသူအား မာန်မာနချိုးနှိမ်စေချင်သည်။ အောက်ကျို့စေချင်သည်။ သို့သော် ထိုသို့မလိုက်နာနိုင်။ ကြေမွသောစိတ်သဘောထား မရရှိနိုင်။

၂၈:၁၅  အသားစား သားရဲတိရစ္ဆာန်များသည် ကိုက်စားဖို့ သားကောင်လိုက်ရှာသကဲ့သို့ မင်းဆိုးမင်းညစ်များသည် အားနည်းသောဆင်းရဲသားများအပေါ်သို့ မြေနိမ့်ရာလှံစိုက်ချင်ကြသည်။ ထိုဆိုးယုတ်သော အာဏာရှင်များသည် ဟိန်းဟောက်သောခြင်္သေ့၊ အစာရှာထွက်သောဝံနှင့်တူသည်။

၂၈:၁၆  ဉာဏ်ပညာရှိသော အုပ်စိုးသူမင်းသည် ရိုးသားဖြောင့်မတ်၍ အသိအမြင်ကျယ်ပြောသဖြင့် ဂုဏ်ကျက်သရေတင့်တယ်သည်။ တိုင်းသူပြည်သားလူအများအား ကြွယ်ဝချမ်းသာစေသဖြင့် ပြည်သူ့မေတ္တာ ခံယူသည်။ ပြည်သူ့မေတ္တာခံယူသည်နှင့်အမျှ နန်းသက်ရှည်သည်။ ကိုယ်စိတ်ကျန်းမာချမ်းသာသဖြင့် အသက်လည်းရှည်သည်။ လိမ်လည်ကောက်ကျစ်မှု၊ မတရားမှုများကိုလည်း နှိမ်နှင်းပေးသဖြင့် ပြည်သူများ ဘဝလုံခြုံ၍ စိတ်ချမ်းသာကြသည်။

၂၈:၁၇ လူ့အသက်ကိုသတ်သူ၊ သွေးထွက်သံယို ဖြစ်စေသူသည် မိမိသေတွင်းတူးသူ ဖြစ်သည်။ သင်္ချိုင်းကုန်းသို့ မြန်မြန်ဆန်ဆန်သွားပါစေ။ ဤနေရာတွင် လူ့အသက်သတ်ခြင်းဆိုသည်မှာ ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ခြင်းကို ဆိုလိုသည်။ ထိုသူ့အတွက်တရားဥပဒေမရှိ။ “အကြင်သူသည် လူ၏ အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူ့လက်ဖြင့် သွန်းရမည်” (က ၉:၆)။

၂၈:၁၈ ပထမအချက်သည် အသက်တာပျက်စီးခြင်းမှ ကယ်တင်ခြင်းအကြောင်း ဖြစ်သည်။ ပျက်စီးခြင်း၏ အခြားနောက်ဘဝအကြောင်းမဟုတ်။ လူ့လောကဇာတိနှင့် သက်ဆိုင်သောအပြစ်မှ ကယ်နှုတ်ခြင်းသည် ခရစ်တော်ယုံကြည်ခြင်း၊ ဖြောင့်မတ်စွာနေထိုင်ခြင်းနှင့်မဆိုင်။ ဖြောင့်မတ်စွာ နေထိုင်ခြင်း၏ အသီးအပွင့်သည် ကယ်တင်ခြင်း ဖြစ်သည်။ လူ့ဘဝအသက်တာတွင် ဖြောင့်မတ်မှန်ကန်စွာ နေထိုင်သူများသည် အပြစ်ကင်းစင်ကြသဖြင့် အရေးယူအပြစ်ပေးခြင်းမခံရ။ ဒုက္ခပြဿနာအပေါင်းမှ ကင်းလွတ်ကြသည်။

မိမိကိုယ်တိုင်လည်း သမ္မာတရားနှင့်မနေ၊ အခြားသူများကိုလည်း လမ်းမှားပြသူများသည် ရေရှည်မခံ။ သက်စိုးမရှည်၊ ချက်ချင်းလဲကြမည်။ ခွေးရူးကောင်း တမွန်းတည့်သာခံသည်။

၂၈:၁၉ ဝလင်စွာစားရခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းကို ယှဉ်ပြထားသည်။ ကြိုးစားပမ်းစား လုပ်ကိုင်သော လယ်သမားသည် ဝလင်စွာစားရ၍ လက်ကြောတင်းအောင်မလုပ်သူသည် ငတ်ပြတ်မွဲတေမည်။

၂၈:၂၀ သစ္စာစောင့်သောသူ ဆိုသည်မှာ ရိုးသားဖြောင့်မတ်သူ၊ လောဘမကြီးသူကို ဆိုလိုသည်။ ထိုသူသည် ကောင်းကြီးမင်္ဂလာ ကြွယ်ဝစွာခံစားရမည်။ ဖြတ်လမ်းအားဖြင့် မတရားစီးပွားရှာစားသော ဝိသမ လောဘသမားများသည် အစားမတော်တလုတ်၊ အသွားမတော်တလှမ်းကြောင့် မမျှော်လင့်ဘဲ ရုတ်ခြည်းပျက်စီးနိုင်သည်။

၂၈:၂၁ လူသည် တလုတ်စားဖူး သူ့ကျေးဇူးကြောင့် မျက်နှာသာလိုက်တတ်ကြသည်။ မုန့်တဖဲ့ကြောင့် တရားလွဲတတ်ကြသည်။ သူ့ကျေးဇူးထောက်ရသည်မှာ လူ့သဘာဝယဉ်ကျေးမှု ဖြစ်သော်လည်း ကျေးဇူးတရားနှင့် တရားဓမ္မကို ဝေဖန်ပိုင်းခြားတတ်ရမည်။

၂၈:၂၂ လျင်မြန်စွာ ချမ်းသာချင်သူများသည် တရားသည် မတရားသည်ကို မစဉ်းစားနိုင်။ ငွေနောက်သို့ တကောက်ကောက်လိုက်ကြသည်။ မဲမဲမြင်လျှင် ငွေဟု ထင်ကြသည်။ ထိုငွေသည် မတည်မြဲ။ ချမ်းသာပြီးလျှင် နောက်တခါ ဆင်းရဲနိုင်သည်ကို မစဉ်းစားမိကြ။

၂၈:၂၃ မိတ်ဆွေတဦးက စေတနာသန့်သန့်ဖြင့် ပဲ့ပြင်သော်လည်း ခံရသူသည် စိတ်မကြည်သာ။ ဂုဏ်သိက္ခာထိပါးသည်ဟု ခံယူတတ်ကြသည်။ သို့သော် ကောင်းစေလိုသော စေတနာဖြင့် ပြောခြင်းဖြစ်ကြောင်း၊ သိရှိလာသောအခါ ကျေးဇူးတင်ကြသည်။

မြှောက်ပင့်သောစကားက ချက်ချင်းပျော်ရွှင်စေသည်။ သို့သော် သက်သက်မြှောက်ပင့်မှန်း သိလာသောအခါ တန်ဖိုးမထားတော့ပါ။ ထိုသူသည် တွေ့ကရာ လူတကာကို နှုတ်ဖြင့်မြှောက်၍ ပေါင်းစားသူ ဖြစ်သည်။

၂၈:၂၄ မိဘပစ္စည်းကို မတောင်းယူဘဲ ယူသူသည်လည်း သူခိုးဖြစ်သည်။ မိဘပစ္စည်းခိုးယူခြင်းကို အပြစ်မထိုက်ဟုခံယူသော သားသမီးမိုက်သည် ချက်ချင်းလက်ငင်း ကံကြီးထိုက်သည်။ သို့မဟုတ် ဘုရားသခင်၏ အပြစ်ပေးစီရင်ခြင်းခံရသည် (မာ ၇:၁၁)။ ဘုရားသခင်ကို လိမ်ညာ၍မရပါ။ ထိုသားမိုက်သည် လူသတ်၊ ဓါးမြနှင့် တဂိုဏ်းတည်း ဖြစ်သည်။

၂၈:၂၅ တကိုယ်ကောင်းစိတ်ရှိသူသည် ခိုက်ရန်ဖြစ်ပွားစေတတ်၏။ မိမိထက်ချမ်းသူသူ၊ ရာထူးရှိသူ၊ အာဏာရှိသူများကို မလိုမုန်းတားရန်ပွားလေ့ရှိသည် (ယာ ၄:၁)။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူသည် ငြိမ်သက်ခြင်း ရရှိ၍ ငြိမ်ဝပ်ပိပြားသည်။ ကျေနပ်တင်းတိမ်သည်။

၂၈:၂၆ မိမိကိုယ်ကို ပညာရှိသုခမိန်ထင်မှတ်၍ သူများကို ဆရာကြီးလုပ်သူသည် အရူးဖြစ်သည်။ မိမိအသိပညာကျောက်ချထားသူ ဖြစ်သည်။ တစတစဖြင့် ကျန်ရစ်ခဲ့သည်။ ဘုရားသခင်၏လမ်းပြမှုကို ခံယူသူသည် ပညာရှိရှိလုပ်ဆောင်သည် (ယေ ၉:၂၃-၂၄ ကိုကြည့်ပါ)။

၂၈:၂၇ မိမိကိုယ်ကို ပညာရှိဟုထင်မှတ်သူသည် ဘုရားသခင်၏ ထောက်ပံ့မြှောက်စားခြင်း ခံရမည်။ ဆင်းရဲသားများကို မမြင်ချင်ယောင်ဆောင်သူများသည် ကျိန်ဆဲခြင်းခံရမည်။ ဝမ်းနည်းခြင်း အမျိုးများ ကြုံတွေ့ဝဋ်လည်မည်။

၂၈:၂၈ ဆိုးယုတ်သူ ရာထူးအာဏာရရှိလျှင် အများပြည်သူများသည် စိုးရိမ်ကြောက်လန့်သဖြင့် ပုန်းရှောင်ကြသည်။ ငကန်းပြီးလျှင် ငစွေလာလေ့ရှိသော်လည်း လူကောင်းရောက်လာမည့်အချိန်လည်း ရှိသည်။ လူကောင်းအုပ်စိုးသောအခါတွင်မူ လူကောင်းသူကောင်းအများအပြား ပေါ်ထွန်းလာပြန်သည်။

Previous Article
Next Article